ကမ္ဘာတွင် နှစ်စဉ် စက်တင်ဘာလ (၁၀)ရက်နေ့ကို “World Suicide Prevention Day” ဟုသတ်မှတ်၍ ကျင်းပခဲ့ကြပါသည်။ ထိုနေ့တွင် Suicide ခေါ် မိမိကိုယ်မိမိအဆုံးစီရင်ခြင်း၊ သတ်သေခြင်းနှင့် ပတ်သက်သောကာကွယ်ရေး၊ ကုသရေး၊ ပညာပေးအစီစဉ်များ ပြုလုပ်တတ်ကြပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင်မူထိုနေ့အတွက် သီးခြားကျင်းပမှု မရှိသေးသော်လည်းတွေ့မြင်၊ ကြားသိ၊ ဖတ်မိသမျှအရမိမိကိုယ်မိမိအဆုံးစီရင်ခြင်း၊ သတ်သေခြင်းကိစ္စသည် ကျွန်တော်တို့နိုင်ငံတွင်လည်း ဖြစ်ပွားမှု မနည်းလှကြောင်းခန့်မှန်းမိကြမည် ထင်ပါသည်။ ဤပြဿ နာမည်မျှကြီး၍ မည်သို့ကာကွယ် ကုစားနိုင်သည် ဆိုသည်ကိုဤဆောင်းပါးတွင် တင်ပြသွားမည် ဖြစ်ပါသည်။
ပြည်တွင်းကိစ္စများမပြောခင် ကမ္ဘာတဝှမ်းမှ ကိန်းဂဏန်းများကိုဦးစွာတင်ပြလိုပါသည်။ ထိုသို့တင်ပြရခြင်းမှာဤကိစ္စနှင့်ပတ်သက်၍ ကိန်းဂဏန်းမှန်မှန်ကန်ကန် ရယူရန်မလွယ်ကူသော ကျွန်တော်တို့ တိုင်းပြည်အတွက် ခန့်မှန်းနိုင်စေရန်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်စာရင်းဇယားများအရတစ်နှစ်လျှင် လူဦးရေ ၁ သိန်းတွင် ၁၁.၄ ဦးခန့်သည် “မိမိကိုယ်မိမိအဆုံးစီရင်” ခဲ့ကြသည်ဟုသိရပါသည်။ စက္ကန့် ၄၀ တိုင်းတွင် တစ်ဦးသည် “မိမိကိုယ်မိမိအဆုံးစီရင်” ခဲ့ကြပါသည်။ အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ်များ၏ ဒုတိယအများဆုံးသေဆုံးစေသောအကြောင်းအရင်းမှာ “မိမိကိုယ်မိမိအဆုံးစီရင်”မှု ဖြစ်နေပါသည်။ ထိုအထဲမှ ၄ ပုံ ၃ ပုံသည် ဝင်ငွေနည်းသော၊ ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများတွင် ဖြစ်ပွားခဲ့သည်ဟုသိရပါသည်။ အမျိုးသားများသည် အမျိုးသမီးများထက် ၂ ဆခန့် ပိုမိုဖြစ်ပွားတတ်ကြောင်းကိုလည်းတွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင်မူရဲစခန်းမျာမှ ရရှိသောစာရင်းဇယားများအရမိမိကိုယ်မိမိအဆုံးစီရင်မှုကို ၂၀၁၂ တွင် ၁၃၃၄ဦး၊ ၂၀၁၃ တွင် ၁၅၃၈ဦးနှင့် ၂၀၁၄ တွင် ၁၁၁၃ဦးရှိခဲ့ရာ လူဦးရေ ၁ သိန်းတွင် တစ်နှစ်အတွက် ၂.၁၆ ဦးမှ ၂.၉၈ ဦးခန့် ရှိမည်ဟုတွက်ချက်မိပါသည်။ အဆိုပါ ကိန်းဂဏန်းများသည် ရဲစခန်းများသို့ တရားဝင်ရောက်လာသောအမှုအခင်းများပေါ်တွင်သာမူတည်၍ တွက်ချက်ထားသည် ဖြစ်၍ အစွန်အဖျားဒေသများ၊ဖြစ်စဉ်လွှဲ၍သဂြိုဟ်ခဲ့သောကိစ္စများကိုပါ ထည့်သွင်းလိုက်ပါကထို့ထက်ပို၍များမည်ဟုယူဆရပါသည်။
