`ခြေထောက်တွေ တောင့်တင်း ကိုက်ခဲတယ်၊ ပူတယ် ဘယ်လိုလုပ်လုပ်မသက်သာဘူး´လို့ Ondr မှာအမေးများပါတယ်။ ခြေထောက်ကြွက်သားများ တောင့်တင်း နာကျင်ကိုက်ခဲစေသော အကြောင်းအရာများကတော့ အောက်ပါအကြောင်းအရာများကြောင့်ဖြစ်ပါတယ်။
ကြွက်သားတောင့်တင်းခြင်း
အိပ်ပျော်နေစဉ်နှင့် နေ့လည်ပိုင်းအချိန်တွေမှာ ခြေထောက်ကြွက်သားများ တောင့်တင်းတတ်ပါတယ်။ရုတ်တရက် ပြင်းပြင်းထန်ထန် ခြေထောက်တွေ နာကျင်တတ်ပါတယ်။ လျှင်မြန်စွာ ပိုဆိုးလာတတ်ပါတယ်။ ကြွက်သားများ အသုံးပြုမှုများခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ရေပိုသောက်ပေးပါ။ နှိပ်နယ်ပေးပါ။ လေ့ကျင့်ခန်းမလုပ်ခင် ကြွက်သားအကြောလျော့ပါ။
ညို့သကျည်းရောင်ခြင်း
ခြေသလုံးအရှေ့ ကြွက်သားများနာကျင်ခြင်းကို ခံစားရလေ့ရှိပါတယ်။ ညို့သကျည်းရောင်ရမ်းပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း တို့တွင် အလွန်နာကျင်တတ်ပါတယ်။ ထိုအခါ ခြေထောက်ကိုအနားပေးထားပါ။ ရေခဲကပ်ပါ။ ရောင်ရမ်းမှု့ လျော့ကျစေသာ ဆေးများသုံးစွဲပါ။ ဖြစ်နိုင်ရင်အလုပ်ကြမ်းကြမ် မလုပ်ရပါ။
အရွတ်ရောင်ခြင်း
သင့်တွင် အာခိလိအရွတ် ရောင်ရမ်းခဲ့လျှင်လည်း ခြေဖနောင့်အနောက်ဘက် ခြေသလုံးကြွက်သားကိုက်ခဲနာကျင် တတ်ပါတယ်။ အရွတ်ရောင်ဆန့်ပြဲခဲ့လျှင် အများဆုံးခံစားရလေ့ရှိသော ဝေဒနာ ဖြစ်ပါတယ်။ ခြေသလုံးကြွက်သားများ အချိန်ကြာမြင့်စွာ အသုံးပြုလုပ်ရသော အလုပ်လုပ်ခြင်း၊ လှေကားမျာအဆင်းအတက်ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ သက်သာစေရန် ရေခဲကပ်ပါ။ ဆေးဝါးအကူအညီယူပါ။
အရမ်းနာကျင်လာလျှင် ခြေထောက်ဆန့်တန်းထားပါ။ အရမ်းပြင်းထန်စွာ နာကျင်လျှင် အာခိလိ အရွတ်ပြဲသောကြောင့် ဖြစ်နိုင်တယ်။ ခြေမအောက်သို့ ကွေးမရအောင် ဖြစ်တတ်တယ်။ထိုအခါ ရောင်နေသောအရွတ်ကို သက်သာအောင် ဆေးထိုးကုသ၍ ရပါတယ်။ လိုအပ်လျှင် ခွဲစိတ်မှုခံယူရပါမယ်။
အရိုးကျိုးခြင်း
ခြေမျက်စိလည်ခဲ့လျှင် ရေခဲကပ်ကပ်ပါ။ အနားယူပါ။ ခြေထောက်ကို အမြှင့်ကို မြှောက်ထားပါ။ အရိုးကျိုးခဲ့လျှင်တော့ ပြင်းထန်စွာ နာကျင်ခံစားရပါမယ်။ ထိုအခါ ရေခဲကပ်ရပါမယ်။ လိုအပ်လျှင် ကျောက်ပတ်တီးစည်း အနားယူရပါမယ်။
သွေးခဲပိတ်ခြင်း
