နေ့စဉ်မှတ်တမ်းရေးသားတဲ့သူတွေ သမိုင်းတစ်လျှောက်မှာ ဒုနဲ့ဒေးဟာ Ernest Hemingway, Gruce Lee, Winton Churchill နဲ့ Thamas Jetferson တို့တွေလည်း အပါအဝင်ပဲ။ သူတို့တတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားကြပေမယ့် သူတို့မှာ တူတာလေးတစ်ခုတော့ ရှိခဲ့ကြတယ်။ သူတို့ရေးခဲ့ကြတဲ့ သူတို့နဲ့ အတွေးစိတ်ကူး၊ ထင်မြင်ချက်တွေကြောင့် သူတို့ခွန်အားနဲ့ သက်တောင့်သက်သာ ဖြစ်ခြင်းကို ခံစားခဲ့ကြရတယ်။
ကျွန်တော်တို့တတွေရဲ့ ခံစားချက်တွေကို ရေးသားမှတ်သားတာဟာ ခံနိုင်ရည်ရှိမှုကို အားပေးတာ ဖြစ်နိုင်တာလို Texas တက္ကသိုလ်မှ လူမှုရေး စိတ်ပညာ အထူးပြု ပါမောက္ခ James Pennebaker ဟာ နှစ်ပေါင်းအတော်ကြာ လေ့လာသုံးသပ်ခဲ့တယ်။ ခံစားမှုကို ထိထိမိမိပြတဲ့ ရေးသားမှုဟာ ကျန်းမာရေးကို ကောင်းမွန်စေကာ၊ စိတ်ခံစားမှုနာကျင်မှုကို သက်သာစေတယ်လို့ Pennebaker က ပြောတယ်။ ရာချီရှိတဲ့ သုံးသပ်ချက်တွေထဲက ထုတ်ဖော်ပြသမှုကြောင့် ကျန်းမာရေးအကျိုးရလဒ်တွေကို ဖော်ပြခဲ့တယ်။ အထူးသဖြင့် စိတ်သောကရောက်ခဲ့ပြီးကာစ အချိန်အခါမျိုးပေါ့။
ရေးသားမှတ်ထားခြင်းအားဖြင့် စိတ်ပူပင်တဲ့ ခံစားမှုတွေကို အဆီအငေါ်တည့်စွာ စပ်အပ်ဖွဲ့စည်းမှု ရနိုင်ကာ အဲဒါတွေကို ကျော်လွှားသွားနိုင်ဖို့ အထောက်အကူပြုတယ်လို့ Pennebaker က ရှင်းပြတယ်။ သူ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တစ်ခုကတော့ အပြုသဘောမဆောင်တဲ့ အတွေးစိတ်ကူးတွေကို ပြောဆိုခြင်းမပြုဘဲ ချုပ်ထိန်းထားရင်း ယုံမှားမကင်း ဖြစ်စေတတ်တယ်တဲ့။
ဒါကြောင့်လည်း နေ့စဉ်မှတ်တမ်းတွေရေးတဲ့ သက်ရောက်မှုဟာ အမျိုးသားတွေအတွက် အာနိသင်ကောင်းပြီး အစွမ်းထက်တယ်။ အသက် ၂၀ နဲ့ ၄၉ နှစ်ကြား အမျိုးသားတွေကို အများဆုံး သေစေနိုင်တာ မိမိကိုယ်ကို အဆုံးစီရင်တာပဲ ဖြစ်တယ်။ ဒီပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုကတော့ အမျိုးသားတွေဟာ ဝမ်းနည်းအားငယ်လာတဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားကာ အကူအညီမတောင်းဘဲ နေလိုကြတယ်။ UK မှာ စိတ်အားငယ်ညှိုးငယ်ရင် အခြားသူတစ်ယောက်ကို ဖွင့်ဟပြောတဲ့ အမျိုးသမီး ၆၇ ရာခိုင်နှုန်း ရှိပေမယ့်၊ အမျိုးသား ၅၅ ရာခိုင်နှုန်းကသာ တစ်ခြားလူတစ်ဦးကို ဖွင့်ဟထုတ်ဖော်ပြောကြတယ်။ ဒါပေမယ့် ဒီအဖြစ်မျိုးဟာ တစ်ဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့ရတယ်။
ဒီလုပ်ရပ်ဟာ အင်မတန်မှ အရေးကြီးပေမယ့် ကိုယ့်ရင်ထဲမှာထားကာ ဘယ်သူကိုမှ ထုတ်မပြောတဲ့ အမျိုးသားတွေ ရှိနေသေးတယ်။ အဲဒီအခါမှာ ကိုယ်နေ့စဉ် ဘာတွေလုပ်တယ်ဆိုတဲ့ မှတ်တမ်းဟာ အရေးပါလာကာ အထောက်အကူ ဖြစ်တာပါပဲ။ ဒီလိုလုပ်ရင်း ကိုယ့်ရင်ထဲက အဖြစ်သနစ်တွေကို အန္တရာယ်ကင်းစွာနဲ့ ဖွင့်ချနိုင်တဲ့ နေရာဖြစ်ပြီး တခြားသူတွေရဲ့ အကဲဖြတ်ဝေဖန်တာမျိုး ကို စိုးရိမ်စရာလည်း မလိုဘူး။