အဆိုပါရဲစခန်းများရသောစာရင်ဇယားများအရမြန်မာပြည်တွင် အသုံးအများဆုံးမိမိကိုယ်မိမိအဆုံးစီရင်မှုု နည်းလမ်းမှာ ကြိုးဆွဲချသည့်နည်းဖြစ်ပြီး ၆၃ ရာခိုင်နှုန်းခန့် ရှိသည်ကိုတွေ့ရပါသည်။ အဆိပ်သောက်သုံးခြင်းနည်းမှာဒုတိယအသုံးအပြုဆုံးနည်းလမ်း ဖြစ်သည်ကိုတွေ့ရပါသည်။ဖြစ်စေသောအကြောင်းအရင်းခံများကိုစုံစမ်းကြည့်ရာတွင် ကျန်းမာရေး၊ လူမှုရေး နှင့် စီးပွားရေး ပြဿ နာများသည် အရင်းခံဖြစ်နေတတ်သည်ကိုတွေ့ရပါသည်။
အမှန်တော့ မိမိကိုယ်မိမိအဆုံးစီရင်မှုသည် ကာကွယ်ကုသ၍ရသောကိစ္စဖြစ်ပါသည်။ ထိုသို့ကာကွယ်နိုင်ရန်အတွက် မိမိကိုယ်မိမိအဆုံးစီရင်မှု၏ ရည်ရွယ်ချက်ကိုနားလည်စေရန် ကြိုးစားမေးမြန်းရပါသည်။ အတွေ့များသောရည်ရွယ်ချက် (၇) ခုခန့်ရှိပါသည်။ ပထမအချက်မှာအမှန်တကယ် မနေလို၊ သေလို၍ ပြုလုပ်ခြင်းဖြစ်ရာဤအချက်ကရှင်းပါသည်။ ဒုတိယအချက်မှာ Cry for Help၊ သူရင်ဆိုင်နေရသော ပြဿ နာကိုမဖြေရှင်းနိုင်ဖြစ်ပြီးအကူအညီတောင်းခြင်းပုံစံဖြစ်ပါသည်။ ဥပမာအနေနှင့် တာဝန်ယူရန်ပျက်ကွက်ခဲ့သောရည်းစားနှင့်ရခဲ့သောကိုယ်ဝန်အတွက် မိမိကိုယ်မိမိအဆုံးစီရင်မှုသည် ကယ်ဆယ်မှုရရှိစေရန် အကူအညီတောင်းခြင်းဖြစ်နေတတ်ပါသည်။ သေချင်၍မဟုတ်ပါ။ ကယ်တင်ရှင်တွေ့သွားပါကအဆင် ပြေသွားတတ်ပါသည်။ အပေးအယူဆန်သည့် သဘောကိုတတိယအချက်အနေနှင့်တွေ့ရတတ်ပါသည်။ တခုခုကိုလိုချင်၍ အကျပ်ကိုင်ခြင်းမျိုး ဖြစ်ပါသည်။ လိုချင်တာမရကအဆိပ်သောက်လိုက်မည်ဟုချိန်းခြောက်ခြင်းမျိုး ဖြစ်ပါသည်။ စတုတ္ထအမျိုးအစားမှာခြေမြန်လက်မြန် လုပ်တတ်သူတို့တွင် တွေ့ရတတ်ပါသည်။ ခံစားချက်တွေပေါက်ကွဲပြီးလုပ်မိလုပ်ရာလုပ်တတ်သူတွေဖြစ်ပါသည်။ကိစ္စအေးဆေးသွားချိန်တွင် သူလုပ်ခဲ့သည်ကိုသူပြန်၍နောင်တရနေတတ်ပါသည်။ ဤကိစ္စမှာကိုယ်ရည်ကိုယ်သွေးအမျိုးအစားနှင့် ပတ်သက်နေတတ်ပါသည်။ တစ်ဦးဦးကိုလက်စားခြေလို၍ မိမိကိုယ်မိမိအဆုံးစီရင်ရန် ကြံစည်ခြင်းကိုပဉ္စမအမျိုးအစားအနေနှင့် တွေ့ရပါသည်။ ကျန်အမျိုးအစားများမှာကံဆိုးကံကောင်းစမ်းသပ်သည့် သဘောဖြင့် စွန့်စွန့်စားစားလုပ်ဆောင်ခြင်းနှင့် မူလစိတ်ရောဂါတစ်ခုခုကြောင့် (အထူးသဖြင့် လှုံ့ဆော်အသံများကြားရ၍၊ ယုံမှားသံသယဝင်၍) ကြံစည်ခြင်းများဖြစ်ပါသည်။
