ညဘက်တွင် လုံလောက်သော အိပ်စက်ခြင်းမရရှိခဲ့ပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများစွာကို ဖြစ်စေပါသည်။
အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးအပေါ်ဆိုးကျိုးများဖြစ်စေပါသည်။ လှုံ့ဆော်မှုများကို တုန့်ပြန်သည့်အချိန်နှောင့်နှေးခြင်း၊ သတိမေ့လျော့တတ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့်အပြင် မျက်နှာအရေပြားနှင့် ခန္ဓာကိုယ်၏ ပုံပန်းသွင်ပြင်တို့အပေါ်တွင်လည်း များစွာ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။
အိပ်ရေးပျက်ခြင်းကြောင့် မျက်နှာဆိုင်ရာ အရေပြားကျန်းမာရေးကို အောက်ပါအတိုင်း အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။
၁။ မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုနေသည့် လူတစ်ယောက်ကိုတွေ့လိုက်သည်နှင့် ပြည့်ဝသော အိပ်စက်ခြင်းကို မရရှိထားကြောင်း လူတိုင်းနီးပါး သတိပြုမိတတ်ကြပါသည်။
ထိုသို့ မျက်ကွင်းညိုခြင်းသည် အိပ်ရေးမဝခြင်းကြောင့် မျက်လုံးအောက်ရှိသွေးကြောများ ကျယ်လာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
၂။ မျက်စိနီရဲခြင်း
မျက်ကွင်းညိုခြင်းနည်းတူ မျက်စိနီရဲခြင်းသည်လည်း မျက်လုံးအောက်ရှိ သွေးကြောများကျယ်လာခြင်းကြောင့် ဖြစ်ပါသည်။
၃။ ဆံပင်ပါးလာခြင်း
အိပ်ရေးကောင်းစွာမဝခြင်းသည် စိတ်ဖိစီးမှု ဟော်မုန်းဟု သိကြသည့် Cortisol ပမာဏကို များပြားလာစေပါသည်။ ထိုသို့စိတ်ဖိစီးမှုဟော်မုန်းများပြားလာခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းများကို ဖြစ်ပေါ်လာစေပါသည်။
၄။ ဝက်ခြံများ ထွက်လာခြင်း
အိပ်ရေးမဝခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဝက်ခြံများကို ပိုမိုထွက်လာစေရန် အားပေးပါသည်။
၅။ အရေးအကြောင်းများဖြစ်ပေါ်လာခြင်း၊ အသားအရေများ လျော့တွဲလာခြင်း
အိပ်ရေးမဝခြင်းသည် အရေပြားတွင် ကော်လာဂျင်ပမာဏကိုလျော့နည်းစေကာ အရေပြား၏ ရုန်းပြန်ဂုဏ်သတ္တိကို ကျဆင်းလာစေပါသည်။ ထို့ကြောင့် မျက်နှာနှင့် နဖူးပေါ်တွင် အရေးအကြောင်းများ ပေါ်ပေါက်လာတတ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ ညပေါင်းများစွာ ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိခဲ့ပါက အရေးအကြောင်းများကြောင့် မျက်နှာ၏ ပုံပန်းသွင်ပြင်သည် စိတ်ဓါတ်ကျနေသည့်သဏ္ဌာန်၊ စိတ်ညစ်နေသည့် သဏ္ဌာန်ကဲ့သို့ ဖြစ်ပေါ်နေတတ်ပါသည်။
၆။ ကိုယ်အလေးအချိန်တက်လာခြင်း
