fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

နလုံးကြွက်သားဆိုင်ရာ ရောဂါအကြောင်းသိကောင်းစရာ

နလုံးကြွက်သားဆိုင်ရာ ရောဂါအကြောင်း သိကောင်းစရာ

               Cardiomyopathy ဆိုတာ နှလုံးရောဂါတမျိုးပါပဲ။ နှလုံးကြွက်သားတွေအကြောင်း တခုခုကြောင့် ထိခိုက်ပျက်စီးရာကနေ ဖြစ်လာတာပါ။ အရပ်အခေါ်အနေနဲ့တော့ နှလုံးကြွက်သားအားနည်းတဲ့ ရောဂါလို့လည်း ခေါ်ကြပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်း တိတိကျကျကိုတော့ ယခုထိမသိသေးပါဘူး။ သို့သော် ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါ။

               ထိုဖြစ်နိုင်တဲ့အကြောင်းတွေပေါ် မူတည်ပြီး Cardiomyopathy ရောဂါကို အမျိုးအစားအများကြီးခွဲထားပါတယ်။ သိသလောက်အနေနဲ့ပြောရရင်တော့

– မွေးရာပါဖြစ်တဲ့ Hypertrophic Obstructive Cardiomyopathy

– အရက်သောက်လို့ သို့မဟုတ် ပတ်ဝန်းကျင်က အဆိပ်အတောက်ဓါတ်ပစ္စည်း (Toxic chemicals) တွေနဲ့ထိမိရှုမိရာမှ ဖြစ်တဲ့ Dilated Cardiomyopathy

– နှလုံးသွေးကြောကျဉ်းရာကနေဖြစ်လာတဲ့ Ischaemic Cardiomyopathy

– ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့မီးဖွားပြီးခါစမှာဖြစ်တတ်တဲ့ Peripartum and Post partum Cardiomyopathy

– စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့်ဖြစ်တဲ့ Takotsubo Cardiomyopathy (Broken heart syndrome)

– အဝလွန်ခြင်းနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ Obesity associated Cardiomyopathy

– အစာအာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ Cardiomyopathy due to nutritional deficiency စသဖြင့် အမျိုးအစားတွေအများကြီးရှိပါတယ်။

               နှလုံးကြွက်သားအားနည်းတဲ့ရောဂါ (Cardiomyopathy) ဖြစ်ရင် ဘာလက္ခဏာတွေပြနိုင်လဲ

– အစပိုင်းမှာတော့ အများအားဖြင့် ဘာမှထွေထွေထူးထူးပြလေ့မရှိပါဘူး။ တချို့လူတွေမှာတော့ နှလုံးခုန်မမှန်တာ၊ မြန်နေတာ၊ မူးနောက်နောက်ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ နည်းနည်းလေးလှုပ်လှုပ်ရှားလုပ်တာနဲ့ မောတာ၊ ခြေထောက်တွေရောင်တာတွေ ဖြစ်တတ်ပါတယ်။

– နှလုံးကြွက်သားက ပုံမှန်ညှစ်အားလျော့လာတဲ့အတွက် အစပိုင်းမှာ သွေးပေါင်ချိန်တက်ပေမယ့် ရောဂါကြာလာတာနဲ့အမျှ  သွေးပေါင်ချိန် တဖြည်းဖြည်းကျလာပါတယ်။

– နှလုံးကြွက်သားတွေ ခိုင်မာတောင့်တင်းခြင်း မရှိတော့တဲ့အခါ သွေးတွေကို တကိုယ်လုံးကနေရာတွေဆီ ထောက်ပံ့ပေးနိုင်ဖို့ သာမန်လုပ်နေကျထက် နှစ်ဆလောက်နီးပါး နှလုံးက ပိုအလုပ်လုပ်ရပါတယ်။

– အဲ့အခါမှာ နှလုံးက မနိုင်ဝန်ထမ်းရတဲ့အတွက် တဖြည်းဖြည်း အရွယ်အစားကြီးလာကာ နောက်ဆုံး လုပ်ငန်းတာဝန်မထမ်းဆောင်နိုင်သော (Congestive Cardiac Failure) ခေါ် နှလုံးပန်းတဲ့အဆင့် ရောက်သွားပါတယ်။ အဲ့အဆင့်ရောက်ရင်တော့  လူနာဟာ တကိုယ်လုံးဖောပြီး မောကာ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အချိန်မှီ ဆေးကုသမှုမခံယူရင် ရုတ်တရက်နှလုံးရပ်ကာ သေဆုံးနိုင်ပါတယ်။

                ဒါကြောင့် အပေါ်မှာပြောထားတဲ့ နှလုံးခုန်မြန်တာ၊ အရင်ကမမောဘဲ အခုမှနည်းနည်းလေးလှုပ်ရှားတာနဲ့ မောတာ၊ ခြေထောက်တွေ ရောင်တာတွေရှိရင် ဆရာဝန်နဲ့ ပြသစမ်းသပ်ပြီး စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ အီးစီဂျီဆွဲတာ (ECG)၊ အက်ခိုးရိုက်တာ (Echocardiogram) စသဖြင့် လုပ်နိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