Pennebaker ရဲ့အပြောအရ သူကြီးပြင်းလာပုံကတော့ အိမ်က အဖြစ်အပျက်တွေကို ဝေမျှတာမျိုး မလုပ်ဘဲ သူရဲ့ခံစားချက်တွေ ဖော်ပြခွင့်မရခဲ့ဘူး။ သူရဲ့ စိတ်ခံစားမှုတွေနဲ့ ဘယ်လောက်အထိ အဆက်အစပ်မရှိသလဲဆိုရင် သူစဉ်းစားနေတာ (သို့) ခံစားနေတာကို သတိမမူမိဘူး။ စိတ်ခံစားမှုမရှိသလို နေကာ၊ ဆက်လက်လှုပ်ရှားနေတာဟာ ပိုပြီးလွယ်တယ်လို့လည်း သူထင်ခဲ့တယ်တဲ့။ သူ့မိခင် သူ့ကိုယ်သူ အဆုံးစီရင်သွားပြီးတဲ့နောက်မှာ အားလုံးဟာ ပြောင်းလဲသွားခဲ့တယ်။ နှစ်နှစ်အကြာမှာတော့ Pennebaker ရဲ့စိတ်ကျန်းမာရေး ယိုယွင်းခဲ့တယ်။ အဲဒီအချိန်မှာ သူဟာအသက် ၁၉ နှစ်ရှိနေပြီး၊ ရင်ဖွင့်ပြောဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် သူ့ရဲ့အကြံပေးပုဂ္ဂိုလ်က နေ့စဉ်မှတ်တမ်းရေးဖို့ အကြံပြုခဲ့တယ်။ ဒါဟာ အပြောင်းအလဲဖြစ်ဖို့ အထောက်အကူဖြစ်ခဲ့ပြီး အခုဆိုရင် သူဟာလုပ်ချင်တဲ့အခါ၊ သူ့စိတ်ထဲမှာ ဘာဖြစ်နေတယ်။ ဘယ်လိုခံစားနေရတယ် ဆိုတာတွေကို ဝေမျှနိုင်လို့ သူကပြောတယ်။
ဒီသက်ရောက်မှုတွေဟာ ဘယ်လောက်အကျိုးထူးသလဲဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး၊ သူဟာ တစ်မူထူးတဲ့ နေ့စဉ်မှတ်တမ်းမျိုးကို သုတေသနပြုကာ ပုံစံဖော်နေတယ်လို့ဆိုတယ်။
Pennebaker ရဲ့ နေ့စဉ်မှတ်တမ်းကတော့ Mind Journal လို့အမည်ပေးထားကာ လမ်းညွှန်မှုပေးတဲ့ ပရောဂျက် ဖြစ်တယ်။ မေးခွန်းတွေ၊ လုပ်ငန်းတာဝန်တွေရဲ့ ပြည့်နေတဲ့ မှတ်စုစာအုပ်ဖြစ်ပြီး၊ အမျိုးသားတွေကို သူတို့ရဲ့အတွင်းကျကျ အတွေးစိတ်ကူးတွေကို ရေးသားမှတ်တမ်းတင်ဖို့ အားပေးထားတယ်။ ကော်ပီစာအုပ်တစ်အုပ်ချင်းတွင် လမ်းညွှန်မှုစာအုပ်ထည့်ထားပြီး ရေးမှတ်ချင်တဲ့ လူတွေအတွက် ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖော်ထုတ်ဖို့ လှုံ့ဆော်ထားတယ်။
သူ့ရဲ့ရေးသားမှတ်တမ်းတင်မှုကတော့ တိတိကျကျ စည်းမျဉ်း (သို့) မျှော်လင့်ချက်တွေ ချမှတ်ထားတာမပါဘူး။ ရေးသားမှတ်ထားတာကို သူ့စိတ်အတွက် ဆေးဝါးလို့ပဲ မြင်ထားတယ်လို့ Pennebaker ကပြောတယ်။ သူခေါင်းကိုက်တဲ့အခါ စိတ်ပူပန်မှု (သို့) ဖိစီးမှု ဖြစ်တဲ့အခါ ဝါကျအနည်းငယ်ကို ကောက်ပြီး ရေးသားလိုက်တယ်။ အချိန်ကို သတ်သတ်မှတ်မှတ် မထားဘူး။ ညနေစောင်းလည်း ဖြစ်နိုင်သလို နံနက်မိုးလင်းတာနဲ့လည်း ဖြစ်နိုင်တယ်။
ကျွန်တော်ရဲ့ ခံစားမှုကို အမြဲမပြောချင်ဘူး။ တစ်ခါတလေ ခုထက်ထိ သီးသန့်ထားချင်တာတွေလည်း ရှိတယ်။ ဒါဟာ အဆင်ပြေပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော့်မှာ နေ့စဉ်မှတ်တမ်းရေးထားတာ ရှိနေလို့ပဲလို့ Pennebaker ကပြောတယ်။
Author: မောင်ချမ်းသာ, Healthcare Journal, vol 8,no 22 ( 16.6.17)