“သလိပ်ထွက်သောချောင်းဆိုးခြင်းသည် အအေးမိ၊ တုပ်ကွေးရောဂါများကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ ထိုအခါမျိုးတွင် ချောင်းဆိုးခြင်းအပြင် နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မောပန်းနွမ်းနယ်ခြင်းများလည်း ဖြစ်ပွားနိုင်ပါသည်။”
တစ်စုံတစ်ရာကြောင့် လည်ချောင်းနှင့်လေလမ်းကြောင်းတွင် ယားယံခြင်း၊ မအီမသာဖြစ်ခြင်းစသည်တို့ ဖြစ်ပေါ်လာသည့်အခါ ခန္ဓာကိုယ်၏အာရုံကြောစနစ်က ဦးနှောက်ကိုသတင်းပေးပို့ပါသည်။ ထိုအခါ ဦးနှောက်က ရင်ဘတ်နှင့် ဝမ်းဗိုက်ရှိကြွက်သားများအား ညှစ်ကျုံ့ရန် အမိန့်ပေးခြင်းအားဖြင့် ချောင်းဆိုးခြင်းကို ဖြစ်ပေါ်လာစေပါသည်။
ထို့ကြောင့် ချောင်းဆိုးခြင်းသည် တစ်နည်းအားဖြင့် ခန္ဓာကိုယ်အား လှုံ့ဆွသည့် အရာဝတ္ထုပစ္စည်းများအား ခန္ဓာကိုယ်အပြင်ဘက်သို့တွန်းထုတ်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
ထိုကဲ့သို့သော လှုံ့ဆွသည့်အရာများတွင် အကျိအချွဲများ၊ မီးခိုးငွေ့၊ ဖုန်မှုန့်၊ ပန်းဝတ်မှုန် ကဲ့သိုသော ဓာတ်မတည့်မှုများ ဖြစ်ပေါ်စေသည့်ပစ္စည်းများပါဝင်ပါသည်။
ထို့ပြင် ချောင်းဆိုးခြင်းသည် နေထိုင်မကောင်းမှု နာမကျန်းဖြစ်မှုများစွာတို့၏ လက္ခဏာတစ်ရပ်အဖြစ် ဖြစ်ပေါ်နေတတ်ပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ချောင်းဆိုးသည့်ပုံစံများက ဖြစ်ပွားနေသော ရောဂါအကြောင်း၊ အခြေအနေများ၏ သဲလွန်စကို ရရှိနိုင်စေရန် အကူအညီပေးပါသည်။
တစ်ခါတစ်ရံတွင် လေလမ်းကြောင်းပိတ်ဆို့ခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် ချောင်းဆိုးတတ်ပါသည်။ အောက်ပါလက္ခဏာများတွေ့ရှိပါက လေလမ်းကြောင်းပိတ်ဆို့နေခြင်း ဖြစ်နိုင်ပါသည်။
- အရေပြားပြာနှမ်းလာခြင်း
- သတိလစ်မေ့မြောသွားခြင်း
- စကားပြောခြင်း၊ ငိုခြင်းစသည်တို့ မပြုလုပ်နိုင်တော့ခြင်း
- အသက်ရှူသည့်အခါ ဆူညံသံများထွက်ပေါ်လာခြင်း
- ချောင်းဆိုးသည့်အခါ အားမပါခြင်း သို့မဟုတ် ထိရောက်မှုမရှိခြင်း
- ထိတ်ထိတ်ပျာပျာ၊ ဂနာမငြိမ်ဖြစ်နေခြင်း
စသည့်လက္ခဏာများဖြစ်ပေါ်နေပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း ဖြစ်နေနိုင်သဖြင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာအကူအညီများ ချက်ချင်းတောင်းခံသင့်ပါသည်။
ချောင်းဆိုးခြင်း အမျိုးအစားများနှင့် လက္ခဏာအမျိုးမျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
သလိပ်ထွက်သောချောင်းဆိုးခြင်း