ခြေထောက်သွေးကြောအတွင်းရှိ သွေးပျစ်ပြီး သွေးခဲခဲ့လျှင် ခြေထောက်ကြွက်သားများ နာကျင်ကိုက်ခဲတတ်ပါတယ်။ ခြေသလုံးကြွက်သားနှင့် ပေါင်ကြွက်သား နာကျင်ခြင်းသည် သွေးကြောပိတ်ရောဂါကြောင့်လည်း ဖြစ်ပါတယ်။ ခြေထောက်များ မလှုပ်ရှားဘဲ အကြာကြီးနေခြင်း၊ ကား၊လေယာဉ်အကြာကြီးစီးခြင်းတို့ကြောင့် သွေးကြောပိတ်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့်လည်း သွေးကြောပိတ်နိုင်ပါတယ်။ ထိုအခါ ဆေးကုသမှု့ ခံယူသင့်ပါတယ်။ မကုသခဲ့လျှင် သွေးခဲသည် အဆုတ်ထိပိတ်၍ အသက်အန္တရာယ် ရရှိနိုင်ပါလိမ့်မယ်။ ဆေးကုသခြင်း၊ ခြေစွပ်အကျပ်ဝတ်ခြင်းနှင့် အလေးချိန်လျော့ကျခြင်းဖြင့် သွေးခဲမှု့ကို သက်သာစေပါတယ်။
သွေးကြောဖောင်းခြင်း
သွေးကြောဖောင်းခြင်းသည် အရေပြားပေါ်တွင် ဖြစ်လေ့ရှိ၍ လူတိုင်းမြင်တွေ့ကြပါလိမ့်မယ်။သွေးကြောနံရံများ အားနည်းခြင်းကြောင့် သွေးကြောများ လိမ်ကောက်ခြင်း၊ သွေးကြောများမဲ ပြာနေပါလိမ့်မယ်။ မတ်တပ်ရပ်ပြီးနောက် ခြေထောက်တွေ ကိုက်ခဲလာတတ်တယ်။ ခြေအိတ်စွပ်ထားလျှင် သက်သာစေပါတယ်။ နာကျင်မှု့ ပြင်းထန်လျှင် ဆရာဝန်နဲ့သေချာကုသပါ။
ပြင်းထန်သော ခြေထောက်သွေးကြောရောဂါများ
ခြေထောက်သွေးကြောများ ပျက်စီးမာကျောလာလျှင် သွေးကြောကျဉ်းပြီး ပိတ်နိုင်တယ်။ ထို့ကြောင့်သွေးကြောအတွင်း သွေးစီးဆင်းမှု့ မရှိ၍ လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းပြုလုပ်လျှင် ခြေသလုံးများ တောင့်တင်းနာကျင် ကိုက်ခဲတတ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ အခြားသောရောဂါများ ဥပမာ ဆီးချိုရှိခြင်း၊ သွေးတိုးခြင်း၊ အဆီများခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ခြေထောက်သွေးကြောပိတ်လျှင် အနာမကျက်တာမျိုး ရှိတတ်ပါတယ်။
ထို့ကြောင့် သေချာကုသသင့်ပါတယ်။ မိမိရဲ့နေထိုင်မှု့စနစ် ပြောင်းလဲသင့်ပါတယ်။ ဆေးလိပ်ဖြတ်ပါ။အဆီလျော့စားပါ။ အလေးချိန်လျော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လိုအပ်လျှင် သွေးလည်ပတ်မှု ကောင်းရန်ခွဲစိတ်သင့်ပါတယ်။
အာရုံကြောရောဂါများ
ခါးဆစ်ရိုးကျဉ်း၍ သွေးကြောများရောင်ရမ်းကာ အာရုံကြောများဖိမိ၍လည်း ခြေထောက်များတောင့်တင်းတတ်ပါတယ်။ အထိုင်အထတွင် မီးပူထိုးသကဲ့သို့ပူခြင်း၊ ထုံခြင်း၊ကျဉ်ခြင်း၊ အားနည်းပြီးမလှုပ်ချင် မကိုင်ချင် ဖြစ်နိုင်တယ်။ နာကျင်မှု့သည် ကျောဘက်၊တင်ပါးဆုံမှတဆင့် ခြေထောက်ထိခံစားရတတ်ပါတယ်။ အနားယူပါ။ လေ့ကျင့်ခန်းလုပ်ပါ။ မသက်သာပါက သေချာဆရာဝန်နဲ့ ပြသကုသပါ။ လိုအပ်လျှင် ခွဲစိတ်ကုသရပါမယ်။
ဆီးချို
ဆီးချိုကို ထိရောက်စွာ မကုသခဲ့လျှင် သွေးအချိုဓာတ်မြင်မား၍ အာရုံကြောများ ပျက်ဆီးကာ ခြေထောက်များ ထုံကျဉ်ကိုက်ခဲတတ်ပါတယ်။
Author : Dr. ပြည့်ရှင်း