ရာသီဥတုအပြောင်း မိုးလေးနည်းနည်း မိလိုက်တာနဲ့ နှာလေးတရှုံ့ရှုံ့၊ ချောင်းလေးတဟွတ်ဟွတ် ဖြစ်လာတတ်တဲ့သူတွေ ရှိကြလား? အခန့်မသင့်ရင် ဖျားတာ၊ လည်ချောင်းနာတာတွေပါ ဖြစ်ပြီး တုပ်ကွေးပါ ကွေးတတ်ကြသေးတာနော်။ ဒီလို အအေးမိ၊ နှာစေးတာတွေက မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာတွေပါပဲ။
မိုးရာသီမှာ နှာစေး၊ ချောင်းဆိုးတာမျိုး ဘာလို့အဖြစ်များတာလဲ?
• ပုံမှန်အားဖြင့် နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ရှိတဲ့ အမွှေးမျှင်လေးတွေ၊ အကျိအချွဲတွေက ပြင်ပက ဝင်လာတဲ့ ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်ပေးပါတယ်။ စိုစွတ်ပြီး အေးတဲ့. ရာသီဥတုတွေမှာ အဆိုပါ ကာကွယ်တဲ့စနစ်က အားနည်းသွားတဲ့အတွက် ရောဂါပိုး ဝင်ရောက်လွယ်လာတာပါ။
• မိုးရာသီမှာ နေရောင်ခြည်ကနေ ကိုယ်ခံအားကို ကောင်းစေတဲ့ ဗိုက်တာမင် ဒီရရှိမှု နည်းသွားတဲ့အတွက် ကိုယ်ခံအား ကျလာပြီးရောဂါရလွယ်ပါတယ်။
• အအေးမိ၊ တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေဟာ ပူအိုက်တဲ့ ရာသီထက် အေးပြီး စိုစွတ်တဲ့ ရာသီတွေမှာ ပိုပြီးတော့ ရှင်သန်နိုင်တာကလည်း ရောဂါဖြစ်နှုန်းကို ပိုများစေပါတယ်။
• လူထူထပ်တဲ့နေရာတွေမှာ၊ အလုံပိတ်အခန်းတွေထဲမှာ အအေးမိ၊ တုပ်ကွေး ဖြစ်နေသူက နှာခေါင်းနဲ့ ပါးစပ်ကို မအုပ်ဘဲ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ၊ ဗိုင်းရပ်စ်တွေ ကပ်ငြိနေတဲ့ မျက်နှာပြင်တွေ၊ အရာဝတ္ထုတွေကို ကိုင်တွယ်ပြီး လက်ကို ဆပ်ပြာနဲ့ မဆေးတဲ့အခါ တစ်ဦးကနေ တစ်ဦးကို လွယ်ကူလျင်မြန်စွာ ကူးစက်နိုင်ပါတယ်။
နှာစေး၊ ချောင်းဆိုး မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ?
(၁) တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ
ကိုဗစ်ရောဂါတုန်းကလိုပါပဲ၊ လက်ကို ခဏခဏ ဆေးရပါမယ်။ ဆပ်ပြာနဲ့ ဖြစ်စေ၊ hand gel နဲ့ ဖြစ်စေ သန့်ရှင်းရေး လုပ်ပေးပါ။ ဖြစ်နိုင်ရင် အိမ်မှာ၊ ရုံးမှာ ရှိတဲ့ ပရိဘောဂတွေ၊ မျက်နှာပြင်တွေ၊ တံခါးလက်ကိုင်တွေကို သန့်ရှင်းရေး လုပ်ပါ။
(၂) ကျန်းမာအောင် နေထိုင်စားသောက်ပါ
လတ်ဆတ်တဲ့ သစ်သီးနဲ့၊ ဟင်းသီးဟင်းရွက်တွေမှာ ရောဂါတွေကို ကာကွယ်နိုင်တဲ့ ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ်ထမင်းစားတဲ့အခါ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲတွေ ပါဝင်အောင် စားပါ။ အရက်နဲ့ လက်ဖက်ရည်၊ ကော်ဖီတွေ သောက်မယ့်အစား နွေးထွေးပြီး အင်အားပြည့်ကာ ကိုယ်ခံအား ကောင်းစေမယ့် စွပ်ပြုတ်ပူပူလေး နဲ့ green tea စသည်ကို သောက်ပါ။ နေ့စဥ်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကလည်း ကိုယ်ခံအားကောင်းပြီး လန်းဆန်းစေပါတယ်။ အိပ်ရေးဝအောင် အိပ်ဖို့လည်း အရေးကြီးပါတယ်။
(၃) ရေများများသောက်ပါ
ရာသီဥတုက အေးနေတော့ ရေမဆာလို့ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေများများသောက်တာက ကိုယ်ခံအား ကောင်းစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
(၄) မိသားစုထဲမှာ ဖြစ်နေရင် ဂရုစိုက်ပါ
မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေပဲ ဖြစ်ဖြစ် နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ရင် တစ်ဦးကနေတစ်ဦးကို မကူးစက်အောင် ဂရုစိုက်ပါ။ အနားယူပါ။ တတ်နိုင်သမျှ သီးသန့်နေပါ။ နှာစေး၊ ချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ။ နှပ်နဲ့ သလိပ်တွေကို လုံခြုံစွာ ထုပ်ပိုးပြီး စွန့်ပစ်ပါ။ နှာစေးရင် anti-histamine ပါတဲ့ ဆေးတွေ၊ နှာခေါင်းပိတ်ရင် decongestants ပါတဲ့ ဆေးတွေ သောက်ပါ။ ရေနွေးငွေ့ရှူတာ၊ နှာခေါင်းကို saline အရည်နဲ့ ဆေးတာတွေလည်း လုပ်လို့ရပါတယ်။ ချောင်းဆိုးတာအတွက် dextromethorphan နဲ့ carbocysteine ပါတဲ့ ချောင်းဆိုးပျောက်ဆေး၊ ချွဲပျော်ဆေးတွေ သောက်လို့ရပါတယ်။ အဖျားကြီးတာ၊ ချောင်းဆိုးရင် သွေးပါတာ၊ နှာခေါင်းထဲက သွေးပါတာ၊ အသက်ရှူကြပ်တာမျိုး ခံစားရရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။
(၅) ကာကွယ်ဆေး ထိုးပါ
မိုးရာသီကို ရောက်တာနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးထားရင် အအေးမိ၊ တုပ်ကွေး ဖြစ်နိုင်ခြေ နည်းသလို ဖြစ်လာခဲ့ရင်လည်း ပြင်းထန်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
နှာစေး၊ ချောင်းဆိုးရုံဆိုပြီး ပေါ့နေလို့တော့ မရပါဘူး။ နှာစေး၊ ချောင်းဆိုးကနေ ကိုဗစ်လို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရပြီး အသက်အန္တရာယ်ပါ ရှိလာနိုင်တာမို့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ကြဖို့ အရေးကြီးပါတယ်နော်။
Author: Dr.Yee Mon