အတက်ရောဂါ
အတက်ရောဂါကို Epilepsy လို့ခေါ်ပါတယ်။ အဖျားမရှိဘဲတက်တတ်တဲ့ ရောဂါပါ။ လူတစ်ယောက် တက်ရတဲ့ အကြောင်း များစွာရှိတဲ့ အထဲကမှ တစ်ခုဖြစ်တဲ့ Epilepsy အတက်ရောဂါက ဦးနှောက်က လှုံ့ဆော်ပေးနေတဲ့ Electrical impulse တွေ ပုံမှန်ထက် ပိုများလို့ ဖြစ်ရတာပါ ။အတက်ရောဂါ epilepsy ဖြစ်ရတဲ့ အကြာင်း အများကြီးရှိပါတယ်။အဖြစ်အများဆုံးကတော့ အလိုလိုနေရင်းဖြစ်လာတာပါတဲ့။ အကြာင်းရှာမတွေ့တတ်ဘဲ တက်နေတာပါ။ ဒါမျိုးက ခဏခဏပြန်ဖြစ်တတ်ပါတယ် ။
အတက်ရောဂါက တစ်ခြားရောဂါတွေကြောင့်လညး ဖြစ်တတ်ပါတယ်။ လေဖြတ်တဲ့သူတွေ ခေါင်းထိခိုက်ထားသူတွေ ဦးနှောက်ထဲအကျိတ်ရှိသူတွေ မှာ ဦးနှောက်ထဲ သွေးယိုစီးတာတွေ ဖိအားများနေတာတွေ ကနေတစ်ဆင့် ဖြစ်နိုင်ပါတယ် ။အရက်တို့ အိပ်ဆေးတို့ကို ကြာရှည်စွာသောက်ပြီးမှ ရုတ်တရက်ဖြတ်လိုက်ခြင်း ဦးနှောက်ယောင်ခြင်း ဦးနှောက်အမြှေးပါးယောင်ခြင်း သွေးတွင်းသကြားဓာတ်များလွန်းနည်းလွန်းခြင်းတွေ အောက်ဆီဂျင်မလုံလောက်တဲ့သူတွေ သွေးတွင်း ဆိုဒီယမ်ဓာတ် နည်းလွန်းများလွန်းခြင်း cocaine နဲ့ tricyclics ဆေးများ နဲ့ အသည်းရောဂါတွေ ကြောင့်လည်း တက်နိုင်ပါတယ်။ ဒါတွေကဖြစ်စေတဲ့အကြောင်းကို ကုပြီးရင် ထပ်မတက်တတ်ပါဘူး ။လူတစ်ယောက် တက်တော့မယ်ဆိုရင် မတက်ခင်တစ်ခုခုကို ခံစားရလေ့ရှိပါတယ်။ ဒါကို အော်ရာ aura လို့ခေါ်ပါတယ်။ Aura က မျိုးစုံဖြစ်နိုင်တယ် မျက်စိထဲ အလင်းတွေ ဖြာလာတာတွေ နားအူတာတွေ တစ်ခုခုကိုသိနေသလိုဖြစ်လာတာတွေ အန်ချင်စိတ်ဖြစ်လာတာတွေ ခြေလက်တွေ မသယ်ချင်သလို နုန်းလာတာတွေ ဖြစ်တတ်တယ်။ ဒါတွေဖြစ်ပြီး သိပ်မကြာခင်ပဲ စတက်တတ်ပါတယ် ။
တက်ပြီဆိုရင် တစ်ကိုယ်လုံး တက်လေ့ရှိပါတယ် မျက်စိတွေ လန်တာ လျှာကိုက်မိတာတွေ ဆီးဝမ်းထွက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ အချိန်မိနစ်ပိုင်းလောက်တက်ပြီးရင် အလိုလိုပြန်သက်သာပြီး အိပ်ပျော်သွားတတ်တယ်။ တက်ပြီးတဲ့အခါ အကုန်အကောင်းတိုင်းပြန်ဖြစ်ပါတယ် ။
