ငယ်ငယ်လေးနဲ့ သွေးတိုးခဲ့ရင်
သွေးတိုးရောဂါဆိုတာလူတိုင်းကြားဖူးကြပါတယ် အခုနောက်ပိုင်းအဖြစ်များတဲ့ရောဂါတွေထဲမှာလည်းပါပါတယ်။ သွေးတိုးရောဂါက တိတ်ဆိတ်တဲ့ လူသတ်သမားလိုပါပဲ တစ်ခါတစ်လေ ဘာရောဂါလက္ခဏာမှမပြဘဲ ရုတ်တရက်ကြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
သွေးတိုးရောဂါလို့ ဘယ်အခါပြောကြမလဲကို အရင်သိဖို့လိုပါတယ် သွေးပေါင်တိုင်းတဲ့အခါမှာ သွေးပေါင်က အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ဖြစ်နေပြီဆိုရင် သွေးပေါင်တိုးနိုင်ချေရှိပါတယ်။ အစားအသောက်အနေအထိုင်ပုံစံပြောင်းပြီး နှစ်ပတ်လောက်အတွင်းမှာသွေးပေါင်ခဏခဏပြန်တိုင်းဖို့လိုပါတယ်။ ထပ်တိုင်းလည်း ဒီလောက်ပဲဆိုရင်တော့သွေးတိုးရှိနေပါတယ် သွေးပေါင်စတိုင်းလိုက်တာနဲ့ အပေါ်သွေး ၁၈၀ အောက်သွေး ၁၀၀ ဆိုရင်တော့ သွေးတိုးလို့ တစ်ခါတည်း သတ်မှတ်ပါတယ်။
သွေးတိုးက များသောအားဖြင့် အသက် လေးဆယ်နောက်ပိုင်းမှာအဖြစ်များပါတယ်။ သွေးတိုးကို အသက်လေးဆယ်အောက်မှာဖြစ်လာတယ်ဆို ဘာကြောင့်ဖြစ်လဲ ဆိုတာကို သေချာစဉ်းစားဖို့သင့်ပါတယ်။ သွေးတိုးကို ဆေးတစ်မျိုးတည်းနဲ့ မနိုင်ဘူးဆို ဘာကြောင့်ဆိုတာကို လိုက်ရှာဖို့ ပိုအရေးကြီးပါတယ်။
အသက်ငယ်ငယ်အရွယ်မှာ သွေးပေါင်တိုးနိုင်တဲ့ အကြောင်းတွေကတော့ ကျောက်ကပ် ပြဿနာ၊ ဟော်မုန်းဆိုင်ရာပြဿနာ၊ နှလုံးသွေးကြောပြဿနာ ကိုယ်ဝန်ဆိပ်တက်ခြင်း နဲ့ ကိုယ်ခန္ဓာမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
ကျောက်ကပ်ပြဿနာမှာ Adult polycystic kidney လို့ခေါ်တဲ့ ကျောက်ကပ်ရေအိတ်ရောဂါမှာလည်းဖြစ်နိုင်တယ် ကျောက်ကပ်ကိုသွားတဲ့ သွေးကြောတွေ ကျဉ်းနေတဲ့ Renal artery stenosis ရောဂါမှာလည်းဖြစ်နိုင်တယ်။ ကျောက်ကပ်ရောင်တဲ့ glomerulonephritis ရောဂါတွေမှာလည်း သွေးတိုးစေနိုင်ပါတယ်။
ဟော်မုန်းဆိုင်ရာ ပြဿနာတွေကတော့ Cushing’s disease နဲ့ Cushing’s syndrome စတဲ့ steroid ဟော်မုန်းအထွက်များစေနိုင်တဲ့ ရောဂါတွေဖြစ်နိုင်တယ် Pheochromocytoma လို့ခေါ်တဲ့ catecholamines တွေအထွက်များတဲ့ရောဂါမှာလည်းဖြစ်နိုင်တယ်။ Acromegaly လို့ခေါ်တဲ့ ကြီးထွားမှုဖြစ်စေတဲ့ ဟော်မုန်းအထွက်များတဲ့ ရောဂါမှာလည်းဖြစ်နိုင်တယ်။ ကယ်လ်စီယမ်များစေတဲ့ အကြောင်းတွေကြောင့်လည်း သွေးပေါင်တက်စေပါတယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေမှာတော့ နှလုံးရောဂါသီးသန့်တော့သိပ်မဆိုင်တတ်ဘူး သွေးကြောပြဿနာတွေမှာ ပိုဖြစ်တတ်တယ်။ မွေးရာပါ သွေးကြောမကြီးကျဉ်းတဲ့ ရောဂါ ဖြစ်တဲ့ Coarctattion of aorta မှာလည်းသွေးတိုးစေတယ်။ Aortic dissection လို့ခေါ်တဲ့ သွေးကြောမကြီးကွဲတတ်တဲ့ရောဂါမှာလည်းဖြစ်နိုင်တယ်။ ကိုယ်ခံအားစနစ်မှာပြောင်းလဲမှုတွေ ဖြစ်ပြီး autoantibodyတွေပေါ်တတ်တဲ့ Vasculitis လို့ခေါ်တဲ့သွေးကြောယောင်တဲ့ ရောဂါတစ်ချို့မှာလည်း သွေးပေါင်တွေ တက်နိုင်ပါတယ် ဥပမာအားဖြင့် Takayasu’s arthritis ရောဂါပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ဆိပ်တက်တယ်ဆို သွေးပေါင်တက်တတ်ပါတယ်။ ကိုယ်ခန္ဓာကိုအဆိပ်အနောက်ဖြစ်စေတာလို့ပြောတာတွေကတော့ ဆေးလိပ် အရက်နဲ့ တစ်ချို့သောဆေးဝါးတွေပါပါတယ်။
အသက်ငယ်ငယ်မှာ မျိုးရိုးလိုက်ပြီးသွေးတိုးတာ ရှားပါတယ်။ ဒါပေမယ့် မျိုးရိုးလိုက်ပြီး ဖြစ်နေပြီဆိုရင်တော့ မိသားစုလိုက် သွေးအဆီဓာတ်များတတ်တဲ့ ရောဂါတွေကို ထည့်စဉ်းစားရပါတယ်။ ဒါကြောင့် အသက်လေးဆယ်အောက်သွေးပေါင်တက်နေပြီဆိုရင် ဘယ်လောက်ထိတက်တာလဲ လတ်တလောအစားအသောက်အနေအထိုင်မမှန်လိုက်လို့လားဆိုတာ စဉ်းစားပါ။
သွေးတိုးတစ်ကယ်ဖြစ်နေတာလားဆိုတာသိဖို့နှစ်ပတ်လောက်မှာ နေထိုင်မှုပုံစံပြောင်းပြီးသွေးပေါင်ချိန်ပါ တစ်ကယ်တိုးနေတယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီးသွေးကျဆေးသေချာသောက်ပါ။ သွေးကျဆေးတွေသောက်လည်းမထူးဘဲ သွေးတိုးမြဲတိုးနေတာပဲဆိုရင်တော့ ဘာကြောင့်ဖြစ်လဲဆိုတာကို သေချာစစ်ဆေးဖို့လိုအပ်ပါလိမ့်မယ် အထွေထွေသမားတော်ပြပြီး စစ်ဆေးဖို့တောင် လိုအပ်နိုင်ပါတယ်။
Dr. CST