စိတ်ရောဂါခံစားနေရ၍ မိမိကိုယ်မိမိအဆုံးစီရင်သည် ဟုဆိုလျှင် များသောအားဖြင့် စိတ်ကျရောဂါသည်များကိုပြေးမြင်တတ်ကြပါသည်။ လက်တွေ့ဘဝတွင်မူစိတ်ကျရောဂါသည်များတွင်ထက် စိတ်ကြွစိတ်ကျရောဂါသည်များတွင် ပိုမိုတွေ့ရတတ်သည်ဟုသိရပါသည်။ စိတ်ကျရောဂါ ခံစာနေရသူများတွင်ရောဂါသည်းနေချိန်ထက် ရောဂါမှ ပြန်လည်သက်သာလာချိန်တွင် ပိုမိုကြံစည်တတ်သည်ကိုသတိထားရန်လိုပါသည်။ ရောဂါသည်းချိန်တွင် စိတ်ဓာတ်ကျနေ၍ ကြံစည်ရန်ပင် စိတ်မပါနိုင်ဘဲ၊ ရောဂါသက်သာလာချိန်တွင်မှ ကြံစည်ရန် ရုပ်ရော၊ စိတ်ပါ အင်အားရှိလာ၍ ကြံစည်မိကြခြင်းဖြစ်ပါသည်။
အမှန်တော့ မိမိကိုယ်မိမိအဆုံးစီရင်မှုဟုသတ်မှတ်ရန်မှာကိုယ်တိုင်ကအသက်ဆက်မရှင်ချင်၊သေချင်နေပါမှ မိမိကိုယ်မိမိအဆုံးစီရင်မှုဟုခေါ်ဆိုနိုင်ပါသည်။ စိတ်ကြွပြီးပျံနိုင်တယ်ထင်လို့၊ ယုံကြည်လို့ တိုက်ပေါ်မှခုန်ချခြင်း၊ လှုံ့ဆော်မဲ့ အသံတွေကြားနေရ၍ ထိုအသံကခိုင်းစေသလိုလိုက်လုပ်ရာမှ အသက်သေခြင်းသည်ထိုသူ၏သေလိုသည့် ဆန္ဒမပါ၍ မိမိကိုယ်မိမိအဆုံးစီရင်မှုမမြောက်ပါ။
မိမိကိုယ်မိမိအဆုံးစီရင်မှုနှင့်ပတ်သက်၍နိုင်ငံတကာတွင်ကာကွယ်ရေးအစီအမံများချကာလုပ်ဆောင်နေကြသည်ကိုတွေ့ရပါသည်။ထိုအထဲမှထင်ရှားသည့်အစီအမံတစ်ခုမှာ Hot Line ခေါ်၂၄နာရီအချိန်မရွေးဖုန်းဆက်၍တိုင်ပင်၊ဆွေးနွေး၊အကူအညီတောင်းနိုင်သည့်အစီအစဉ်ဖြစ်ပါသည်။နောက်ထပ်အစီအစဉ်တစ်ခုမှာဖေ့စ်ဘွတ်၊အီးမေးလ်၊တို့တွင်မည်သူမဆိုမိမိကိုယ်မိမိအဆုံးစီရင်မှုနှင့်ပတ်သက်၍အကြံḩာဏ်တောင်းနိုင်သည့် အစီအစဉ်ဖြစ်ပါသည်။ မိမိကိုယ်မိမိအဆုံးစီရင်မှု ပြုလုပ်ပြီးမအောင်မြင်ခဲ့သောကိစ္စကို Attempted Suicide (သေကြောင်းကြံစည်မှု) ဟုခေါ်ပါသည်။ ထိုကဲ့သို့သောသူများတွင် ဤတစ်ကြိမ်မအောင်မြင်ခဲ့သော်လည်းထပ်မံကြံစည်နိုင်သောအလားအလာမှာအခြားသောသူများထက် သိသိသာသာပိုများ၍ ထိုသူများကို Outreach (လက်ကမ်းစောင့်ရှောက်ရေးလုပ်သား) များကဆက်လက်၍ ထိတွေ့စောင့်ရှောက်ပေးခြင်းသည်လည်းအရေးပါသောကာကွယ်ရေးနည်းလမ်းကောင်းတစ်ခုဖြစ်သည်ကိုတွေ့ရပါသည်။