တစ်ချို့ အတက်ရောဂါမှာတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုစီမှာ လှုံ့ဆော်မှုတွေ ပုံမှန်ထက် များနေတာကြောင့် တစ်ကိုယ်လုံးမတက်ပေမယ့်လည်း အကြောင်းအရင်း ရှာမရ ဖြစ်တတ်တယ် ။တစ်ကိုယ်လုံးတက်တာမဟုတ်ဘဲ ကိုယ်ခန္ဓာတစ်စိတ်တစ်ပိုင်းပဲ တက်နေတာတွေ အချိန်ကြာကြာတက်နေတာတွေ တက်ပြီးပြန်ကောင်းတဲ့အခါ သတိလစ်နေတာ ခြေလက်တွေကောင်းစွာမလှုပ်နိုင်တာတွေ ဖြစ်လာရင် တစ်ခြားအကြောင်းအရင်း တစ်ခုခုနဲ့ ဆိုင်တတ်ပါတယ် ။အတက်ရောဂါရှိပြီဆိုရင် တက်ပုံတက်နည်းကနေ ဘာကြောင့်ဆိုပြီး အဖြေရှာလေ့ရှိကြပါတယ်။ အကြောင်းအရင်းသေချာအောင်နဲ့ အန္တရာယ်ပေးနိုင်တဲ့ အကြောင်းအရင်းတွေ ဟုတ်မဟုတ် စစ်ဆေးဖို့ကတော့ သွေးစစ်ဆီးစစ်တွေ လိုပါတယ်။ CT scan ကတော့ လိုအပ်မှ ရိုက်လေ့ရှိကြတယ် အတက်ရောဂါသေချာလားကိုတော့ EMG ဆိုတဲ့ ဦးနှောက်ရဲ့ လှိုင်းတွေကို စစ်ဆေးတာမျိုးလုပ်ပါတယ် ။အသက် ၂၀ ကျော် မှ ပထမဆုံးစတက်ဖူးပြီး ကိုယ်ခန္တာ တစ်စိတ်တစ်ပိုင်းပဲ တက်တဲ့သူတွေဆို ချက်ချင်း CT scan ရိုက်ဖို့လိုပါတယ် ။
အရေးကြီးတာက လူတစ်ယောက် တက်နေပြီ ဆိုရင် သူ့ကို အတင်းသွားဖိတာလှုပ်နှိုးနေတာ ခြေမချိုးတာတွေ မလုပ်ရပါဘူး။ အောက်ခင်းအောက်ခံပျော့တဲ့ နေရာကို ရွှေ့ပေးပါ။ တက်နေတဲ့လူကို ဘေးစောင်းထားပေးပါ။ အတက်က မိနစ်ပိုင်းလောက်နဲ့ ပြန်ကောင်းတယ်ဆို ဘာမှ ထပ်မလုပ်ရပါဘူး။ အတန်ကြာတဲ့အထိ တက်နေသေးတယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းဆေးရုံပို့ဖို့ ပြင်ဆင်ပါ ။နောက်ပိုင်းမှ ဘာကြောင့်တက်ရတယ်ဆိုတာကို စစ်ဆေးပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်ပြီး ယူရမှာပါ ။အတက်ရောဂါသမားတွေက အချိန်ကြာမြင့်စွာဆေးစွဲသောက်ဖို့ လိုပါတယ်။ ဆေးတစ်မျိုးနဲ့ မရရင်နောက်တစ်မျိုးထပ်ထည့်မှာပါ ဆေးတွေကို အလွယ်တကူ ပြန်မဖြုတ်ပါဘူး။ ဆေးတောက်လျှောက်သောက်နေတုန်း နှစ်နှစ်လောက် လုံးဝမတက်တော့မှ ဆေးတွေကို တစ်မျိုးစီး ဖြည်းဖြည်းချင်း ပြန်ဖြုတ်တာပါ။ ဒါကြောင့် အတက်ရောဂါရှိသူတွေက ဦးနှောက်နဲ့ အာရုံကြော သမားတော်တွေကို အချိန်မှန်ပြန်ပြနေဖို့လိုပါတယ် ။
အတက်ရောဂါရှိတဲ့သူတွေမှာ မီးအရမ်း လင်းနေတာတွေ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတာတွေ စိတ်ထဲ မတင်မကျဖြစ်တာတွေ အိပ်ရေးပျက်တာတွေ အီတဲ့အစားအစာအများကြီးစားမိတာတွေ ဝမ်းချုပ်တာတွေက တက်တာကို ပိုအားပေးတတ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ မဖြစ်အောင်တော့ ဂရုစိုက်ကြဖို့ လိုပါတယ် ။
Dr. CST