ကျန်းမာလှပတဲ့ အရေပြားပိုင်ဆိုင်ထားခြင်းဟာ လူအများကြား မိမိကိုယ်ကိုယုံကြည်မှုရှိအောင် ထောက်ပံ့ပေးမယ့် အချက်တစ်ခုဖြစ်ပါတယ်။ အရေပြားပေါ်ရှိ ဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ်၊ အမာရွတ်၊ အမည်းစက်တွေဟာ မျက်နှာကိုအလှဖျက်ရုံမက ဝက်ခြံပိုးဝင်ခြင်းကဲ့သို့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ ရစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာလှပတဲ့အရေပြားကိုပိုင်ဆိုင်နိုင်အောင် အသားရေထိန်းသိမ်းတဲ့ Skin Care သုံးတာနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့အချက်တွေ ရှိပါတယ်။
၁။ မိမိအသားရေအမျိုးအစားနဲ့ ကိုက်ညီမှုမရှိတဲ့ မျက်နှာသန့်စင်ဆေး၊ မျက်နှာသစ်ဆပ်ပြာတို့ကို အသုံးပြုနေခြင်းကို သတိပြုသင့်ပါတယ်။ ဝက်ခြံထွက်တဲ့ အသားအရေရှိလျှင် Salicylic Acid, Benzoyl Peroxide ပါဝင်တဲ့မျက်နှာသန့်စင်ဆေး၊ ခြောက်သွေ့တဲ့အသားအရေရှိလျှင် အစိုဓာတ်ထိန်းပေးတဲ့ မျက်နှာသန့်စင်ဆေး အမျိုးအစား၊ အမည်းစက်များတဲ့အသားအရေရှိလျှင် Glycolic Acid ပါဝင်တဲ့မျက်နှာသန့်စင်ဆေးတို့ ရွေးချယ်သုံးပြီး အရေပြား အတွင်းပိုင်းထိ နှစ်ဆင့်သန့်စင်ပေးခြင်း Double Cleansing ပြုလုပ်ပေးရပါမယ်။
၂။ အသားရေထိန်းသိမ်းတဲ့ အလှကုန်တွေကို မတူညီတဲ့အမျိုးအစား၊ တံဆိပ်အမျိုးမျိုးကို ပြောင်းလဲအသုံးပြုခြင်းကလည်း Skin Care အသုံးပြုခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့အချက်ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအမျိုးမျိုး ဓာတ်ပြုနိုင်ခြင်း၊ အရေပြားမှ မတူညီတဲ့ဓာတ်ပေါင်းအမျိုးမျိုးရဲ့ အာနိသင်တွေကို တုံ့ပြန်မှုရှိတဲ့အတွက် ဓာတ်မတည့်ခြင်း၊ အဖုအပိန့်ထွက်ခြင်း စတာတွေဖြစ်တတ်လို့ ဆင်ခြင်သင့်ပါတယ်။
၃။ အရေပြားအပေါ်ယံလွှာရှိ ဆဲလ်အသေအဟောင်းတွေကို ပြင်းထန်တဲ့ Exfoliants တွေ၊ အရေပြားကြေးချွတ် Scrub တွေ အသုံးပြုပြီး ဖယ်ရှားခြင်းကို အလွန်အကျွံလုပ်ခြင်းက အရေပြားအပေါ်ယံခံတပ် Skin Barrier ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တိုက်စားမှု အနည်းငယ်ပြင်းတဲ့ Peeling- Chemical Exfoliant တွေကို အရေပြားဆရာဝန်၊ အလှအပရေးရာဆရာဝန်တွေရဲ့ ညွှန်ကြားချက်ဖြင့်သာ ပြုလုပ်သင့်ပါတယ်။
၄။ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်၊ မီးအပူဒါဏ်တွေကနေ ကာကွယ်ပေးတဲ့ Sun Protection Factor- SPF ပါဝင်တဲ့ နေရောင်ကာလိမ်းဆေး ပုံမှန်အသုံးမပြုခြင်းကိုလည်း သတိပြုသင့်ပါတယ်။ နေရောင်ကာလိမ်းဆေးမလိမ်းဘဲ နေပူထဲထွက်လျှင်၊ မီးဖိုနဲ့နီးကပ်စွာနေလျှင် ဒါမှမဟုတ် အိမ်ထဲမှာပဲ နေရောင်ခြည်ဒဏ်ခံရပြီး ဝက်ခြံ၊ တင်းတိပ်၊ နေလောင်ဒဏ်၊ အမည်းစက်တို့ကို ပိုဖြစ်စေနိုင်ပါတယ်။
၅။ အရေပြားအစိုဓာတ်ကိုထိန်းရန် အရေပြားလိမ်းအလှကုန်ကို မနက်၊ ည တစ်နေ့နှစ်ကြိမ် အသုံးပြုပေးရပါမယ်။ မိမိအသားအရေနဲ့ကိုက်ညီမယ့် အစိုဓာတ်ထိန်းခရင်မ် Moisturizer တစ်မျိုးမျိုးကို မျက်နှာသန့်စင်ပြီးတာနဲ့ ပုံမှန်လိမ်းရန် သတိထားရပါမယ်။
၆။ မီးဖိုချောင်သုံး အသီးအနှံတချို့ကို မျက်နှာပေါ်တိုက်ရိုက်တင်ပြီး အသုံးပြုခြင်းဟာ ဓာတ်မတည့်ခြင်း၊ အရေပြားလောင်ခြင်းကဲ့သို့ ပြဿနာတွေဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။ အရေပြားအတွင်းပိုင်းကို သန့်စင်ပေးတဲ့ မျက်နှာပေါင်းတင်ခရင်မ် Clay Mask၊ အစိုဓာတ်ဖြည့် ပေါင်းတင်ကပ်ခွာ Face Mask စတာတွေကို ပုံမှန်အသုံးပြုပေးနိုင်ပါတယ်။
၇။ မျက်နှာအရေပြားကို လက်နဲ့ခဏခဏ ကိုင်တွယ်တာ၊ ဝက်ခြံကို လက်နဲ့ကုတ်ဖဲ့တာမျိုးကို မပြုလုပ်မိအောင် သတိထားရပါမယ်။ မသန့်ရှင်းတဲ့လက်နဲ့ထိတွေ့မှုကြောင့် ဝက်ခြံထွက်ခြင်း၊ ပိုးဝင်ခြင်း၊ အသားအရေတွန့်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ရှောင်ကျဉ်ရပါမယ်။
အသားရေထိန်းသိမ်းတဲ့ Skin Care ပစ္စည်းအမျိုးအစားတွေ များပြားလှတဲ့ ယနေ့ခေတ်မှာ မိမိအသားအရေအမျိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပြီး သတိပြုသင့်တဲ့အချက်တွေကို ဂရုပြုလိုက်နာခြင်းဖြင့် ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Author: Dr. Yee Mon