မသိမဖြစ်သိထားရမဲ့ တီဘီရောဂါရဲ့ ပြဿနာများ
မောင်ဒေါက်တာသည် ကိုလူနာ၏ ရင်ဘတ်ဓါတ်မှန်ဖလင်ပြားကို ဆေးခန်းမီးအလင်းရောင်အောက်တွင် ထောင်ကြည့်လိုက်သည်။ (အမှန်တော့ light box ခေါ် ဓါတ်မှန်တင်ကြည့်ရမည့် မီးအလင်းရောင်ပုံးလေး သူ့ဆေးခန်းမှာမရှိသည့်အတွက် ခပ်တည်တည်ထောင်ကြည့်ရခြင်းသာ ဖြစ်သည်။) ထို့နောက် ဓါတ်မှန်ဆရာဝန်၏ မှတ်ချက်အဖြေစာရွက်ကိုလည်း မောင်ဒေါက်တာ မျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်သည်။
ပြီးတော့မှ. . .‘အကို့ရဲ့အဆုတ်မှာ ပိုးဝင်နေတဲ့ လက္ခဏာတွေတော့ တွေ့တယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ စိုးရိမ်နေသလို တီဘီရောဂါလို့ ယူဆရတဲ့ လက္ခဏာတော့ မတွေ့ရပါဘူး’
‘ဟာ တော်သေးတာပေါ့ ဆရာရယ်။ ကျွန်တော်က တီဘီပဲ စိုးရိမ်နေတာ။ ဆရာသိပါတယ်။ ကျွန်တော်တို့ တစ်အိမ်ကျော်က ကလေးမလေးဆို တီဘီနဲ့ပဲဆုံးသွားတာလေ။ သူ့ခမျာ ဆေးတွေလည်း သောက်လိုက်ရတာ၊ ထိုးလိုက်ရတာ မနည်းမနောပဲ။ ပြီးတော့ တစ်ဖြည်းဖြည်းပိန်ချုံးပြီး လုံးပါးပါးသွားတာပဲလေ။ အခု ကျွန်တော့်မှာ အဆုတ်ပိုးဝင်တဲ့ဆိုတာကကော စိုးရိမ်စရာ မရှိဘူးမဟုတ်လား ဆရာ’
‘ဟုတ်ပါတယ် အခု အဆုတ်ပိုးဝင်တယ်ဆိုတာက ရုတ်တရက်အဆုတ်ရောင်စေတဲ့ပိုး ဝင်တယ်လို့ဆိုလိုတာပါ။ ပိုးသတ်ဆေးကို သတ်မှတ်ရက်အတိုင်းပြည့်အောင် သောက်သုံးရင် ပျောက်နိုင်ပါတယ်။ တီဘီ လို လနဲ့ချီပြီးဆေးသောက်စရာမလိုပါဘူး။’
‘အဲဒါနဲ့ ကျွန်တော်မရှင်းလို့ နည်းနည်းထပ်မေးပါရစေ ဆရာ’
‘ရပါတယ်မေးပါ’
‘တီဘီဆိုတာလည်း အဆုတ်မှာရောဂါပိုးဝင်တာလို့ပဲ သိရပါတယ်ဆရာ။ ခုနက ကျွန်တော့်မှာဝင်တဲ့ပိုးနဲ့ကျတော့ ဘာကွာလို့လည်းဆရာ။ ပိုးသတ်ဆေးပဲသောက်ရင် မရဘူးလားဆရာ’
‘မှန်တာပေါ့ဗျာ။ တီဘီဆိုတာကလည်း tuberculosis လို့ခေါ်တဲ့ရောဂါကို ဖြစ်စေတဲ့ပိုးဝင်လို့ TB လို့ အတိုကောက်ခေါ်တာပါ။ အဆုတ်ကို အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဝင်တဲ့ပိုးတစ်မျိုးပါပဲ။ မှန်ပါတယ် ပိုးသတ်ဆေးသောက်ရုံနဲ့ကုလို့ရပါတယ်။ တစ်ခုပါပဲ သူ့အတွက်သောက်ရတဲ့ ပိုးသတ်ဆေးက တစ်မျိုးတည်းမဟုတ်ဘူး။ နှစ်မျိုးကနေ လေးမျိုးအထိပေါင်းသောက်ရတယ်။ ပြီးတော့ အနည်းဆုံးခြောက်လကြာအောင် သောက်ရတယ်။ အဲဒါပါပဲ’
