ကလေး၊ လူကြီး၊ ကျား၊မ မရွေး ဝမ်းချုပ်ဖူးကြပါလိမ့်မယ်။ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းကလည်း များစွာ ရှိနိုင်ပါတယ်။ မကြာခဏ ဝမ်းချုပ်တဲ့အခါ နေထိုင်စားသောက်မှုပုံစံကို ပြောင်းမှသာ သက်သာနိုင်ပါလိမ့်မယ်။
ဝမ်းချုပ်တယ်ဆိုတာ…
• တစ်ပတ်အတွင်းမှာ ၃ ကြိမ်ထက်ပိုပြီး ဝမ်းမသွားတာ
• သွားတဲ့ဝမ်းက မာခြောက်ပြီး ဆိတ်ချေးတုံးလို ကျစ်နေတာ
• ဝမ်းသွားတဲ့အခါ အားစိုက်ညှစ်ရတာ
• ဝမ်းသွားစဉ် စအိုကနာတာ
• ဗိုက်အောင့်လေပွပြီး မအီမသာကြီး ဖြစ်နေတာတွေကို ဆိုလိုတာပါ။
ဘာကြောင့် ဝမ်းချုပ်ရသလဲ?
ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ…
• အမျှင်ဓာတ်လုံလောက်အောင် မစားခြင်း (အမျှင်ဓာတ်ကို သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေကနေ ရနိုင်ပါတယ်)
• ရေလုံလောက်စွာ မသောက်ခြင်း
• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မလုပ်ခြင်း
• ထိုင်နေချိန်၊ အိပ်နေချိန်များခြင်း
• ဝမ်းသွားချင်တဲ့အချိန်မှာ အောင့်ထားတတ်ခြင်း
• သုံးစွဲနေရတဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး အနေနဲ့ ဝမ်းချုပ်ခြင်း (ဥပမာ-ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ဝမ်းချုပ်စေပါတယ်)
• စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျရောဂါရှိခြင်းတွေ ပါဝင်ပါတယ်။
• ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီး တစ်လခွဲခန့်အထိ ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရတတ်ပါတယ်။
• အဖြစ်နည်းပေမယ့် တချို့သော ရောဂါတွေ (အူပိတ်တာ၊ အူပေါက်တာ စသည်) မှာလည်း ဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။
မကြာခဏ ဝမ်းချုပ်တာဟာ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဝမ်းချုပ်လေ့ရှိသူတွေဟာ မအီမသာဖြစ်ပြီး နေရထိုင်ရခက်တာမျိုးကနေ အူမကြီးကင်ဆာ ဖြစ်သည်အထိ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
ဝမ်းမချုပ်အောင် ဘာလုပ်ရမလဲ?
• အစားအသောက်ပုံစံကို ပြောင်းပါ။ အချိုနဲ့ အဆီအစိမ့်တွေ လျှော့ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေ များများစားပါ။
• ရေများများသောက်ပါ။ တစ်နေ့ကို ရေ ၃ လီတာ အနည်းဆုံးသောက်ပါ။ ပူတဲ့ရာသီဥတုမှာ ပိုသောက်ပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေလည်း သောက်လို့ရပါတယ်။
• တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပါ။ လမ်းလျှောက်ရင်လည်း ရပါတယ်။
• တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား နေပါ။ ငြိမ်ပြီး သီချင်းနားထောင်တာမျိုးထက် မြူကြွတဲ့ မြူးဇစ်တွေ ဖွင့်ထားပြီး ကခုန်တာမျိုးက ပိုကောင်းပါတယ်။
• ဝမ်းသွားချင်ရင် အောင့်မထားဘဲ ချက်ချင်းသွားပါ။
• အချိန်မှန် ဝမ်းသွားတဲ့ အလေ့အကျင့်ကို လုပ်ထားပါ။ ဥပမာ…မနက် ၆ နာရီ မှာ ပုံမှန် toilet ဝင်တာမျိုး လုပ်ထားရင် အချိန်မှန် ဝမ်းသွားတဲ့အကျင့် ရလာပါလိမ့်မယ်။
• စိတ်ဖိစီးမှုလျော့အောင် တရားထိုင်ပါ။ Mindfulness သတိနဲ့နေတဲ့အကျင့် လုပ်ပါ။
• ဝမ်းနှုတ်ဆေးတွေ သောက်တာက မကောင်းပေမယ့် အရမ်းမအီမသာဖြစ်ရင် ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးတွေ သုံးလို့ရပါတယ်။ ဝမ်းနှုတ်ဆေးကို အမြဲသောက်နေရင်တော့ စအိုက ကြွက်သားတွေက ဝမ်းနှုတ်ဆေးမသောက်ရင် အလုပ်မလုပ်တော့တဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။
အကယ်၍ ဝမ်းချုပ်တာက အချိန်အတန်ကြာတဲ့ထိ မသက်သာရင်၊ ဝမ်းသွားတဲ့အခါ သွေးပါရင်၊ ဗိုက်ဖောင်းလာပြီး လေတွေတဗုန်းဗုန်းနဲ့ ဖြစ်နေရင်၊ ဗိုက်အောင့်ရင်၊ အဖျားရှိလာရင်၊ ဝမ်းနှုတ်ဆေးသောက်တာတောင် ဝမ်းမသွားရင်၊ အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်ကျလာရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
“ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး” လို့ အဆိုရှိပါတယ်။ ခေါင်းမခဲဖို့အပြင် အူမကြီးကင်ဆာ ဖြစ်ခြင်းမှလည်း ကင်းဝေးစေဖို့ ဝမ်းချုပ်တတ်တဲ့ အကျင့်ရှိနေရင် အခုကစပြီး ပြုပြင်ဖို့ ကြိုးစားလိုက်ကြရအောင်နော်။
Author: Dr.Yee Mon