အိပ်ချိန်လုံလောက်စွာမရရှိသောသူများ၏ ခန္ဓာကိုယ်အတွင်းတွင် အဆီများကို ခြေဖျက်မှု ပမာဏသည် အိပ်ချိန်လုံလောက်စွာရရှိသောသူများထက် ၂ ဆ ပိုမိုနည်းပါးကြောင်းလေ့လာတွေ့ရှိထားပါသည်။ ထို့ကြောင့် အိပ်ရေးမဝသောသူများသည် ပိုမိုဝဖြိုးလာတတ်ပါသည်။
ထို့ပြင် အိပ်ရေးမဝသောသူများသည် ဆာလောင်မှုပိုမိုဖြစ်ပေါ်ခြင်းနှင့် ခန္ဓာကိုယ်တွင် ဇီဝကမ္မဖြစ်ပျက်နှုန်းများ ပိုမိုနှေးကွေးခြင်းများ ဖြစ်ပွားတတ် ကြောင်းလည်း တွေ့ရှိရပါသည်။
ထို့ကြောင့် အရေပြားကျန်းမာရေးနှင့် အလှအပရေးရာအတွက် အိပ်ရေးဝရန် လိုအပ်ကြောင်း ဆရာဝန်များက မကြာခဏသတိပေးနေခြင်းဖြစ်ပါသည်။
၇။ အခြားအရေပြားပြဿနာများ
ကောင်းမွန်သော အိပ်စက်ခြင်းမရရှိသူများသည် အခြားသူများထက်စာလျှင် ပိုမိုကြီးရင့်သည့် ပုံပန်းသွင်ပြင်များ ပေါ်ပေါက်နေတတ်ပါသည်။
ထို့အပြင် မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ အမာရွတ်များလည်း ပေါ်ပေါက်လာတတ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ အိပ်ရေးပျက်ခြင်းကို ၅ ညနှင့် အထက်ဖြစ်ပေါ်ခဲ့ပါက ပုံမှန်လူများထက် အရေးအကြောင်းနှင့် အမည်းစက်များ ဖြစ်ပေါ်လာနိုင်ခြေ ( ၂ ) ဆ ပိုမိုများပြားလာပြီး အညိုရောင်အစက်အပြောက်များ ပေါ်ပေါက်နိုင်ခြေ ၇၅% ပိုမိုများပြားကြောင်းတွေ့ရှိရပါသည်။
ပိုမိုအိပ်စက်ခြင်းအားဖြင့် အရေးအကြောင်း၊ အစက်အပြောက်များကို ပျောက်ကင်းအောင်ပြုလုပ်နိုင်ပါသလား
လူအများစုသည် အိပ်ရေးပျက်ခဲ့သော ညများအတွက် အားလပ်ရက်များ၊ ပိတ်ရက်များတွင် ပိုမိုအိပ်စက်ခြင်းအားဖြင့် အစားထိုး ဖြည့်တင်းရန် ကြိုးစားတတ်ကြပါသည်။
ထိုသို့ပြုလုပ်ခြင်းနည်းလမ်းသည် မျက်နှာအရေပြား ကျန်းမာရေးအတွက် မှန်ကန်ခြင်းမရှိသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ မျက်ကွင်းညိုခြင်းနှင့် အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို အနည်းငယ် သက်သာစေနိုင်သော်လည်း လုံးဝပျောက်ကင်းသွားခြင်း မဖြစ်နိုင်ပေ။
နောက်ထပ်တဖန် စိတ်ဖိစီးမှုများ၊ အလုပ်များမှုများ၊ အိပ်ရေးပျက်ခြင်းများ ပြန်လည်ကြုံတွေ့လာရပါက ထိုအရေးအကြောင်း၊ အစက်အပြောက်များစသည့် အိုမင်းရင့်ရော်သည့် လက္ခဏာများသည် ပြန်လည်ပေါ်ပေါက်လာက ပိုမိုကြာရှည်စွာ ဖြစ်ပေါ်တည်ရှိလာတတ်ပါသည်။
သို့သော် ထိုသို့အစားထိုးပြန်လည်အိပ်စက်ခြင်းသည် စိတ်ဖိစီးမှုဟော်မုန်းဖြစ်သည့် Cortisol ၏ ပမာဏကိုတော့ ကျဆင်းသွားစေပါသည်။ ထိုအခါ cortisol ပမာဏများပြားခြင်းကြောင့်ဖြစ်လာတတ်သော ဆံပင်ပါးခြင်း၊ ဝက်ခြံထွက်ခြင်း စသည့်အကျိုးသက်ရောက်မှုများမှာမူ နည်းပါးသွားနိုင်ခြေရှိပါသည်။