တချို့လူများတွင် ညအချိန် ချွေးအလွန်အကျွံထွက်တတ်သည်။ ရာသီဥတု ပူလောင်ခြင်းမရှိပါပဲ ချွေး ထွက်ခြင်းကို ဆိုလိုသည်။ အများအားဖြင့် အိပ်ပျော်နေစဉ်မှာပင် ချွေးများရွှဲအောင်ထွက်တတ်သည်။
အမျိုးသမီးများသည် မီးယပ်သွေးဆုံးပြီးချိန်၌ ညပိုင်း ချွေးအလွန်အကျွံထွက်တတ်သည်။
အမျိုးသားတချို့တွင် လူလတ်ပိုင်း အရွယ်မှာပင် အချွေးအလွန်အကျွံထွက်သည့် ပြဿနာကြုံရတတ်သည်။
အမျိုးသားများ၌ ညအချိန်ချွေးထွက်ခြင်းမှာ ခန္ဓာကိုယ်အတွင်းပိုင်း ပိုးဝင်ခံရခြင်း၊ အရက်အဆိပ်ဓာတ် ကို ပျက်ပြယ်စေခြင်း၊ ဆေးဝါးများ၊ ကင်ဆာရောဂါ (ဥပမာ-လင်းဖိုးမား Lymphoma) စသည်တို့ကြောင့် ဖြစ်လေ့ရှိသည်။ အစာအိမ်မှ အက်စစ်ဓာတ်များ အစာရေမျိုသို့ ပြန်လှန်တက်သောအခါ ချွေးထွက်တတ်ကြ သည်။
မည်သို့ပင်ဆိုစေ အမျိုးသားများအဖို့ ညအချိန် ချွေးထွက်တတ်လျှင် ပေါ့ဆစွာ မနေသင့်ပါ။ လျစ်လျူ ရှု၍ မရပါ။
လူလတ်ပိုင်းနှင့် အသက်ကြီးပိုင်းအရွယ် အမျိုးသားများ ချွေးထွက်လွန်ခြင်းသည် “Andropause” – အင်ဒရိုပေါ့စ်ခေါ် အမျိုးသားဟော်မုန်း လျော့နည်းကျဆင်းရပ်တန့်မှုကြောင့် ဖြစ်တတ်ပါသည်။ တချို့က “Andropause” ကို “Male menopause” – အမျိုးသားသွေးဆုံးခြင်းဟု တင်စားသုံးတတ်သည်။ Andropause တွင် လိင်ဆန္ဒကုန်ခမ်းခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ အလွန်အမင်း နွမ်းနယ်ခြင်း၊ ပူလောင်သကဲ့သို့ ခံစားရခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်တတ်သည်။
သုံးစွဲနေကြဆေးဝါး သို့မဟုတ် အရက်တို့ကို ရပ်တန့်လိုက်သောအခါမျိုးတွင် ချွေးအလွန်အကျွံထွက် တတ်သည်။ ချွေးထွက်ခြင်းသည် ညအချိန်မှာသာမက တစ်နေ့လုံးထွက်နေတတ်သည်။ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ထိန်းမရအောင် တုန်ယင်ခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံမှားခြင်း၊ ပျို့ချင်အန်ချင်စိတ်ဖြစ် ခြင်း၊ အန်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စသည့် လက္ခဏာများလည်း ဖြစ်ပေါ်နိုင်ပါသည်။
အမျိုးသားများတွင် အသက်အရွယ်ကြီးလာချိန်တွင် တက်စတိုစတီရုန်းဟော်မုန်း (Testostorme) တည်ဆောက် ထွက်ရှိမှု ကျဆင်းသွားသည်။ သို့သော် ညပိုင်းချွေးထွက်ခြင်းမှာ ဖြစ်နိုင်သည်။ သွေး၌ တက်စတိုစတီရုန်း ရုတ်တရက် ကျဆင်းလို့ ညအချိန် ချွေးထွက်မှုဖြစ်လျှင် ကင်ဆာရောဂါများကြောင့် ဖြစ်နိုင်သည်ကို မမေ့အပ်ပေ။
ခွဲစိပ်ထားသော လူနာ၊ နက်ရှိုင်းသော ဒဏ်ရာရထားသူများတွင် ညအချိန် ချွေးထွက်ခြင်းနှင့်အတူ ဖျားနာခြင်း၊ ဒဏ်ရာ နီရဲရောင်ရမ်းခြင်း၊ အရေပြား အဖုအပိမ့်ထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရုတ်တရက် ခန္ဓာကိုယ်အလေးချိန်ကျခြင်း၊ မေးအောက်လင့်ကျိတ်များကြီးခြင်းစသည့် လက္ခဏာများဖြစ် ပေါ်ပါက ချက်ချင်း ဆရာဝန်ထံ သွားရောက်ပြသရပါမည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)