သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အပိုင်း (၂)
အပိုင်း ၁ မှာ သွေးလွန်တုပ်ကွေး ဘယ်လိုဖြစ်လဲနဲ့ ဖြစ်ရင်ဘယ်လိုတွေခံစားရမလဲ ဖော်ပြခဲ့ပါတယ်။ ခုအပိုင်း ၂ မှာတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုကုမလဲ နဲ့ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ ဆိုတာတွေကိုရေးသားတင်ပြပါမယ်။
သွေးလွန်တုပ်ကွေးစဖြစ်ရင် ကုသနည်းအနေနဲ့ကတော့
အိမ်မှာနားနားနေနေ နေပြီး အရည်များများ (ဓါတ်ဆား၊ အသီးဖျော်ရည်) သောက်တာလုပ်ရပါမယ်။ ကိုကာကိုလာတို့ ကော်ဖီတို့တော့ မသောက်ရပါဘူူး။
ဆေးကတော့ ဗိုင်းရပ်ကြောင့်ဖြစ်တာဖြစ်တဲ့အတွက် တိကျတဲ့ဆေးတော့မရှိပါဘူး။ ဖျားတာ ကိုက်ခဲတာတွေအတွက်က ပါရာစီတမော ပဲသောက်လို့ရပါမယ်။ တခြားအကိုက်အခဲပျောက်ဆေးတွေ လုံးဝမတိုက်သင့်ပါ။
အဖျားကြီးရင် ပေါင်ကြားချိုင်းကြားတို့ကို ရေဖတ်တိုက်တာ၊ နဖူးကိုရေဝတ်တင်တာ၊ စအိုမှ (paracetamol) ဆေးတောင့် ထည့်တာတွေလုပ်ပေးနိုင်ပါတယ်။ အဖျားတက်နေသော လူနာရဲ့ပတ်ဝန်းကျင်ကို အေးအောင်၊ လေဝင်လေထွက်ကောင်းအောင် ထားပေးပါ။
အရမ်းထူတဲ့အကျီအဝတ်အစားတွေမဝတ်ပါနဲ့။
ကြေလွယ်သောအစာများကိုနည်းနည်းချင်းခဏခဏကျွေးပါ။
သွေးထဲမှာရှိတဲ့ သွေးနီဥ သွေးဖြူဥ သွေးမွှားဥအရေအတွက် စစ်တာ Packed Cell Volume (PCV) စစ်တာ စတဲ့သွေးစစ်တာတွေကိုတော့ ဖျားတာသုံးရက်မြှောက်တဲ့နေ့ကစပြီး နောက်၄ရက်လောက်ထိ တရက်တခါစစ်ကြည့်ဖို့လိုပါတယ်။
ဘာမှထွေထွေထူးထူးလည်းမဖြစ် သွေးစစ်တဲ့အဖြေတွေလည်းကောင်းရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ရက်အနည်းငယ်လောက်ဆို အဖျားကျပြီး သက်သာပျောက်ကင်းသွားပါတယ်။
သို့သော် သွေးအဖြေကလည်းမကောင်း သို့မဟုတ် အပိုင်း ၁ မှာ တခါပြောခဲ့တဲ့အတိုင်း ရောဂါအဆင့်ပြင်းထန်ပြီး သွေးကြောတွေထိခိုက်ကာ လူနာက အပြင်းဖျားရာမှ ရုတ်တရက် အဖျားကျသွားတာ၊
အဖျားကျပေမယ့် လူနာက လန်းလန်းဆန်းဆန်းမရှိ စားချင်သောက်ချင်စိတ်လည်းမရှိဘဲ မှိန်းနေတာ သို့မဟုတ် ကယောင်ကတမ်းတွေပြောလာတာ၊
ကိုယ်ကချွေးတွေထွက်ပြီး ခြေဖျားလက်ဖျားတွေအေးစက်လာတာ၊ဝမ်းဗိုက်ရုတ်တရက်နာလာတာ၊ဝမ်းမည်းမည်းသွာတာ၊သွေးအန်တာတွေ စတဲ့ ရှော့ခ် (Shock) ခေါ် အသက်အန္တရာယ်စိုးရိမ်ရတဲ့ လက္ခဏာတွေရှိလာရင်တော့ ဆေးရုံကိုချက်ချင်းပို့ဖို့လိုပါတယ်။
ဒီလိုအချက်တွေမရှိသော်လည်း လူနာက ၁ နှစ်အောက်ကလေးဖြစ်ရင်၊ တအားဝတဲ့သူဖြစ်ရင် တခြားရောဂါအခံတခုခုရှိရင် (ဥပမာ သာလာဆီးမီးယားရောဂါ)၊ ဆေးရုံဆေးခန်းနဲ့ တအားအလှမ်းဝေးတဲ့နေရာမှာနေတာမျိုးဆိုရင်လည်း ဆေးရုံတက်ပြီးကုသဖို့လိုပါတယ်။
သွေးလွန်တုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကိုဆက်ပြောပါမယ်။
အားလုံးသိပြီးတဲ့အတိုင်းပဲ
