ကျွန်တော်တို့ရဲ့ စိတ်ကူးအိမ်မက်တွေ တော်တော်များများမှာ အမြင်အာရုံတွေ ပါနေတတ်ပါတယ်။ အာရုံ ၆ ပါးလုံးက တစ်ခန်းတစ်ကဏ္ဍစီ အရေးပါပေမယ့် အမြင်အာရုံဆိုတာ တခြားအာရုံတွေထက် ပိုပြီး အရေးပါသလိုပါပဲ။ မှောင်နေတဲ့အခန်းငယ်တစ်ခုမှာတောင် တော်ရုံနဲ့ နေသားမကျနိုင်တဲ့ ကျွန်တော်တို့ဟာ အမြင်အာရုံတွေသာ ဆုံးရှုံးသွားရမယ့် ဘဝဆိုတာ တွေးကြည့်ဖို့တောင် ခက်လှပါတယ်။
ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ အမြင်အာရုံ ချို့ယွင်းမှုကို များစွာသောလူတွေဟာ ခံစားနေရပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ တစ်ကမ္ဘာလုံးမှာ အမြင်အာရုံ ကွယ်ပျောက်နေသူ ၃၆ သန်းလောက် ရှိနေပြီး ၂၁၇ သန်းဟာဆိုရင် ဆိုးရွားလှတဲ့ အမြင်အာရုံပိုင်း ဆိုင်ရာ ချို့ယွင်းမှုတွေကို ခံစားနေရပါတယ်။ ခံစားရနေသူရဲ့ ၈၁% လောက်ဟာ အသက် ၅၀ ထက် အရွယ်တွေဖြစ်ကြပြီး အဓိက ဖြစ်စေတဲ့ အချက်ကတော့ လူတိုင်းသိတဲ့ အတွင်းတိမ် ပြဿနာပဲ ဖြစ်ပါတယ်။
အတွင်းတိမ်ကို မကုဘဲ ထားလိုက်မိရင် မျက်စိကွယ်သွားနိုင်ပါတယ်။ များသောအားဖြင့် အတွင်းတိမ် ဆိုတာမျိုးဟာ ရောဂါ လက္ခဏာ ပြလေ့မရှိတဲ့အတွက် ရှိနေမှန်းလည်း တော်ရုံမသိကြပါဘူး။ အတွင်းအိမ်ရှိရင် အမြင်အာရုံဝါးတာ ၊ မှုန်ပျပျပဲ မြင်ရတာ ၊ အလင်းရောင် စူးစူးကို မခံနိုင်တာတွေ ဖြစ်တတ်တယ်။ စာဖတ်တာ ဒါမှမဟုတ် တခြားတစ်ခုခုကို လုပ်တော့မယ်ဆိုရင်လည်း တခြားသူတွေထက် အလင်းရောင်ကို ပိုလိုအပ်တတ်တယ်။ နှစ်ထပ်မြင်တာတွေ၊ ကြည့်နေရင်း ဝါးသွားတာတွေ ဖြစ်တတ်တယ်။ မကြာခဏ မျက်မှန်ပါဝါတွေ ပြောင်းရတတ်တယ်။ ဒါကြောင့် မိမိအနေနဲ့ ဒီလိုမျိုး လက္ခဏာတွေ ခံစားနေရရင် မျက်စိစစ်ဆေးကြည့်ဖို့ လိုပါတယ်။
နောက်အဖြစ်များတာ တစ်ခုကတော့ အလင်းပြန်ခြင်း ဆိုင်ရာ ပြဿနာ တစ်ခုပါပဲ။ မျက်စိဟာ အပြင်က အရာဝတ္ထုတစ်ခုကို focus ပြန်လုပ်ပေးရပါတယ်။ အဲလို focus လုပ်ပေးတဲ့နေရာမှာ တစ်စုံတစ်ရာ မှားယွင်းရာကနေ တဆင့်လည်း မျက်စိကွယ်သွားနိုင်ပါတယ်။ အနီးမှုန် ၊ အဝေးမှုန် ၊ စလင်တာ စတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ မရပေမယ့် ဖြစ်လာခဲ့ရင် မျက်မှန်လုပ်ပေးတာ၊ ခွဲစိတ်မှုပြုလုပ်တာတွေလုပ်ပြီး မျက်စိအမြင်အာရုံ ပျောက်ကွယ်ခြင်း မဖြစ်အောင် လုပ်လို့ရပါတယ်။ ကလေးတွေမှာ မျက်စိကွယ်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီခေတ်မှာ ဆီးချိုသွေးတိုးတွေ တော်တော်လေး ဖြစ်ကြပါတယ်။ ဒီရောဂါတွေဟာလည်း သေချာကုသမှု မခံယူဘူးဆိုရင် မျက်စိကွယ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးတိုး ရောဂါတွေ ခံစားနေရပြီဆိုရင် မျက်စိကို ပစ်ပယ်မထားသင့်ပါဘူး။ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်နေရမှာ ဖြစ်ပါတယ်။ ရေတိမ်ရောဂါတွေ အသက်ကြီးရင် ဖြစ်တတ်တဲ့ မျက်ကြည်လွှာ ကွာကျတဲ့ ပြဿနာတွေကလည်း မျက်စိကွယ်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။
