ဆီးထဲသွေးပါရင် ဆီးအိမ်ကင်ဆာလား
ဆီးထဲသွေးပါခြင်းကို ဆေးပညာအရ Haematuria လို့ခေါ်ပါတယ်။
ဆီးထဲသွေးပါတယ်ဆိုရာမှာ သာမန်မျက်စိနဲ့မြင်ရသောသွေးပါခြင်းနဲ့ မိုက်ခရိုစကုပ်နဲ့မှမြင်ရသော သွေးပါခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။
သာမန်မျက်စိနဲ့မြင်ရသော ဆီးထဲသွေးပါခြင်းကို Macroscopic Haematuria လို့ခေါ်ပါတယ်။ဆီးသွားရင် သွေးရောင်ပါလာတာ၊သွားတဲ့ဆီးထဲမှာ သွေးအမျှင်စတွေပါတာ၊သွေးခဲတွေပါလာတာမျိုးပါ။
မိုက်ခရိုစကုပ်နဲ့မှမြင်ရသော ဆီးထဲသွေးပါခြင်းကိုတော့ Microscopic Haematuria လို့ခေါ်ပါတယ်။ဒီအမျိုးအစားကကျ အပေါ်ကလိုမျိုးဆီးသွားရင် သွေးရောင်ပါလာတာ၊သွေးအမျှင်သွေးခဲ ဆီးထဲပါတာမျိုးမဟုတ်ဘဲ ပုံမှန်ဆီးအရောင်ပဲသွားတာပါ။
အဲ့ဆီးကို မိုက်ခရိုစကုပ်နဲ့ကြည့်တော့မှဆီးထဲမှာ သွေးနီဥဆဲလ်(RBCs)တွေတွေ့ရတာပါ။
ဒီလိုစာထဲမှာ၂မျိုးခွဲထားပေမယ့် အပြင်လက်တွေ့မှာသာမန်မျက်စိနဲ့မြင်ရတဲ့ဆီးထဲသွေးပါခြင်းဖြစ်မှသာ စိုးရိမ်ပြီး ဆေးခန်းရောက်လာကြတာများပါတယ်။
ဆီးထဲသွေးပါရတဲ့အကြောင်းတွေကအများကြီးရှိပါတယ်။
တချို့အကြောင်းတွေက မစိုးရိမ်ရတာမျိုးပါ။သို့သော် တချို့အကြောင်းတွေကျတော့လည်း စိုးရိမ်ရနိုင်ပါတယ်။
ဥပမာ
ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလုပ်ရင် တချို့ဆေးတွေသောက်နေရင်(ဥပမာ သွေးကျဲဆေး၊ကင်ဆာဆေးများ)လည်း ဆီးထဲသွေးပါနိုင်သလို အမျိုးသမီးတွေဆိုရင် ရာသီလာနေချိန် လိင်ဆက်ဆံပြီးချိန်မှာလည်း တခါတရံဆီးထဲသွေးပါနိုင်ပါတယ်။
ဒါတွေကြောင့်ဖြစ်တာဆိုရင်တော့ မစိုးရိမ်ရပါဘူး။သူ့ဘာသာသူသက်သာသွားနိုင်ပါတယ်။
ဒါတွေအပြင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ဆီးလမ်းကြောင်းထိခိုက်ဒဏ်ရာရပြီးရောင်ရမ်းတာ၊ကျောက်ကပ်ဆီးအိမ်ဆီးလမ်းကြောင်းတနေရာရာကျောက်တည်တာ၊ဆီးကြိတ်ကြီးတာ၊ဆီးအိမ်ရောင်တာ၊ကျောက်ကပ်ရောင်တာ၊ဆီးအိမ်ကင်ဆာဖြစ်တာ၊ကျောက်ကပ်ကင်ဆာ၊သွေးနဲ့ဆိုင်တဲ့ရောဂါတခုခုဖြစ်တာ စတဲ့ အကြောင်းတွေကြောင့်လည်း ဆီးထဲသွေးပါတာဖြစ်နိုင်ပါတယ်။
ဒီအကြောင်းတွေကြောင့်ဆိုရင်တော့ စိုးရိမ်ရနိုင်ခြေများပါတယ်။
ဒီတော့ဆီးထဲသွေးပါတယ်ဆိုရင် ဘာကြောင့်မှန်းသိအောင် စိုးရိမ်ရမရသိအောင်တော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။
လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့
၁။ အလယ်ဆီး(Mid stream Urine)ကိုယူပြီး Urine RE ခေါ် ဆီးအရောင်၊ဆီးကြည်မကြည်၊ပရိုတင်းခေါ်အသားဓါတ်ပါမပါစသဖြင့်စစ်တာ၊မိုက်ခရိုစကုပ်အောက်မှာ သွေးနီဥ၊သွေးဖြူဥ၊ဘက်တီးရီးယားပိုးမွှား၊ကပ်ပါးကောင်၊အနည်အမှုန်တွေ၊ပါမပါကြည့်တာ၊ပိုးအကောင်ဥတွေ၊ဘက်တီးရီးယားတွေပါခဲ့ရင် ဘာအမျိုးအစားမှန်းသိအောင်ပိုးမွေးတာ
၂။ဆီးကြိတ်ကြီးမကြီး၊ဆီးလမ်းကြောင်းတလျှောက်ကျောက်တည်မတည်၊ဆီးအိမ်အခြေအနေ၊ကျောက်ကပ်အခြေအနေ သိဖို့ရာအတွက် အာထရာဆောင်း(Ultrasound)၊စီတီ(CT scan)ရိုက်တာ
၃။Cystoscopy ခေါ်ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်တာ
၄။သွေးနဲ့ဆိုင်တဲ့ရောဂါရှိမရှိ သွေးစစ်တာ စသဖြင့်ပါ။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ ဆီးထဲသွေးပါတယ်ဆိုရင် ပေါ့ပေါ့ဆဆမနေပဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးထားသင့်ကြောင်းအကြံပေးချင်ပါတယ်။ဒါမှသာ စိုးရိမ်ရမရသေချာသိပြီး စိတ်ရှင်းရမှာပါ။
Dr. 528