အစာအဆိပ်သင့်ခြင်း အကြောင်းသိကောင်းစရာ
မသန့်ရှင်းသော အစားအစာနှင့်ရေကို စားသောက်မိခြင်းကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပွားပါသည်။
မသန့်ရှင်းသော အစားအသောက်များတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးစသည့် ပိုးမွှားများ နှင့် ၎င်းတို့၏ အဆိပ်များ ပါဝင်နိုင်ပါသည်။
အသားငါး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းအမျိုးမျိုးသည် ပိုးမွှားများ ကပ်ရောက်မှုများသော အစားအစာများ ဖြစ်ပါသည်။
စက်ရုံများတွင် အစားအစာများ ထုတ်လုပ်ချိန်တွင် မသန့်ရှင်းမှုများ ဖြစ်ပေါ်နိုင်သလို မိမိအိမ်၌ ချက်ပြုတ် ပြင်ဆင်ချိန်တွင်လည်း ပိုးမွှားများ ဝင်ရောက်နိုင်ပါသည်။
မသန့်ရှင်းသော အစားအစာများ စားသုံးမိပြီး နာရီပိုင်းအတွင်း ပျို့အန်၊ ဝမ်းသွားခြင်းများ စသော လက္ခဏာများ ပြသနိုင်ပါသည်။ အများစုသောလူနာများသည် ရက်အနည်းငယ်နှင့် အလိုအလျောက် ပျောက်ကင်းသွားနိုင်သော်လည်း တချို့သောလူနာများတွင် ရေနှင့်ဓါတ်ဆားများ ဆုံးရှုံးမှုများပြီး ဆေးရုံတက်ရောက် ကုသမှုလိုအပ်သည့် အဆင့်အထိ ဆိုးဝါးနိုင်ပါသည်။
အများအားဖြင့် ခံစားရသော အစာအဆိပ်သင့်လက္ခဏာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း၊ နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အစာမစားချင်ခြင်း တို့ပင်ဖြစ်ပါသည်။
ပျို့အန်၊ ဝမ်းသွားခြင်း စသောလက္ခဏာများ ခံစားရပါက အရည်များများ သောက်ရန်လိုအပ်ပြီး ဓါတ်ဆားရည်လည်း ဖြည့်စွက်သောက်သုံးရမည်။ အဆီနည်းပြီး အစာကြေလွယ်သော အစားအစာများသာ စားသုံးရမည်။
အရေးကြီးလက္ခဏာများဖြစ်သော
ဝမ်းပျက်ဝမ်းလျှော ၃ ရက်ကျော်လျှင်၊
အဖျား (38.6 C) ထက်ကျော်လျှင်၊
အန်သောအကြိမ်ရေ တအားများပြီး အရည်တောင် မသောက်နိုင်သော အခြေအနေ၊
ရေဓါတ်ဆုံးရှုံးသော လက္ခဏာများဖြစ်သည့် ရေတအားငတ်ခြင်း၊ ဆီးသွားတအားနည်းလာခြင်း (သို့မဟုတ်) ဆီးလုံးဝမသွားခြင်း၊
ခြေလက်များ ထုံကျင်လာခြင်း၊ ပျော့ခွေလာခြင်း၊
စသော လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူရပါမည်။
ပိုးမွှားများသည် အစားအစာအများစုတွင် ရှိနေနိုင်သော်လည်း သေချာစွာ ချက်ပြုတ်စားသောက်ပါက ရောဂါဖြစ်ပွားသောအဆင့်သို့ မရောက်ရှိနိုင်ပါ။ ထိုကြောင့် အစားအသောက်များကို သေချာကျက်အောင် ချက်ပြုတ်ဖို့ လိုအပ်ပါသည်။
အစာအဆိပ်သင့်ခြင်းကို ကာကွယ်ရန် နည်းလမ်းများမှာ
အစားအစာများကို ကောင်းစွာ ကျက်အောင်ချက်ပြုတ်ခြင်း။
ရေခဲသေတ္တာတွင် မှန်ကန်သော အပူချိန်၌ အစားအစာများသိမ်းဆည်းခြင်း။
ရေခဲသေတ္တာထဲတွင် မချက်ပြုတ်ရသေးသော အစားအစာနှင့် ချက်ပြုတ်ပြီးသော အစားအစာ ရောနှောမထားခြင်း။
အစားအစာမကိုင်မီ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်း။
အကယ်၍ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို ခံစားနေရလျှင် အစားအသောက်များကို ကိုင်တွယ်၊ ပြင်ဆင်၊ ချက်ပြုတ်ခြင်း မပြုခြင်း။
ထုပ်ပိုးထားသည့် အစားအသောက်များ၏ သက်တမ်းကို အမြဲစစ်ဆေးခြင်း။
သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ နာတာရှည် ရောဂါသည်များ သည် ကူးစက်ဖြစ်ပွားလွယ်သလို ရောဂါဖြစ်ပွားပါကလည်း ပိုမိုဆိုးဝါးစွာ ခံစားရနိုင်ပါသည်။ ထိုကြောင့် အသားငါးများကို အစိမ်းစားသောက်ခြင်း (ဥပမာ- Sushi)၊ သေချာချက်ပြုတ် အပူပေးထားခြင်း မရှိသောအစာများ (ဥပမာ – Hot dogs) နှင့် အသီးအရွက်များကို သေချာစွာ ဆေးကြောခြင်း မရှိဘဲ အစိမ်းစားသောက်ခြင်းများမှ ရှောင်ကျဉ်သင့်ပါသည်။
Author; Dr.မိုးဆွေ