သွေးလွန်တုပ်ကွေးရောဂါက ခြင်ကျားကိုက်တာကြောင့်ဖြစ်တာပါ။ ဒီတော့ သွေးလွန်တုပ်ကွေးကိုကာကွယ်တဲ့နည်းလမ်းကတော့ ခြင်ကျားအကိုက်မခံရအောင်နေတာပါ။
မိမိအိမ်ရဲ့ ပြတင်းပေါက် တံခါးပေါက်တွေကို ခြင်လုံဆန်ခါတပ်ထားပါ။အာရုဏ်တက်အချိန်နဲ့ ညနေမှောင်စပျိုးချိန်များတွင် အိမ်အပြင်ဘက်တွင်နေထိုင်ခြင်းမျိုးကိုရှောင်ပါ။
အကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ပါ။
ခြင်ပြေးလိမ်းဆေး၊ခြင်မကိုက်လိမ်းဆေးတွေလည်းလိမ်းနိုင်ပါတယ်။
ခြင်မကိုက်ခံရအောင်နေဖို့ဆိုတာက အပြောလွယ်ပေမယ့် လက်တွေ့က မလွယ်ပါဘူး။ ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ ခြင်ပေါက်ပွားမှုနည်းအောင် ပိုးလောက်လန်းနှိမ်နင်းရေးကိုလည်း လုပ်ဆောင်ဖို့လည်း လိုပါတယ်။
အဲဒီအတွက် ဖုံး၊ သွန်၊ လဲ ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ဖွင့်၊ ရှင်း၊ မှုတ် ဒါတွေ လုပ်ရပါမယ်။
ဖုံး – ရေစည်၊ ရေအိုးများကို အဖုံးဖြင့် ‘ဖုံး’ အုပ်ထားပါ။
သွန် – ရေစည်၊ ရေအိုးမှရေများကို ၃ရက်တစ်ခါ ဆေးကြော ‘သွန်’ ပေးပါ။
လဲ – အိမ်ဘုရားစင်ရှိ သောက်တော်ရေ၊ဘုရားပန်းအိုးရေတို့ကို တရက်တခါ ‘လဲ’ပေးပါ။
စစ် – ရေစည်၊ ရေအိုးထဲရေအသစ်ထည့်လျှင် ပိုးလောက်လန်းကင်းစေရန် ရေစစ် နဲ့ ‘စစ်’ ပြီးမှထည့်ပါ။
ခပ် – ရေစည်၊ ရေအိုးတွင်းမှ ပိုးလောက်လန်းများတွေ့လျှင် ရေခွက်နဲ့ ‘ခပ်’ထုတ်ပစ်ပါ။
လောင်း – ကြောင်အိမ်အောက်ခံရေခွက်များထဲသို့ စက်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီတခုခု‘လောင်း’ ထည့်ထားပါ။
ထောင် – ဘယ်အချိန် ဘယ်နေရာမှာပဲ အိပ်အိပ် ခြင်ထောင် ‘ထောင်’ အိပ်ပါ။
မြှုပ် – မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ နို့ဆီခွက်၊ အုန်းမှုတ် ခွက်၊ အိုးခြမ်းကွဲများကိုမြေ ‘မြှုပ်’ ပါ။
ဖွင့် – နေအိမ်အတွင်းနေရောင်ခြည်နဲ့ လေကောင်းလေသန့် ဝင်နိုင်ရန် ပြတင်းပေါက် ‘ဖွင့်’ ပါ။
ရှင်း – အိမ်တွင်းအိမ်ပြင် ရေမြောင်းများသန့် ‘ရှင်း’ ပါစေ။
မှုတ် – ခြင်နဲ့ပိုးလောက်လန်းနှိမ်နှင်းရန် ဆေးဖျန်းဆေးမှုတ် အဖွဲ့ရဲ့ အကူအညီကိုရယူပြီး ခြင်ဆေး ‘မှုတ်’ ပါ
အခုနောက်ပိုင်းမှာ သွေးလွန်တုပ်ကွေးကာကွယ်ဖို့အတွက အဲဒီအတွက် ဖုံး၊ သွန်၊ လဲ ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ဖွင့်၊ ရှင်း၊ မှုတ် ဆိုတဲ့အချက်တွေအပြင် ‘ထည့်’၊ ‘စိမ်’ ဆိုတဲ့အချက်နှစ်ချက်ပါ ထည့်သွင်းပြီး လုပ်ဆောင်လာကြပါတယ်။
ထည့်တယ်ဆိုတာ ရေထဲမှာ အဘိတ်ဆေး (Temephos) ကို ‘ထည်’့တာပါ။ အဲ့ဆေးထည့်ထားတဲ့ရေထဲမှာ ပိုးလောက်လန်းမပေါက်ပွားနိုင်ပါဘူး။ စိမ်ဆိုတာကတော့ ခြင်ထောင်၊ ခန်းဆီး၊ လိုက်ကာစတာတွေကို ဆေး ‘စိမ်’တာပါ။ အဲ့လိုဆေးစိမ်ထားခြင်းဖြင့် ဆေးစိမ်ထားပြီးတဲ့ ခြင်ထောင်၊ ခန်းဆီးတွေမှာ ခြင်တွေလာမနားနိုင်တော့ပါဘူး။
Dr 528