မျက်စိကွယ်တာ အသက် ၅၀ ကျော်မှ ကွယ်တာမဟုတ်ပါဘူး။ ကမ္ဘာ့ ကလေးငယ်တွေရဲ့ ၁၂ သန်းလောက်ဟာ မျက်စိအမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားနေရပါတယ်။ အဲဒီထဲကမှ ၁.၄ သန်းလောက်ဟာ ဘယ်လိုမှ ပြန်လည်ကုသလို့ မရတော့ဘဲ မျက်မမြင်ဘဝကို ရောက်ရှိနေရပါတယ်။
တချို့ ကလေးငယ်လေးတွေမှာ မျက်စိစွေနေတာမျိုးတွေ တွေ့ဖူးကြမှာပါ။ မျက်စိစွေနေတာကို ကုသမှုတွေ မပြုလုပ်တဲ့အခါမှာလည်း ကြာလာတဲ့အခါမှာ အားနည်းတဲ့ မျက်စိတစ်ဖက်က အမြင်အာရုံ ဆုံးရှုံးသွားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး မျက်စိစွေနေတယ်ဆိုရင် မျက်မှန်တပ်ပေးတာဖြစ်ဖြစ် ၊ ခွဲစိတ်ကုသတာပဲဖြစ်ဖြစ် ၊ နှစ်မျိုးပေါင်း ကုသမှု ခံယူတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ချစ်စရာကောင်းတယ်ဆိုပြီး ဒီအတိုင်း ကြည့်မနေသင့်ပါဘူး။
လေဖြတ်ခြင်းတွေ ၊ ဦးနှောက်အတွင်း သွေးခဲခြင်းတွေ ၊ မျက်စိကိုသွားတဲ့ သွေးကြောတွေ ပိတ်တာ ဒါမှမဟုတ် မျက်စိအာရုံကြောတွေ ရောင်ရမ်းတာတွေကလည်း မျက်စိကွယ်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားနဲ့ဆိုင်တဲ့ တချို့ရောဂါတွေကလည်း မျက်စိကွယ်ခြင်းတွေကို ဖြစ်စေတတ်ပါသေးတယ်။
တစ်ခါတစ်လေမှာ မျက်စိကို ထိခိုက်မိတာတွေ ၊ ဒဏ်ရာရတာတွေကလည်း မျက်စိကွယ်စေတတ်ပါတယ်။ မျက်စိကို ဓားထိုးခံရတာတွေ ၊ မတော်တဆ အရည်တစ်ခုခု ဝင်သွားတာတွေကလည်း မျက်စိကွယ် စေနိုင်ပါသေးတယ်။
အခုခေတ်မှာ ဖုန်းတွေ ၊ ကွန်ပျူတာတွေကလည်း မျက်စိအမြင်အာရုံကို ပိုမိုဆိုးဝါးစေပါတယ်။ သွေးချိုဆီးချို ပြဿနာတွေ ရေတိမ် ၊ အတွင်းတိမ် ပြဿနာတွေကြောင့် မျက်စိအမြင်အာရုံတွေ ပိုမိုကွယ်ပျောက်စေပါတယ်။ ဒီပုံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၂၀ လောက်မှာ မျက်စိကွယ်သူ ဦးရေ ၃၈.၅ သန်းလောက်ကနေ ၂၀၅၀ မှာ ဦးရေ ၁၁၅ သန်းလောက်တောင် ဖြစ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါသေးတယ်။
မျက်စိအမြင်အာရုံ ကွယ်ပျောက်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာ တော်တော်များများကလည်း ၈၀% လောက်က ကြိုတင်ကာကွယ်တာဖြစ်ဖြစ် ၊ ကုသတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒါကြောင့် မျက်စိနဲ့ ပတ်သက်ရင် မပေါ့ဆဘဲ ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဖုန်းတွေ ၊ ကွန်ပျူတာတွေ ကြည့်ရင်လည်း တောက်လျှောက် ကြည့်တာမျိုး မလုပ်ဘဲ တစ်နာရီလောက်ကြည့်ပြီးတိုင်း ခဏနားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ မျက်စိအားကောင်းစေတဲ့ ဗီတာမင်အေ ပါတဲ့ အဝါရောင် လိမ္မော်ရောင်ရှိတဲ့ အသီးအနှံတွေ စားသုံးပေးသင့်ပါတယ်။ ဆီးချိုသွေးချိုရောဂါတွေ ရှိနေရင်လည်း ပုံမှန်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။ အားလုံး စက္ခုအမြင်လေးတွေ လင်းဖြာစေဖို့ ဆုမွန်ကောင်းတောင်းရင်း ………………..
Author : Dr.မေ