‘သြော် အဲသည်ဆေးတောင့်အကြီးကြီးတွေက ပိုးသတ်ဆေးတွေ ပေါင်းထားတာလား။ ဒါကြောင့်မို့ လူနာကဆေးဒဏ်ကို တော်တော်ခံရတာထင်တယ်နော်’
‘ဟုတ်တာပေါ့။ ဒါနဲ့ သည်နေရာမှာ ကြုံတုန်း တီဘီဆေးသောက်ရတာနဲ့ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။ ခုနက ပြောတဲ့အထဲမှာ ကျွန်တော်ကြားလိုက်ပါတယ်။ ဆေးတွေသောက်ရတာများပြီး လူနာလုံးပါးပါးသွားတယ်ဆိုတာ။ အမှန်က ဆေးတွေမသောက်ရင် လူနာက ဒီထက်မက လုံးပါးပါးပြီး ဒီထက်မြန်မြန်အသက်ဆုံးပါးသွားနိုင်တယ်ဆိုတာ လူတွေက သတိမထားမိကြလို့ပါ။ ကျွန်တော်တို့ ဘာနဲ့တူသလဲဆိုတော့။ ဆီးချိုဆေး မက်ဖော်မင်သောက်လို့ ကျောက်ကပ်ပျက်တယ်လို့ ထင်နေကြသလိုပေါ့။ ဆေးကြောင့်ဖြစ်နိုင်တာထက် ဆီးချိုရောဂါကိုယ်နှိုက်က ကျောက်ကပ်ပိုပျက်နိုင်တယ်ဆိုတာ လူတွေက မေ့နေကြလို့ပါ။ အမှန်က ဆေးဆိုတာက ရောဂါကိုတိုက်ရတဲ့နေရာမှာ ရောဂါရှိနေတဲ့ သည်ကိုယ်ခန္ဓာကြီးကို အနည်းနဲ့အများဒဏ်ဖြစ်စေနိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒါကိုကြံ့ကြံ့ခံပြီးကျော်ဖြတ်စေချင်ပါတယ။် ကျွန်တော်တို့အနေနဲ့လည်း လူနာရဲ့ကိုယ်အလေးချိန်၊ အခြားရောဂါတွေရှိသေးသလား၊ မတည့်တဲ့ဆေးဝါးတွေရှိသလား ဒါတွေအကုန်စဉ်းစားပြီးမှ ဆေးတွေကို ပေးလေ့ရှိပါတယ်။ ပေးပြီးရင်တော့လည်း သူ့ရက်ပြည့်တဲ့အထိ သောက်မှရမယ်။ အများစုက ပထမ နှစ်လမှာ ဆေးများတော့ ဆေးဒဏ်ကို တော်တော်ခံရတတ်တယ်။ ဒါပေမယ့် အဲဒီနှစ်လပြီးသွားရင် ဆေးပြန်လျှော့ရတာ များတော့ ခံနိုင်ရည်ပိုရှိလာကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပထမနှစ်လမှာ လူနာကို သေချာဂရုစိုက်ဖို့၊ အားရှိအောင်နေဖို့၊ ဆေးမပြတ်အောင်သောက်ဖို့ မှာရတာဖြစ်ပါတယ်။ ဒါကိုကျော်သွားရင်တော့ အောင်မြင်ပြီလို့ပြောလို့ရပါတယ်’
