ရေသောက်များတာ ကောင်းသလား
ရေများများသောက်တာ ကျန်းမာရေးအတွက် ကောင်းလား? ရေသည် ကိုယ်ခန္ဓာအတွက်အဓိကလိုအပ်သော အရာတစ်ခု ဖြစ်ပါတယ်။ သို့သော် `တန်ဆေး လွန်ဘေး´စကားအရ လိုအပ်တာထက် ပိုသောအခါ ကိုယ်ခန္ဓာအတွက် ဆိုးကျိုးဖြစ်လာစေနိုင်ပါတယ်။ အချို့သောလူများအတွက် ရေအလွန်အကျွံသောက်သောအခါ သို့မဟုတ် လိုအပ်တာထက် ပိုသောက်သောအခါ အဆိပ်အတောက်ဖြစ်လာစေနိုင်ပါတယ်။
ရေဘယ်လောက်သောက်သင့်သလဲ????
ရေသောက်များခြင်းရဲ့ ဆိုးကျိုးကလည်း ကြောက်စရာ ကောင်းပါတယ်။ ကျန်းမာသောလူတစ်ယောက်အတွက် ရေတနေ့ ၃ လီတာခန့် သောက်သုံးသင့်ပါတယ်။ သို့သော် လူတဦးချင်းစီရဲ့ နေထိုင်မှုပုံစံ၊ ရာသီဥတု၊ အစားအသောက် ပုံစံပေါ်မူတည်၍ အနည်းငယ် လိုအပ်ချက်ပြောင်းလဲမှု ရှိနိုင်ပါတယ်။
– ရေငတ်တိုင်း ရေသောက်လို့ရပါတယ်။
– အစားအသောက်တွင် ရေဓာတ်များစွာ ပါဝင်နေလျှင် ရေသီးသန့် သောက်စရာမလိုပဲ ရေဓာတ်ပြည့်နေတတ်ပါတယ်။ အငန်ဓာတ်ကဲသော အစာများစားမိပါက ရေပိုသောက်ရန် လိုအပ်ပါတယ်။
– ဆီးအရောင်ဝါနေပါက ရေပိုသောက်ရန် လိုအပ်ပါတယ်။ အစားအသောက်တွေကြောင့်လည်းဝါနေတတ်ပါတယ်။
ရေသည် လူကိုယ်ခန္ဓာအတွက် အကျိုးပြုသော အရာဆိုသော်ငြားလည်း လိုအပ်တာထက်ပိုသောက်သောအခါ သို့မဟုတ် ရောဂါအခံရှိသောအခါ အောက်ပါဆိုးကျိုးများ ခံစားရလာနိုင်ပါတယ်။
(၁) ဆိုဒီယမ်နည်းခြင်း
သွေးတွင်းရှိ ဆိုဒီယမ်ဓာတ်သည် ကိုယ်ခန္ဓာရဲ့ ဓာတ်အချို့ လုပ်ဆောင်မှု့အပေါ် သက်ရောက်ပြီး အဆိုပါဓာတ်များသည် ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်များကို ထိန်းညှိပေးပါတယ်။ ရေများလွန်ကဲစွာသောက်မိလျှင် သွေးထဲရှိ ဆိုဒီယမ်ဓာတ်နည်းကာ ပျို့အန်၊ နုံးချိ၊ ဆီးသွား၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ခေါင်းကိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။
(၂) နှလုံးအလုပ်ပိခြင်း
နှလုံးသည် သွေးလည်ပတ်မှုအတွက် အဓိက သော့ချက်နေရာဖြစ်ပါတယ်။ ရေပိုသောက်လျှင် သွေးပမာဏာ များလာပါလိမ့်မယ်။ နှလုံးနှင့် သွေးကြောဖိအားများစေပြီး နှလုံးအလုပ်ပိစေပါတယ်။
(၃) ကျောက်ကပ်ထိခိုက်ခြင်း
ကျောက်ကပ်သည် မလိုလားအပ်သော ရေများစစ်ထုတ်ပေးရာ တည်နေရာတစ်ခု ဖြစ်ပါတယ်။ ရေလွန်ကဲသောအခါ စစ်ထုတ်နိုင်သော ပမာဏကျော်လွန်၍ မစစ်ထုတ်နိုင်သောအခါ ကိုယ်တွင်းဆိုးရွားသော ကျန်းမာရေးအခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။
(၄) ဆဲလ်များဖောင်းပွခြင်း
ရေပိုသောအခါ ဆဲလ်တွင်း ရေဓာတ်များဖောင်းပွကာ သွေးတွင်းဓာတ်များ မညီမျှမှုဖြစ်၍ အန္တရာယ်ရှိသော အခြေအနေ ဖြစ်စေပါတယ်။
(၅) ဦးနှောက်ဆဲလ်များဖောင်းခြင်း
ရေပိုသောအခါ သွေးကြောအတွင်းရေများကာ ဦးနှောက်ဆဲလ်များအတွင်း လျှံထွက်ပြီး ဦးနှောက်ဆဲလ်များဖောင်းခြင်း (brain edema) အဖြစ်သို့ ရောက်ရှိနိုပါတယ်။ ပြင်းထန်ပါက ဦးနှောက်သေခြင်း၊ ဦးနှောက်ကျွံခြင်း၊ နှင့် အသက်ရှူလမ်းကြောင်း ပြဿနာများ ရင်ဆိုင်ရနိုင်ပါတယ်။
(၆) ပိုတက်ဆီယမ်သည် အရေးကြီးသော အာဟာရဓာတ် တမျိုးဖြစ်ပါတယ်။ ရေပိုသောက်လျှင် ပိုတက်ဆီယမ်လျော့ပြီး ရင်ဘတ်အောင့်ခြင်းနှင့် ခြေသလုံးနာခြင်း ဖြစ်စေနိုင်ပါတယ်။
(၇) အစာအိမ်သည်လည်း ရေပိုသာက်၍ ဓာတ်များမညီမျှမှုကြောင့် အစာအိမ်ပြဿနာအချို့ ရင်ဆိုင်ရနိုင်ပါတယ်။
(၈) အချို့ရေများတွင် ထုံးဓာတ်များ ပါဝင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်းများ ဖြစ်စေနိုင်ပါတယ်။
(၉) ရေပိုသောက်လျှင် ဆီးပိုသွားကာ ကိုယ်ခန္ဓာအတွက် လိုအပ်သော စုပ်ယူမူမရှိဘဲ စုပ်ယူမူဖြစ်စဉ် ပျက်ဆီးယိုယွင်းမှု ဖြစ်စေပါတယ်။
ထို့ကြောင့် ရေ သောက်ပါ။ သို့သော် လွန်ကဲစွာ သောက်မိလျှင်လည်း ဖြစ်နိုင်သော ဆိုးကျိုးများ ခံစားရတတ်ပါတယ်။ အချို့သော နှလုံးနှင့် ကျောက်ကပ်ဝေဒနာရှင်များသည် ဆရာဝန်ညွန်ကြားချက်အတိုင်းသာရေကို သောက်သုံးသင့်ပါသည်။
Author : Dr. ပြည့်ရှင်း