လူသားအပါအဝင် သက်ရှိမျိုးကွဲများ ရှင်သန်တည်ရှိဖို့ မျိုးပွါးမှုဟာ အလွန်အရေးကြီးသော အချက်ဖြစ်ပါတယ်။ မျိုးပွါးစနစ်နှင့် ဆက်နွယ်လျက်ရှိသော ဗီတာမင်နှင့်သတ္တုဓါတ်ဆိုတာနဲ့ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဒီ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ ဆီလီနီယမ်နှင့် ဇင့်ဓါတ်တို့ကို အဓိကညွှန်ပြနိုင်ပါတယ်။ ထိုဗီတာမင်နှင့် သတ္တုဓါတ်များအနက် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဓါတ်တိုးဆန့်ကျင်သတ္တိရှိသော သတ္တုဓါတ်မှာ ဇင့်ဓါတ်ဖြစ်ပါတယ်။ ဇင့်ဓါတ်ဟာ အမျိုးသားသုတ်ကောင် spermatozoa ဖြစ်ပေါ်ကြီးထွားခြင်း၊ အမျိုးသမီး သားဥကြွေခြင်း ovulation နှင့် မျိုးအောင်ခြင်း fertilization တို့အတွက် လိုအပ်သောသတ္တုဓါတ်ဖြစ်ပါတယ်။
အမျိုးသားများရဲ့ သုတ်ရည်ထဲမှာ ဇင့်ဓါတ်များပြားစွာပါဝင်ပြီး သုတ်ရည်ရှိဇင့်ဓါတ်ဟာ သွေးတွင်းရှိပမာဏထက် အဆ ၃၀ ပိုများပါတယ်။ ဇင့်ဓါတ်ဟာ သုတ်ကောင်အရေအတွက်ပမာဏ၊ သုတ်ကောင်ပုံစံ ဖွဲ့စည်းတည်ဆောက်မှုနှင့် အဓိကသက်ဆိုင်ပါတယ်။ လေ့လာချက်များအရ မျိုးအောင်နိုင်စွမ်းမြင့်သူများနှင့် မျိုးမအောင်သူများရဲ့ သုတ်ရည်ရှိ ဇင့်ပမာဏကို နှိုင်းယှဉ်ကြည့်ရာ မျိုးအောင်နိုင်စွမ်းမြင့်သူများတွင် သုတ်ရည်ရှိ ဇင့်ပမာဏများပြီး မျိုးမအောင်သူများတွင် သုတ်ရည်ရှိဇင့်ပမာဏ နည်းနေတာကိုလည်း တွေ့ရှိရပါတယ်။
အမျိုးသား မျိုးပွါးဟော်မုန်း တက်စရိုစထရုန်း testosterone ပမာဏဟာ ဇင့်ဓါတ်ချို့တဲ့သူများတွင် လျော့နည်းတတ်ပါတယ်။ အသက်ကြီးလာတာနဲအမျှ ခန္ဓာကိုယ်တွင် ဇင့်ဓါတ်ချို့တဲ့နိုင်ချေ ပိုများတတ်ပြီး မျိုးအောင်နိုင်စွမ်း ကျဆင်းလာတာကို age-related infertility တွေ့ရတတ်ပါတယ်။ အမျိုးသားတယောက် ဇင့်ဓါတ်ချို့တဲ့လျှင် သုတ်ကောင်အရေအတွက်ရော အရည်အသွေးပါ ထိခိုက်ကာ မျိုးအောင်နိုင်စွမ်း လျော့ကျနိုင်ပါတယ်။
ဇင့်ဓါတ်ဟာ အီစထရိုဂျင်ဟော်မုန်း estrogen နှင့် ပရိုဂျက်စထရုန်း progesterone တို့ကို ထိန်းညှိပေးခြင်းဖြင့် အမျိုးသမီးများရဲ့ လစဉ်ရာသီစက်ဝန်းနှင့် မျိုးဥကြွေခြင်းကို ကူညီပေးပါတယ်။ ဇင့်ဓါတ်ချို့တဲ့လျှင် ဟော်မုန်းမညီမျှဘဲ သားဥအိမ်ဖွံ့ဖြိုးမှုနှင့် ရာသီစက်ဝန်း mensural cycle ပုံမမှန်ဖြစ်လာတတ်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများတွင် ဇင့်ဓါတ်ကိုမှီဝဲပေးခြင်းဖြင့် တက်စရိုစထရုန်း testosterone ဟော်မုန်းနှင့် လိင်မှုရေးရာလုပ်ဆောင်မှုများကို တိုးတက်စေနိုင်ပါတယ်။
ဇင့်ဓါတ်ဟာ ဖော်လိတ်ဓါတ် folate နှင့်အတူ ဆဲလ်များဖြစ်ပေါ်စေသော ဖြစ်စဉ်တွင် ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ဇင့်ဓါတ်ချို့တဲ့လျှင် ကလေးအဖတ်မတင်ပဲ သားလျှောခြင်း spontaneous abortion၊ အချင်းပုံမမှန်ခြင်း placental abnormalities၊ ကိုယ်ဝန်ဆိပ်တက်ခြင်း pregnancy-related toxemia၊ ကိုယ်ဝန်လမပြည့်ဘဲ သို့မဟုတ် ရက်လွန်ပြီး မီးဖွားခြင်း extended pregnancy or prematurity၊ သန္ဓေသား ကိုယ်အဂ်ါအစိတ်အပိုင်း ချို့ယွင်းခြင်း malformations နှင့် သန္ဓေသားကြီးထွားမှု ရပ်တန့်ခြင်း retarded growth တို့ ဖြစ်ပေါ်နိုင်ပါတယ်။
အစားအစာများအနက် ခရု၊ ကမာကဲ့သို့ ပင်လယ်စာများ၊ အနီရောင်အသားများ၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်းများတွင် ဇင့်ဓါတ်ပါဝင်ပါတယ်။ အမျိုးသားများရဲ့ တနေ့တာ ဇင့်ဓါတ်လိုအပ်မှု ပမာဏဟာ ၁၂ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးများရဲ့ ပမာဏဟာ ၈ မီလီဂရမ် ဖြစ်ပါတယ်။
ဇင့်ပါဝင်သော ဖြည့်စွက်အားဆေးအသုံးပြုလျှင် တနေ့ကို ၃၀ မီလီဂရမ်ထက် ပိုပြီးသုံးစွဲခြင်း မပြုသင့်ကြောင်းကျန်းမာရေးပညာရှင်များက ညွှန်ကြားလေ့ရှိပါတယ်။
ကလေးရရန် ခက်ခဲနေသော အမျိုးသားများကို ဇင့်ဓါတ်အားဖြည့်ဆေးများ ပေးပြီးနောက် သုတ်ရည်ပမာဏ၊ သုတ်ကောင်ရဲ့ ရွေ့လျားနိုင်မှုစွမ်းအား၊ အရည်အသွေး ပြည့်ဝသော သုတ်ကောင်ပါဝင်မှုပမာဏများ ကောင်းမွန်လာကြောင်း သုတေသန တွေ့ရှိချက် (၆)ခုက ဖော်ပြထားပါတယ်။ ကလေးရလိုသော အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သွေးဆုံးပြီးသူများ၊ သားဥအိမ်ရောဂါရှိသူများ polycystic ovary syndrome (PCOS) များအတွက် ဇင့်ဓါတ်ဟာ ကောင်းကျိုးများ ပေးစွမ်းနိုင်ပါတယ်။
Author: Dr.Yee Mon