‘အဲဒါဆို ခုနက ကျွန်တော်ပြောတဲ့ကောင်မလေးကကော ဆရာ။ သူက နှစ်လနဲ့ ဆေးမလျှော့တဲ့ အပြင် ထိုးဆေးတွေပါ ထိုးရတယ်ဆရာ။ အဲဒါကော ဘာဖြစ်လို့လဲဆိုတာ ပြောပြပေးပါဦး’
‘အဲ သူကတော့ ခုနက ပြောသလို ဆေးမသောက်လို့ ဆေးယဉ်ပါးတီဘီဖြစ်သွားတာလေ။ အခု ကျွန်တော်တို့ပြောခဲ့သလို တီဘီဖြစ်ကာစမှာ ဆေးကို ဒဏ်မခံနိုင်လို့ဆိုပြီး ဆေးပုံမှန်မသောက်ဘဲ၊ တစ်ခြား ဟိုဆေး သည်ဆေးဆိုပြီး သူများပြောစကားနားယောင်ပြီး တီဘီဆေးကို မထိတထိ သောက်ရာကနေ သောက်ဆေးတွေမတိုးတော့၊ ထိုးဆေးဘာပြောင်းထိုးရ။ အဲဒီကနေပြီး ရောဂါကမသက်သာ သလိပ်စစ်တော့ ဆေးယဉ်ပါးဖြစ်နေ၊ အဲသည်တော့မှ အသည်းအသန်ကုပြီး အခုတော့ လက်လွှတ်လိုက်ရတာပါပဲလေ။ သူ့ခမျာ အရွယ်ကောင်းလေးပဲရှိသေးတာ။ အတော်မဖြစ်သင့်တဲ့ကိစ္စ တစ်ခုပါပဲ။ ဒါကြောင့်မို့ အခုလို ကြုံရင်ကြုံသလို ကျွန်တော်က တီဘီဆေးသောက်ရင် ပုံမှန်သောက်ဖြစ်အောင် သောက်ဖို့ ဆေးယဉ်ပါးမဖြစ်အောင် ကာကွယ်ဖို့ပြောနေရတာပဲလေ’
‘ကျွန်တော်တစ်ခု စဉ်းစားမိတာရှိလို့ဆရာ။ ခုနက ပြောသလို ဆေးယဉ်ပါးတီဘီဖြစ်ပြီဆိုပါတော့။ ကျွန်တော် သိသလောက် အဲသည်ပိုးက ပုံမှန်တီဘီဆေးနဲ့မတိုးတော့ဘူးဆိုတော့ အဲသည်ရောဂါရှင်ဆီကနေ နောက်တစ်ယောက်ကို ကူးရင် သူရော ဆေးယဉ်ပါးတီဘီပဲဖြစ်တာလား၊ ရိုးရိုးဆေးမယဉ်သေးတဲ့တီဘီပဲဖြစ်တာလား ဆရာ’
‘ဒါလည်း အတော်သိသင့်တဲ့မေးခွန်းပဲ။ အကိုက တီဘီရောဂါအကြောင်းအတော်သိထားပြီးသားဆိုတော့ အခုလို ပုံမှန်သတိမထားမိတဲ့ မေးခွန်းတွေ မေးပေးတာ ကျေးဇူးပါပဲ။ ကျွန်တော်လည်း လူတွေပိုသိသွားအောင် ပြောပြနိုင်တာပေါ့။ အခု မေးတာကလည်း အမှန်ပါပဲ။ ဆေးယဉ်ပါးတီဘီရောဂါရှင်က နှာချေ ချောင်းဆိုးလို့ သူများဆီ ကူးရင် အကူးခံရတဲ့လူဟာ တိုက်ရိုက်ဆေးယဉ်ပါးတီဘီတန်းဖြစ်ပါတယ်။ သူ့ခမျာ ကူးတာချင်းအတူတူ သူများထက်ပိုဆိုးပါတယ်။ ဒါကြောင့်မို့လည်း ဆေးယဉ်ပါးတီဘီကို ကျွန်တော်တို့ကြောက်ရခြင်း ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းကို လည်း တီဘီမဖြစ်အောင်၊ ဖြစ်ရင်လည်း မြန်မြန်ပျောက်ကင်းအောင်၊ ဆေးယဉ်ပါးမဖြစ်အောင် ကာကွယ်ပေးကြပါ။ မဟုတ်ရင် တစ်ချိန်ချိန်မှာ သည်ရောဂါဆိုးကြီးဟာ ကိုယ့်ဘက်လှည့်လာနိုင်ပါတယ်’
