ပျားရည်
အသားအရေ ရှင်းသန့်ဖို့ဆိုရင် အဓိက အသားလေးဝင်းဝါစိုပြေဖို့ အရေးကြီးပါတယ်။ ပျားရည်ကလည်း အသားစိုပြေဖို့အတွက် အရေးပါတဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်ပါတယ်။ ပျားရည်မှာ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
– ပျားရည်ကို အသားအရေပေါ်သုတ်လိမ်းပေးပါ။ သဘာဝအတိုင်း ခြောက်အောင်ထားပြီး ရေခပ်နွေးနွေးလေးနဲ့ဆေးပေးပါ။ ရေနဲ့ဆေးပေးပြီးတဲ့အခါမှာတော့ မျက်နှာလေးဟာ အရင်နဲ့မတူ ဝင်းဖန့်စိုပြေလာတာကို တွေ့ရမှာပါ။ နူးညံ့ပျော့ပျောင်းလာတာကိုလည်း တွေ့ရမှာပါ။ နေ့စဉ် ဒါမှမဟုတ် တစ်ရက်ခြား၊ နှစ်ရက်ခြားပြုလုပ်ပေးပါ။
နောက်တနည်းကတော့ နွားနို့လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ရောမွှေပါ။ ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထပ်ရောပေးပါ။ နှံ့အောင်ရောမွှေပြီးသွားပြီဆိုရင်တော့ မျက်နှာမှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ကြာအောင် ထားပြီးတဲ့အခါ ရေခပ်နွေးနွေးနဲ့ ဆေးပေးပါ။ မျက်နှာလေး ကြည်လင်ဝင်းပလာပါလိမ့်မယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်မှာ အသားအရေအတွက် ကောင်းကျိုးတွေ အများကြီးပါပါတယ်။ ရှားစောင်းလက်ပတ်မှာ ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်လို့ ဝက်ခြံတွေကို သက်သာနိုင်စွမ်းရှိပါတယ်။ ရောင်ရမ်းမှုတွေကိုပါ ချေဖျက်ပေးနိုင်တဲ့အတွက် အသားအရေစပ်ဖျဉ်း ယားယံမှုတွေကိုပါ သက်သာစေပါတယ်။ အမာရွတ်တွေကိုပါ သက်သာပျောက်ကင်းစေနိုင်စွမ်းရှိပါတယ်။ ရှားစောင်းလက်ပတ်မှာ အသားအရေတွေကို စိုပြေနိုင်စွမ်းရှိတဲ့အပြင် အရေပြားဆဲလ်သစ်တွေကိုပါ ဖြစ်ပေါ်စေပါတယ်။
– ရှားစောင်းလက်ပတ်ထဲက အနှစ်တွေကို ထုတ်ယူပါ။
– မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။
– နာရီဝက်လောက်ထားပြီးတဲ့အခါ ရေခပ်နွေးနွေးနဲ့ ဆေးကြောပေးပါ။
– နေ့စဉ် ဒါမှမဟုတ် အားရင်အားသလို အချိန်ပေးနိုင်ရင် ပေးနိုင်သလို ပြုလုပ်ပေးပါ။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါဟာ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းညှိပေးပါတယ်။ မုန့်ဖုတ်ဆိုဒါမှာလည်း ပိုးမွှား (ဘက်တီးရီးယား)တွေနဲ့ အရေပြားရောင်ရမ်းမှုတွေကို သက်သာစေနိုင်စွမ်းရှိတဲ့အတွက် ဝက်ခြံနဲ့အမဲစက်တွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ ဖုန့်မှုန့်နဲ့ အညစ်အကြေးတွေ၊ အရေပြားဆဲလ်သေတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
– မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဇွန်းစာကို သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းစာနဲ့ ရောနယ်ပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်ကို ညင်သာစွာ သုတ်လိမ်းပေးပါ။ ဆယ့်ငါးမိနစ် (ဒါမှမဟုတ်) နာရီဝက်လောက်ကြာတဲ့အခါ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပေးပြီး မျက်နှာကို ခြောက်အောင် မျက်နှာသုတ်ပုဝါလေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
– နောက်တစ်နည်းကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဇွန်းစာနဲ့ ပျားရည်အနည်းငယ် ရောနယ်ပါ။ မျက်နှာကိုသုတ်လိမ်းပြီး တစ်မိနစ်ခန့် ညင်သာစွာနှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်လောက် ထားပေးပြီးတဲ့အခါ ရေခပ်နွေးနွေးလေးနဲ့ ပြန်သစ်ပါ။ ပြီးမှ ချွေးပေါက်လေးတွေပြန်ပိတ်အောင် ရေအေးလေးနဲ့ ပြန်သစ်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပါ။
Author: ဖြိုးသူဇာ, Healthcare Journal, vol 8, no 44 (17.11.17)