fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

မပေါ့ဆသင့်ပါ အစာမကြေရောဂါ

အစာမကျေ ရင်ပြည့်ရင်ကယ် ဗိုက်အောင့်ဗိုက်နာ ဆိုတာလူတိုင်းဖြစ်ဖူးကြုံဖူးကြသလို ဆရာ၀န်များအတွက်လည်း ထူးဆန်း‌သော ရောဂါလက္ခဏာမျိုးမဟုတ်ပါ။
ရင်ကြီးကယ်နေလို့ ဗိုက်ကြီးတောင့်နေလို့ ဆိုသော အကြောင်းများဖြင့် ဆေးခန်းရောက်လာသူတို့မနည်းလှပါ။ ဆရာ၀န်တိုင်းလည်း ကုတတ်ကြပါသည်။
ထိုကြောင့် ဒီလို လက္ခဏာတေခံစားရလျှင် ပေါ့ပေါ့ဆဆနေမိသည့်သူများလည်းမနည်းရှိပါသည်။ ဒါဆို ဘယ်လိုအခါတွေမှာ အရေးကြီးသလဲ ဆိုတာသည် လူအများအတွက်သိသင့်စရာ ကျန်းမာရေးဗဟုသုတတစ်ခု ဖြစ်လာပါသည်။

အစာမကြေခြင်း (dyspepsia)ဆိုသည်မှာ…….
အစာမကြေခြင်း (dyspepsia) ဟူသည် ရောဂါတစ်ခုတော့မဟုတ်ပါ။ ရောဂါကြောင့်ခံစားရသော လက္ခဏာတစ်ခုဖြစ်ပါသည်။ ထိုသို့ အစာမကြေခြင်းလက္ခဏာများတွင်
ရင်ပူခြင်း
ဗိုက်အောင့် ဗိုက်နာ ဗိုက်ကယ်ခြင်း
ရင်ပြည့်ရင်ကယ်ခြင်း
လေမကြာခဏတက်ခြင်း
ပျို့ချင်အန်ချင် ဖြစ်ခြင်း စသည်များလည်း အကျုံး၀င်ပါသည်။

ခံစားရခြင်းအကြောင်းရင်း……
ထိုလက္ခဏာများ၏ အကြောင်းရင်းဖြစ်သောရောဂါများသည်လည်း အရေးကြီးကုသဖို့ လိုအပ်သောရောဂါများပါ၀င်သလို သူ့အလိုလိုပျောက်ကင်းသွားသည့် သို့မဟုတ် ကုသမှုယူပြီးနောက် အရှင်းပျောက်ကင်းသွားကြသော ရောဂါများလည်း ပါ၀င်ပါသည်။
အများစုမှာ ရောဂါမယ်မယ်ရရရှိလို့မဟုတ်ပဲ ရိုးရိုးအစာမကျေခြင်း‌ကြောင့်ဖြစ်ပြီး ဆေးသောက်ရုံနှင့်ပျောက်ကင်းကြပါသည်။

အချို့မှာမူ
အစာအိမ်အနာဖြစ်ခြင်းကြောင့်၊
အစာအိမ်မှ အက်စစ်များလည်ချောင်းတွင်းရှိ အစာရေမြိုထဲသို့တက်လာသောရောဂါကြောင့်၊
အစာအိမ်တွင်းပိုး၀င်ခြင်းကြောင့်၊
၀မ်းဗိုက်တွင်းရှိမုန့်ချိုအိပ်ယောင်ခြင်းကြောင့်၊
သိုင်းရိုက်ဟော်မုန်းများသော လည်ပင်းကြီးရောဂါကြောင့်၊
ကိုယ်၀န်ကြောင့်၊
နောက်ဆုံး အစာအိမ်ကင်ဆာ ရောဂါကြောင့် စသည့် အကြောင်းများ‌‌ကြောင့်လည်း ခံစားရနိုင်ပါသည်။

အဖြစ်များသူများ…..
လူအများထဲတွင် အစာမကြေလက္ခဏာများပို၍ ခံစားရနိုင်သော လူများမှာ-
အရက်သောက်သုံးထားသူများ၊
ဆေးလိပ်သောက်သူများ၊
Aspirin ကဲ့သို့ အကိုက်အခဲပျောက်ဆေးများသောက်သုံးထားသူများ၊
ပဋိသန္ဒေတားဆေး သောက်သုံးနေသူများ၊
စိတ်ကျနေသူများ၊ အစိုးရိမ်လွန်တတ်သူများ၊
အသက်ကြီးသူများနှင့်
အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။