‘ကျေးဇူးပါဆရာ။ ကျွန်တော်အတော်တော့ သဘောပေါက်သွားပါပြီ။ နောက်တစ်ခုလောက် မရှင်းတာလေးမေးပါရစေ ဆရာ။ တီဘီရောဂါက ချောင်းဆိုးရာကနေ ကူးစက်တယ်ဆိုတော့ ချောင်းဆိုးရင် လက်ကိုင်ပုဝါသုံးဖို့ ဒါမှမဟုတ် နှာခေါင်းစည်း MASK တတ်ထားဖို့တော့ ကျွန်တော်တို့လည်းသိပါတယ်ဆရာ။ ဒါပေမယ့် ပန်းကန်ခွက်ယောက်အသုံးအဆောင်တွေ တူတူသုံးရင်ကော တီဘီကူးနိုင်လားသဆရာ။ တစ်ချို့က ကူးတယ်ပြောကြတာ ကြားဖူးလို့ပါ’
‘အဲ. . အကြမ်းဖျင်းဖြေရရင်တော့ အစားအသောက်အသုံးအဆောင်တွေကတစ်ဆင့် ကူးနိုင်တယ်လို့ပဲ ဖြေရမှာပေါ့။ ဘာလို့လည်းဆိုတော့ တီဘီရောဂါကူးတဲ့ အသက်ရှူလမ်းကြောင်းဆိုတာက အစာလမ်းကြောင်းဖြစ်တဲ့ ပါးစပ်တို့၊လည်ချောင်းတို့နဲ့လည်း ဆက်နေတာကိုး။ နောက်ပြီးပြောရရင် အစာလမ်းကြောင်းတစ်ဆင့် ကူးစက်တတ်တဲ့ အူတီဘီဆိုတာလည်း ရှိသေးတယ်ဗျ။ ဆိုတော့ နှာချေချောင်းဆိုးသလောက် ကူးစက်နိုင်မှုမများပေမယ့် ပန်းကန်ခွက်ယောက်အသုံးအဆောင်တွေကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါတွေကိုလည်း လူနာအတွက်သီးသန့်ထားပေးနိုင်ရင် ပိုကောင်းပါတယ်။’
‘သြော် ဒါဆို တီဘီရောဂါက အတော့်ကို အကူးလွယ်တာပဲကိုးနော် ဆရာ။ ကျွန်တော် ဘေးပတ်ဝန်းကျင်မှာလည်း တစ်ယောက်ပြီးတစ်ယောက် ဖြစ်နေတာပဲ။ ကောင်းသွားတဲ့လူလည်းရှိ၊ ဆုံးသွားတဲ့လူလည်းရှိ၊ ဆေးယဉ်ပါးဖြစ်ကုန်တဲ့ လူလည်းရှိ။ လွယ်တော့မလွယ်ဘူးနော်ဆရာ’
‘အဲဒါနဲ့ပတ်သက်ပြီးတော့ လူတွေအများစု မေ့နေကြတဲ့ အရာ တစ်ခုရှိလို့ပါ။ ဒီနေ့မှာ ကျွန်တော်အဲဒါလေးကိုပါ သတိတရထည့်ပြောချင်ပါတယ်။ ကျန်တာကတော့ အကိုမေးခဲ့တဲ့
၁) ပုံမှန်အဆုတ်ပိုးနဲ့ တီဘီပိုး ဘာကွာသလဲဆိုတာရယ်
၂) တီဘီဆေးဒဏ်ခံနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာရယ်
၃) ဆေးယဉ်ပါးတီဘီက ဘယ်လိုကူးသလဲဆိုတာရယ်
၄) အစားအသောက်ကတစ်ဆင့်ရော တီဘီကူးတတ်သလားဆိုတာရယ် ကို ကျွန်တော်ဖြေခဲ့ပြီးပြီ။ နောက်ဆုံးအနေနဲ့
