အိပ်စက်ခြင်းဟာ နေ့စဉ်ကြုံတွေ့ရသော ဘဝရဲ့စိန်ခေါ်မှုများနှင့် စိတ်ဖိစီးမှုများကို ပြေလျော့သက်သာစေတဲ့အားသစ်များ ပြန်လည်တည်ဆောက်သော အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ညဘက်တွင် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းဟာ လွန်စွာအရေးပါလှပါတယ်။ အကယ်၍ ညဘက်အိပ်စက်နေစဉ်အချိန်တွင် ခြေသလုံးကြွက်သားနာကျင်ခြင်းများ ဖြစ်ပေါ်လာပါက ကောင်းမွန်စွာအိပ်စက်နိုင်ရန် အခက်အခဲများဖြစ်လာတတ်ပါတယ်။
ခြေသလုံးကြွက်သားနာကျင်ခြင်း အမျိုးအစားများ
ခြေသလုံးကြွက်သားနာကျင်ခြင်းအမျိုးအစားများဟာ ဖြစ်ပွားရတဲ့အကြောင်းရင်း တူညီလေ့ရှိသော်လည်း တစ်ဦးနှင့်တစ်ဦး သို့မဟုတ် တစ်ညနှင့်တစ်ည ခံစားရသည့် နာကျင်ခြင်းပုံစံမတူညီနိုင်ပါ။
ညဘက်တွင် ခြေသလုံးကြွက်သားနာကျင်ခြင်းကိုဖြစ်ပွားစေတဲ့ အဖြစ်များသော အကြောင်းရင်း (၃) ခု ရှိပါတယ်။
- ကြွက်တက်ခြင်း
- ကြွက်သားနာကျင်ခြင်း
- အခြားနေရာရှိ အခြားအခြေအနေတစ်မျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွင် လာရောက်နာကျင်ခြင်း (Referred Pain) တို့ ဖြစ်ကြပါတယ်။
ကြွက်တက်ခြင်းကြောင့် နာကျင်ခြင်း
ကြွက်တက်ပြီးနာကျင်တဲ့အခါ အလွန်ဆိုးရွားပြင်းထန်ကြောင်း ကြွက်တက်ဖူးသောသူတိုင်း သိကြလေ့ရှိပါတယ်။ထိုသို့ ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်အထိသာ ကြာနိုင်သော်လည်း နာကျင်မှုမှာ တစ်ခါတစ်ရံ ရက်အနည်းငယ်အထိ ခံစားနေရတတ်ပါတယ်။ ကမ္ဘာပေါ်ရှိ လူအားလုံးရဲ့ ၆၀% ခန့်ဟာ ညဘက်တွင် ကြွက်တက်သောဝေဒနာကို တွေ့ကြုံခံစားဖူးလေ့ရှိကြောင်းခန့်မှန်းထားကြပါတယ်။
ကြွက်သားနာကျင်ခြင်း
ကြွက်သားနာကျင်ခြင်းဟာ ညဘက်တွင် ခြေထောက်နာကျင်ခြင်းကို ဖြစ်စေသော အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ ထိုသို့ ကြွက်သားနာကျင်ခြင်းကိုဖြစ်စေသော အကြောင်းအရင်းများစွာရှိပါတယ်။ ဒါ့ပြင် နာကျင်သောပမာဏမှာလည်း အနည်းငယ်မှ ပြင်းထန်ဆိုးရွားသော အခြေအနေအထိ အမျိုးမျိုးရှိနိုင်ပါတယ်။
Referred pain
Referred pain ဟာခြေသလုံးကြွက်သားများတွင် နာကျင်စေသော အကြောင်းအရင်း အမှန်တကယ်မရှိဘဲ ခန္ဓာကိုယ်ရဲ့ အခြားနေရာရှိ အခြား အကြောင်းအရင်းတစ်ခုခုကြောင့် ခြေသလုံးကြွက်သားများ လိုက်လံနာကျင်ခြင်းဖြစ်ပါတယ်။
ဘယ်အချိန်မှာဆရာဝန်နှင့် ပြသသင့်သလဲ?
အကယ်၍ကြွက်သားနာကျင်ခြင်းဟာ ကြွက်သားများကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ကြွက်သားများ ဒဏ်ဖြစ်ပြီး နာကျင်ခြင်းမဟုတ်ခဲ့လျှင်၊ ကြွက်တက်ခြင်းကြောင့် မဟုတ်ခဲ့လျှင် ဆရာဝန်နှင့်ပြသတိုင်ပင်ပြီး နာကျင်ရသောအကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။ (နာကျင်မှုကို ဖြစ်စေသော အကြောင်းရင်းများစွာအနက် ရေဓာတ်ခန်းခြောက်ခြင်းဟာလည်း ခြေသလုံးကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ ထိုအချိန်တွင် ဆီးအရောင်ဟာ ပုံမှန်အတိုင်း ကောက်ရိုးခြောက်ရောင်ရှိရမယ့်အစား အဝါရောင်ရင့်ရင့်ဖြစ်နေတတ်ပါတယ်။ ထိုအခါ ရေများစွာသောက်သုံးပြီး ခန္ဓာကိုယ်တွင် လုံလောက်သောရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးခြင်းအားဖြင့် ကြွက်တက်ခြင်းနှင့် ကြွက်သားနာကျင်ခြင်းများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။)
အကယ်၍အချိန်အတော်ကြာတဲ့အထိ မလှုပ်မရှားဘဲနေပြီးနောက် သို့မဟုတ် အချိန်အတော်ကြာတဲ့အထိ ကောင်းစွာလှုပ်ရှားမှုမရှိဘဲ ခရီးသွားလာပြီးနောက် ခြေထောက်နာကျင်မှုဖြစ်ပေါ်ခဲ့ပါက ထိုနာကျင်မှုဟာ သွေးကြောအတွင်းရှိသွေးခဲများနှင့် ပတ်သက်နေနိုင်ပါတယ်။ ထိုအခြေအနေဟာ ဂရုပြုရမယ့် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ထိုအခြေအနေမျိုးတွင် နီးစပ်ရာ ဆရာဝန် သို့မဟုတ် အရေးပေါ်ဌာနသို့ သွားရောက်ကာ ကုသမှုခံယူသင့်ပါတယ်။
Author: Dr. CK