ခေါင်းကိုက်ခြင်း
ခေါင်းကိုက်တယ်ဆိုတာ လူတိုင်းနီးပါး ခံစားဖူးတဲ့ ဝေဒနာ တစ်ခုပါ။ ခေါင်းကိုက်ခြင်းတော်တော်များများက အကိုက်အခဲသောက်ဆေး သောက်ရုံ၊ အနားယူလိုက်ရုံနဲ့ သက်သာသွားတတ်ပေမယ့် တချို့ ခေါင်းကိုက်ခြင်းတွေက အသက်အန္တရာယ်ဖြစ်နိုင်တဲ့အထိ ဆိုးဝါးပြင်းထန်တတ်ပါတယ်။ ခေါင်းကိုက်တဲ့ ပုံသဏ္ဍန်ရယ်၊ တခြားဆက်စပ် လက္ခဏာတွေကို ကြည့်ပြီး ဘာကြောင့် ခေါင်းကိုက်ရတယ်၊ ဘယ်လိုခေါင်းကိုက်ရောဂါ ဖြစ်နိုင်တယ်ဆိုတာကို အကြမ်းပျဉ်း ခွဲခြားလို့ ရပါတယ်။
ခေါင်းကိုက်ဝေဒနာတွေရဲ့ လေးပုံသုံးပုံလောက်ဟာ စိတ်ဖိစီးမှု့ကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာ ( Tension headache) ဖြစ်နေတတ်ပါတယ်။ ဒီခေါင်းကိုက် ဝေဒနာက ခေါင်းရဲ့ ဘယ်ညာ နှစ်ဖက် စလုံးမှာ ဆွဲစုတ်ထားသလိုမျိုး ခံစားနေရတတ်ပါတယ်။ တစ်ခါတလေမှာ နားထင်နှစ်ဖက်ကို မူလီနဲ့ ဆွဲကြပ်နေသလိုမျိုးကို ခံစားရတတ်တယ်။ လည်ပင်းတွေကော၊ ပခုံးတွေပါ နာကျင်နေတတ်တယ်။ မိနစ် ၂၀ ကနေ ၂ နာရီလောက်ထိ ကိုက်တတ်တယ်။ စိတ်ဖိစီးမှု့တွေ ပင်ပန်းနွမ်းနယ်မှု့တွေကြောင့် ပိုဖြစ်တတ်တယ်။ လည်ပင်းနဲ့ မေးရိုးမှာ ရှိတဲ့ ကြွက်သားတွေမှာ ပြဿနာ တစ်စုံတစ်ခုရှိရင်လည်း ဒီလိုမျိုး ခေါင်းကိုက်တတ်တယ်။
ဒီလိုခေါင်းကိုက်ရင် တရေးတမော အိပ်လိုက်တာမျိုး၊ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာမျိုးက ခေါင်းကိုက်ကို အတန်အသင့်လျော့စေတယ်။ အရမ်းကိုက်တယ်ဆိုရင်တော့ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရတယ်။ ခဏခဏ ဒီလိုပုံစံနဲ့ ခေါင်းကိုက်တတ်တဲ့သူတွေအတွက်တော့ နေ့လည်စာကို အချိန်မှန်မှန်စားတာ၊ စိတ်ဖိစီးမှု့တွေကို လျော့ချတာတွေ လုပ်သင့်တယ်။ စိတ်ဖိစီးမှု့ကို သဘာဝနည်းတွေဖြစ်တဲ့ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေနဲ့ လျော့ချလို့မရရင် စိတ်ဖိစီးမှု့ကို သက်သာစေတဲ့ ဆေးဝါးတွေကို သောက်သုံးနိုင်တယ်။
နောက်အဖြစ်များတဲ့ ခေါင်းကိုက်ရောဂါတစ်ခုကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ၂ ဆ ၃ ဆလောက် ပိုအဖြစ်များပါတယ်။ မျိုးရိုးရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်တယ်။ များသောအားဖြင့် ရာသီဥတု အပြောင်းအလဲတွေ၊ အိပ်ချိန်နည်းလွန်း၊များလွန်းတာတွေကြောင့် ဖြစ်လေ့ရှိတယ်။ Tension headache လိုပဲ စိတ်ဖိစီးမှု့တွေ ပင်ပန်းနွမ်းနယ်တာတွေကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်နိုင်တယ်။ ပြီးံတော့ အနံ့စူးစူးတွေ၊ အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာတွေ၊ ဆူညံသံတွေကြောင့်လည်း ခေါင်းကိုက်နိုင်တယ်။
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဟာ အစားအသောက်နဲ့လည်း အနည်းအကျဉ်းဆိုင်တယ်။ အစားကို မစားဘဲနေတာ၊ အရက် (အထူးသဖြင့် ဝိုင်)သောက်တာတွေ ၊ ချိစ်တွေ ၊ ချော့ကလက်တွေ စားရင်လည်း ခေါင်းကိုက်လာတတ်တယ်။ အချိုမှုန့် များလွန်းတဲ့အစားအစာတွေ၊ နိုက်ထရိတ်ပါတဲ့ ငါးခြောက်တွေ စားရင်လည်း ဖြစ်တတ်တယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေကို အလွန်အကျွံ သောက်သုံးရင်လည်း ခေါင်းကိုက်လာတာမျိုးတွေ ရှိတတ်တယ်။
