ဘယ်အရွယ်က အသားအရေကိုပြန်လိုချင်လဲဆိုတဲ့ မေးခွန်းကိုမေးခံရရင် အဆီဖု၊ ဝက်ခြံ ဘာမှမရှိသေးတဲ့ အကောင်းဆုံး အသားအရေ အခြေအနေရှိတဲ့ ဆယ်ကျော်သက်အရွယ်က အသားအရေလို့ ဖြေကြမှာပါဘဲ။ တစ်ခုရှိတာက ကြီးကောင်ဝင်ချိန် ဟော်မုန်းပြောင်းလဲတဲ့ ၁၅-၁၆ နှစ်လောက်မှာ ကောင်းနိုးရာရာတွေ အလှကုန်တွေ အသုံးပြုပြီး အသားအရေနဲ့ သင့်လျော်တဲ့ ထိန်းသိမ်းမှုမျိုးကို သေချာဂရုမစိုက်နိုင်ရင် အရေပြားအပေါ်ယံခံတပ် skin barrier လုံးဝကို ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် အရွယ်မှာထဲက အသားအရေကို နည်းလမ်းလမ်းမှန်မှန်နဲ့ ထိန်းသိမ်းဖို့ အခြေခံကျတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မျက်နှာသစ်ဆေးပျော့တာလေးတွေရွေးသုံးပါ။
ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကိုယ့်အသားအရည်နဲ့ လိုက်ဖက်ပြီး ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေမပါတဲ့ cleanser ကောင်းကောင်းလေးသုံးပေးဖို့ လိုအပ်ပါတယ်။ Oily skin လိုမျိုးဆို salicylic acid ပါတဲ့ cleanser မျိုး၊ Dry skin ဆိုရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ cleanser မျိုး သုံးပေးလို့ရပါတယ်။
မျက်နှာအစိုဓာတ်ထိန်း ခရင်မ် moisturizer လိမ်းပါ။
ဆယ်ကျော်သက် အသားအရည်ဟာ ကောင်းပြီးသားမို့ skincare step တွေအများကြီးမလိုပါဘူး။ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးမျိုးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းရုံနဲ့တင် လုံလောက်ပါတယ်။ အစိုဓာတ် ပြည့်ဝနေတဲ့ အသားအရည်ဟာ ဝက်ခြံ၊ အဆီဖု၊ အမည်းစက်၊ အသားခြောက်သွေ့တာတွေ မဖြစ်အောင် တားဆီးပေးပါတယ်။
SPF ပါတဲ့ နေလောင်ကာခရင်မ် လိမ်းပါ။
နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် UV rays တွေဟာ နေလောင်ဒါဏ်၊ အမည်းစက်၊ ဝက်ခြံ၊ တင်းတိပ်နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေ ပေါ်ခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။ ဘယ်လောက် skincare လုပ်ပါစေ၊ suncream မလိမ်းရင် အသားအရေပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။
ဝက်ခြံတွေဖြစ်လာရင် ဝက်ခြံကိုအရင်ကုပါ။
Hormone changes ကြောင့် ဝက်ခြံပေါက်လာတာဟာ hormone level ပုံမှန်ပြန်ရောက်သွားရင် ပျောက်သွားတာပါ။ ဒါပေမဲ့ ဝက်ခြံထွက်နေတုန်းမှာ ပျောက်ချင်ဇောနဲ့ အိမ်တွင်းနည်းလမ်းတွေနဲ့ ကုတာ (ဥပမာ – ရှားစောင်းလက်ပတ်၊ သံပုရာသီး၊ ဆော်ဒါ စတာတွေနဲ့ ဝက်ခြံကို ပွတ်ပစ်တာမျိုး) တွေမလုပ်ရပါဘူး။ ဝက်ခြံတွေရှိနေစဥ်မှာ cleanser ပျော့တာလေးတွေ ရွေးသုံးပြီး ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ တတ်နိုင်ရင် အရေပြားဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါဘဲ။
မျက်နှာကို လက်နဲ့ခဏခဏ မထိပါနဲ့။
တချို့သူတွေမှာ လက်နဲ့မျက်နှာကို ခဏခဏ ထိနေတဲ့အကျင့်ရှိတာကြောင့် ဝက်ခြံတွေရှိနေရင် လက်မှာရှိတဲ့ ပိုးမွှားတွေကတဆင့် ပိုးဝင်ပြီး ပိုဆိုးတတ်ပါတယ်။ ဝက်ခြံကို လက်နဲ့ကုတ်ဖဲ့တာ၊ ညစ်တာ၊ ဆိတ်တာမျိုးတွေ ရှောင်ကျဉ်ပေးပါ။ ဖုန်းပြောတဲ့အခါလည်း တတ်နိုင်သမျှ ဖုန်းမျက်နှာပြင်ကို မျက်နှာနဲ့ ကပ်မပြောဘဲ speaker ဖွင့်ပြောတာ၊ နားကြပ်တပ်ပြောတာမျိုးက ကောင်းပါတယ်။
ညအိပ်ယာဝင်တဲ့အခါ မျက်နှာသစ်အိပ်ပါ။
ဒီတစ်ချက်က လုပ်ကိုလုပ်ရမဲ့အချက်ပါ။ တစ်နေကုန် စုထားတဲ့သနပ်ခါး၊ မိတ်ကပ်၊ ဖုန်နဲ့ အညစ်အကြေးတွေကို မဖျက်ဘဲအိပ်တဲ့အခါ ဝက်ခြံ၊ ဆားဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။
အသားအရေလေး ကျန်းမာလှပဖို့ရာ မျက်နှာကိုဘဲ ဂရုစိုက်နေလို့မရပါဘူး၊၊ ခန္ဓာကိုယ်အတွင်းကပါ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ရေများများသောက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအစာ ညီညွတ်မျှတအောင် စားတာ၊ သွေးလည်ပါတ်မှုကောင်းအောင် လေ့ကျင့်ခန်းလုပ်တာ၊ ဒီအချက်တွေကိုလဲ လိုက်နာဖို့လိုပါတယ်။ အသားအရေ ပျက်စီးသွားမှ ကုသတာမျိုးထက် ဆယ်ကျော်သက် အရွယ်ကတည်းက အသားအရေကို ပုံမှန်လေး ဂရုစိုက်မှသာ skin problem တွေနည်းပြီး ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်မှာပဲဖြစ်ပါတယ်။