မိမိကိုယ်မိမိအဆုံးစီရင်မှုအတွက် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့ခေတ်၏ အရေးပါသောမီဒီယာများ၏ အခန်းကဏ္ဍကိုလည်းမေ့ထား၍မရပါ။ မီဒီယာများတွင် ထင်ရှားသောသူများ၏ မိမိကိုယ်မိမိအဆုံးစီရင်မှုများကိုဖေါ်ပြခဲ့ပါကထိုနည်းအတိုင်းဆင်တူမိမိကိုယ်မိမိအဆုံးစီရင်မှုများတွေ့ရှိရတတ်၍ သတိထားကြရန်ဖြစ်ပါသည်။ ထို့အပြင် မီဒီယာကျင့်ဝတ်အနေဖြင့် မိမိကိုယ်မိမိအဆုံးစီရင်မှုများကိုရှေ့မျက်နှာဖုံးသတင်းအဖြစ် မဖေါ်ပြရန်၊ ကြံစည်သည့်/ပြုလုပ်သည့် နည်းလမ်းအသေးစိတ်ကိုမဖေါ်ပြရန်၊ သေဆုံးသူကိုအပြစ်တင်ခြင်း၊ ဘဝပြဿ နာကို ကြံစည်မှု၏ အကြောင်းအရင်းအဖြစ် မဖေါ်ပြရန် သတ်မှတ်ထားကြပါသည်။
မိမိကိုယ်မိမိအဆုံးစီရင်မှုကို နိုင်ငံအများစုကရာဇဝတ်မှုအဖြစ် မသတ်မှတ်ကြသော်လည်းမြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့ကမူရာဇဝတ်မှုအဖြစ် သတ်မှတ်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုကိစ္စအတွက် ထောင်ချသည်ဟူ၍ မကြားရသော်လည်းဥပဒေကရှိနေ၍ သက်ဆိုင်ရာတို့နှင့် ပေးကမ်းညှိနှိုင်းနေရဆဲဖြစ်ရာကာယကံရှင်မိသားစုများအတွက် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ပင် အပိုဒုက္ခခံစားကြရပါသည်။ အဆိုပါရာဇသတ် ပုဒ်မကိုကိုလိုနီခေတ်ကအင်္ဂလိပ်တို့ကချမှတ်ခဲ့ကြခြင်းဖြစ်ရာယနေ့ခေတ်တွင် အင်္ဂလန်နိုင်ငံ၌ပင် ဖျက်သိမ်းပြီးဖြစ်နေသည်ကိုတွေ့ရပါသည်။
သို့ဖြစ်ပါ၍ ယနေ့ခေတ်မြန်မာနိုင်ငံတွင် ဝန်ထုတ် ဝန်ပိုး၊ အသုံးမကျ ဖြစ်နေသောအဆိုပါဥပဒေကိုဖျက်သိမ်းပေးပါရန်နှင့် မိမိကိုယ်မိမိအဆုံးစီရင်မှုကာကွယ်ရေးအတွက် Hot Line များ၊ Web Site များပေါ်ထွက်လာရေးနှင့် မိမိကိုယ်မိမိအဆုံးစီရင်မှု အတွက် တာဝန်သိစေတနာရှင် လူမှုရေးအသင်းများပေါ်ထွက်လာရေးတို့အတွက် အားလုံးကြိုးပန်းကြဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း နှိုးဆော်လိုက်ရပါသည်။
ရခဲလှ၊ လူ့ဘဝ၊ ကူညီဖေးမ၊ ဝိုင်းဝန်းကြပါစို့။
မေတ္တာဖြင့်
ဒေါက်တာဌေးအောင်၊ ၂၀ ဇူလိုင် ၂၀၁၆၊ ၂၀:၀၀
(၂၀.၇.၂၀၁၆ ရက်နေ့ စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး) တွင်ပြုလုပ်ခဲ့သောစဉ်ဆက်မပြတ် ဆေးပညာအစီအစဉ်တွင် ပါမောက္ခဆရာဦးတင်ဦး၊ ပါမောက္ခ(ငြိမ်း)ဆရာကြီးဦးဝင်းအောင်မြင့်နှင့် ပါမောက္ခ(ငြိမ်း)ဆရာကြီးဦးခင်မောင်ကြီးတို့၏ဆွေးနွေးတင်ပြချက်များကိုကိုးကားပါသည်)