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာသည်တွေရဲ့ ၂၀% လောက်ဟာ ခေါင်းမကိုက်ခင် မျက်စိဝါးသွားတာ ၊ မျက်စိမှာ အဖြူကွင်းတွေ မြင်တာမျိုးတွေ ရှိတတ်တယ်။ ပြင်းထန်တဲ့အခါမှာ အမြင်အာရုံ ခဏတာ ပျောက်သွားတာမျိုး ခေါင်းနဲ့ လက်တွေမှာ ထုံကျဉ်လာတာမျိုးတွေ ရှိတတ်တယ်။ ဒီ့အတွက် လူနာတွေဟာ ငါလေများဖြတ်သွားပြီလားဆိုပြီး တွေးရလောက်တဲ့အထိ ဖြစ်တတ်တယ်။ ဖြစ်ပြီဆိုလဲ တစ်ရက်လောက် ခံရတတ်တယ်။ မပြင်းထန်တဲ့ အဆင့်ဆိုရင်တော့ ပါရာစီတမောလို iburprofen လို အကိုက်အခဲ ပျောက်ဆေးကို သောက်သုံးနိုင်ပါတယ်။ ဆိုးဝါးပြင်းထန်လာရင်တော့ ဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့ ခေါင်းကိုက်ရောဂါတွေလည်း များစွာ ရှိပါသေးတယ်။ ဆေးလိပ်သောက်တတ်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များတဲ့ Cluster headache ဆိုတာလည်း ရှိပါသေးတယ်။ ဒီခေါင်းကိုက်ရောဂါက ဆိုးဝါးပြင်းထန်ပါတယ်။ တစ်နေ့ကို ခေါင်းကိုက်တဲ့ အကြိမ်ရေ တစ်ကြိမ်ကနေ ၈ ကြိမ်လောက်ထိ ရှိနိုင်တဲ့ အပြင် တစ်လ ကနေ ၃ လလောက်ထိ ခံစားရတတ်တယ်။ သူခေါင်းကိုက်တဲ့ ပုံက ခေါင်းတစ်ဖက်ပဲ ကိုက်တယ်။ မျက်စိရဲ့ အနောက်ကနေစကိုက်တတ်ပြီး မျက်ရည်တွေကျတတ်တယ်။ မျက်စိကြီးက နီရဲပြီး မျက်ခွံတွဲကျနေတာမျိုး ရှိတတ်တယ်။ တစ်ခါကိုက်ရင် မိနစ် ၃၀ ကနေ ၆၀ လောက်ထိ ကြာတတ်တယ်။ ဒီခေါင်းကိုက်ဝေဒနာက အရမ်းပြင်းထန်တယ်။ ခေါင်းကိုက်လွန်းတဲ့အတွက် ဂဏာမငြိမ် ဖြစ်နေတတ်တယ်။ တချို့ဆို ခေါင်းကို တစ်ခုခုနဲ့ ဆောင့်နေရတဲ့အထိ ဆိုးတတ်တယ်။
ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ တခြားရောဂါတွေလည်း အများကြီး ရှိပါသေးတယ်။ ရေဓာတ်နည်းတာ၊ အိပ်ချိန်နည်းလွန်း များလွန်းတာ၊ အရက်သေစာတွေကြောင့်လည်း ခေါင်းကိုက်နိုင်သလို တခြား ရောဂါတွေဖြစ်တဲ့ ထိပ်ခပ်နာရောဂါ၊ သွေးတိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနဲ့ အအေးမိတာတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။
ဒါကြောင့် ဘယ်လိုပုံမျိုးနဲ့ ခေါင်းကိုက်တယ်ဆိုရင်တော့ အရေးကြီးတယ်၊ ဆရာဝန်နဲ့ ပြသင့်တယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။
-အသက် ၅၀ ကျော်မှ ပထမဆုံး ခေါင်းကိုက်တယ်
-ခေါင်းကိုက်နေကျ ပုံစံက ရုတ်တရက် ပြောင်းသွားတယ်
-ကိုက်တာ အရမ်းပြင်းထန်ဆိုးဝါးတယ်
-ချောင်းဆိုးတာ ဒါမှမဟုတ်ရင် လှုပ်ရှားမှု့ တစ်ခုခုကြောင့် ခေါင်းကိုက်တာ ပိုဆိုးတာမျိုး ဖြစ်တယ်ဆိုရင်
-ပြုမှုပြောဆိုပုံတွေ ပြောင်းသွားတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု့တွေ ပါရှိနေတယ်
-ခေါင်းကိုက်တာ အပြင် အပြင်းဖျားတာ၊ ခေါင်းကြီး တောင့်သွားတာ၊ စကားတွေ ဝါးသွားတာ၊ တက်တာမျိုး ရှိတယ်ဆိုရင်
-ခေါင်းထဲမှာ တစ်ခုခု ပေါက်ကွဲသွားသလိုမျိုး ခံစားရပြီးမှ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာဆိုရင်
-ကင်ဆာ ရောဂါရှင်တွေနဲ့၊ တခြား ကိုယ်ခံအားစနစ် ချို့ယွင်းရောဂါရှင်တွေမှာ ခေါင်းကိုက်ရင်တော့ တခြား ဆိုးဝါးတဲ့ ရောဂါ တစ်ခုခု ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်တယ်လို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။
Author : Dr. မေ