ဘယ်လိုကာကွယ်ကြမလဲ….
အစာမကြေဖြစ်တတ်သူများသည်
အစားနည်းနည်းကို အကြိမ်ရေ ပိုစားခြင်း၊
အစားကိုဖြည်းဖြည်း ဝါးစားခြင်း၊
အလွန်ချဉ်သော အစာများကို လျော့စားခြင်း၊
လက်ဖက်ရည်၊ ကော်ဖီလျော့သောက်ခြင်း၊
အရက်၊ဆေးလိပ်ရှောင်ကျဉ်ခြင်း၊
အစာစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်ခြင်းမျိုးမရှိအောင်ရှောင်ခြင်း၊
စားပြီးပြီးချင်းလှဲတတ်သောအကျင့်မရှိအောင်နေခြင်း၊
အိပ်ရာမ၀င်ခင် အနည်းဆုံးသုံးနာရီခန့်အတွင်း အစားမစားမိအောင်နေခြင်း၊
စိတ်ဖိစီးမှာများလျော့ကျအောင်လေ့ကျင့်ခြင်း စသည့် အလေ့အကျင့်များ မွေးမြူခြင်းဖြင့်လည်း အတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ပါသည်။

အစာမကျေခြင်းလက္ခဏာများခံစားရလျင်…….
မြန်မာများအတွက်ကတော့ လျက်ဆားလေးပြေးလျက်လိုက်ရုံနဲ့သက်သာသွားသောသူများရှိသလို အချို့လည်း ဆေးဆိုင်က air x, kremil S စသည်ဖြင့်၀ယ်သောက်တတ်ကြပါသည်။ တချို့တော့ ဆေးခန်းသွား ဆရာ၀န်ပြပြီး စနစ်တကျ ရောဂါရှာ ကုသူများလည်းရှိပါသည်။
မည်သို့ပင်ဆိုစေ ဖြစ်ရသည့်အကြောင်းရင်းခံရောဂါများတွင် အရေးကြီးရောဂါများလည်းပါ၀င်နေသောကြောင့် ပေါ့ဆ မနေသင့်သည်ကတော့ သေချာပါသည်။ သို့ဆိုလျင်မည်သည့်အခါမျိုးတွင် အရေးကြီးသည်ဟုယူဆရမလဲ ဆိုသည်မှာ လူအများသိသင့်သည့် ဗဟုသုတ တစ်ခုဖြစ်လာပြန်ပါသည်။

ဆေးခန်းဆေးရုံ ဘယ်တော့သွားမလဲ……
အန်သည့်ထဲ သို့မဟုတ် ၀မ်းထဲတွင် ‌သွေးပါလာလျင်၊
အစားအသောက် စားချင်စိတ်ပျောက်လျင်၊
ကိုယ်အလးချိန် အချိန်တိုအတွင်းသိသိသာသာကျဆင်းသွားလျင်
ဗိုက်အလွန်အမင်းနာကျင်လျင်၊
မောလျင်၊
လက်မောင်းထိပ်၊မေးရိုးနာကျင်မှုများဖြင့်တွဲလျင်
အရေးကြီးရောဂါများဖြစ်နေနိုင်ပါသဖြင့်ဆရာ၀န်နှင့်ပြသကာ ရောဂါရှာဖို့အရေးကြီးပါသည်။
ထိုကြောင့် အစာမကြေခြင်းသည် အဖြစ်လည်းများသလို ကြောက်စရာလည်းမဟုတ်သော လက္ခဏာတစ်ခု မဟုတ်သော်လည်း ခဏခဏဖြစ်လျင် သို့မဟုတ်ကြာရှည်ခံစားလာရလျင် ပေါ့ဆကာမနေသင့်ကြောင်းကို‌လည်း သတိချပ်စေချင်ပါသည်။ လိုအပ်သည့်အချိန်တွင် ကုသမှုခံယူ ၍ ရောဂါရှာရန်လည်း မနှောင့်နှေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

ဒေါက်တာ ဖြိုးဆုရည်မွန်

ဆက်စပ် ဆောင်းပါးများ