၅) တီဘီရောဂါကို အနိုင်ယူချင်ရင် မိမိကိုယ်ခံအားကို အစွမ်းကုန်မြှင့်ထားပါလို့ ကျွန်တော် အကြံပြုခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တီဘီမှမဟုတ်ပါဘူး ကူးစက်ရောဂါတော်တော်များများကို အနိုင်ယူရရတဲ့နေရာမှာ ဆေးချည်းပဲအားကိုးလို့မရပါဘူး။ ဆေးဆိုတာက ပြောရရင် စစ်တိုက်တဲ့နေရာမှာ လက်နက်ကြီးနဲ့ပစ်တာတို့၊ လေယာဉ်နဲ့ဗုံးကြဲတာတို့၊ တင့်ကားနဲ့တက်တိုက်တာမျိုးနဲ့ တူပါတယ်။ ပုံမှန်ခြေလျင်တပ်တွေဖြစ်တဲ့ မိမိရဲ့ကိုယ်ခံအားကို စစ်ကူပေးနေတာပါ။ တကယ်လို့ ခြေလျင်တပ်တွေသာ အားကောင်းနေရင် ရန်သူစဝင်လာကတည်းက အမြစ်ပြတ်ချေမှုန်းနိုင်ပါတယ်။ ဒါမှမဟုတ် အကြွင်းအကျန်တွေ ဝင်ခိုနေရင်လည်း ပိုက်စိပ်တိုက်ပြီး လိုက်လံသုတ်သင်နိုင်ပါတယ်။ အလစ်အငိုက်မိလို့ ရန်သူတွေအလုံးအရင်းနဲ့ဝင်လာရင်တောင် အရေးကြီးတွေခံတပ်တွေ (လူမှာဆိုရင်တော့ အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေပေါ့ဗျာ) မကျသွားအောင် သူတို့က အဓိက ခံစစ်အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ ပြီးမှ စစ်ကူတွေရောက်လာရင် တန်ပြန်တိုက်စစ်ဆင်တာပေါ့ဗျာ။ အဲ တိုက်ပွဲကြီးရင်ကြီးသလို စစ်မြေပြင်ဟာ အပျက်အဆီးအဆုံးအရှုံးထိခိုက်ဒဏ်ရာတွေတော့ ရှိမှာပဲဗျ။ ဒါတွေကို စစ်ပွဲပြီးသွားတဲ့အခါ မြန်မြန်ပြန်လည်ထူထောင်ဖို့ကလည်း ကိုယ်ခံအားဆိုတဲ့ခြေလျင်စစ်သည်တွေကိုပဲ သုံးရတာပါပဲ။ အဲသည်တော့…’
‘အဲသည်တော့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ အားရှိအောင်နေရမှာပေါ့နော် ဆရာ။ ဒါဆို တီဘီရောဂါကို တိုက်ဖို့ဆိုရင် လူနာကိုယ်တိုင်ပါဝင်မှ အောင်မြင်မှာပဲ။ ဆေးပုံမှန်သောက်၊ အားရှိအောင်နေ၊ သူများကို မကူးအောင် ဂရုစိုက်ရမယ်။ ဒါဆိုရင် တီဘီရောဂါကို ကြောက်စရာမလိုတော့ဘူးပေါ့ ဟုတ်တယ်မဟုတ်လားဆရာ’
‘ဟုတ်ပါတယ်ဗျ’
ဒေါက်တာထွန်းလင်းRef; ကျန်းမာရေးဝန်ကြီးှဌာန၊ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ Standardized Health Messages (၂၀၁၇)