သလိပ်ထွက်သောချောင်းဆိုးခြင်းသည် အအေးမိ၊ တုပ်ကွေးရောဂါများကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ ထိုအခါမျိုးတွင် ချောင်းဆိုးခြင်းအပြင် နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မောပန်းနွမ်းနယ်ခြင်းများလည်း ဖြစ်ပွားနိုင်ပါသည်။
ထိုသို့ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများမှာ
- နမိုးနီးယားရောဂါ
- နာတာရှည်လေလမ်းကြောင်းပိတ်ဆို့သည့်ရောဂါ
- နာတာရှည်လေပြွန်ရောင်ရောဂါ
- အဆုတ်လေခိုရောဂါ (Emphysema)
- လတ်တလော လေပြွန်ရောင်ရောဂါ
- ပန်းနာရင်ကျပ်ရောဂါ စသည်တို့ ပါဝင်ပါသည်။
ချောင်းခြောက်ဆိုးခြင်း
ချောင်းခြောက်ဆိုးခြင်းသည် သလိပ်မထွက်သောချောင်းဆိုးခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ အများအားဖြင့် အသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းတွင် မအီမသာဖြစ်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။
ချောင်းခြောက်ဆိုးခြင်းဖြစ်ပွားရသည့် အကြောင်းရင်းများမှာ
- အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါပိုးဝင်ရောက်ခြင်း (ဥပမာ – အအေးမိ၊ နှာစေး)
- အသံအိုးရောင်ရမ်းခြင်း
- လည်ပင်းနာခြင်း
- အာသီးရောင်ခြင်း
- ဦးခေါင်ခွံအတွင်းရှိလိုဏ်ခေါင်းငယ်များ (Sinuses) များရောင်ရမ်းခြင်း
- ပန်းနာရင်ကျပ်ဖြစ်ခြင်း
- ဓာတ်မတည့်မှုဖြစ်ပွားခြင်း
- အစာအိမ်အတွင်းမှ အက်စစ်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်ခြင်း
- ACE inhibitors ကဲ့သို့ ဆေးဝါးများသောက်သုံးခြင်း
- လေထုညစ်ညမ်းခြင်း၊ ဖုန်မှုန့် သို့မဟုတ် မီးခိုးငွေ့များနှင့် ထိတွေ့မိခြင်း စသည့်အကြောင်းများကြောင့် ချောင်းခြောက်ဆိုးခြင်းဖြစ်ပွားနိုင်ပါသည်။
ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးခြင်း
ထိုကဲ့သို့ ချောင်းဆိုးခြင်းသည် နာကျင်ခြင်း၊ အလွန်အမင်းပင်ပန်းခြင်းများကို ဖြစ်စေသည့်အပြင် အသက်ရှူရခက်ခဲခြင်း၊ ပျို့အန်ခြင်းများကိုလည်း ဖြစ်ပေါ်စေတတ်ပါသည်။
ကြက်ညှာချောင်းဆိုး ကဲ့သို့သော ဗက်တီးရီးယားကူးစက်ရောဂါများသည် ဤကဲ့သို့ပြင်းထန်သော ချောင်းဆိုးခြင်းများကို ဖြစ်ပေါ်စေတတ်ပါသည်။
ထိုသို့ချောင်းဆိုးသည့်အချိန်တွင် အဆုတ်မှလေအားလုံးကို အပြင်သို့ တွန်းထုတ်လိုက်သည့်အတွက်ကြောင့် လေကိုပြင်းပြင်းထန်ထန် အသံကျယ်လောင်စွာဖြင့် ပြန်လည်ရှူသွင်းရလေ့ရှိပါသည်။
ကလေးများတွင် ကြက်ညှာချောင်းဆိုး ပိုမိုဖြစ်ပွားလေ့ရှိပြီး ပိုမိုပြင်းထန်လေ့ရှိပါသည်။ တစ်ခါတစ်ရံ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ပြင်းထန်တတ်ပါသည်။
ကြက်ညှာချောင်းဆိုးရောဂါကို ယနေ့ခေတ်တွင် ကာကွယ်ဆေးများထိုးနှံ၍ အလွယ်တကူ ကာကွယ်နိုင်ပြီဖြစ်ပါသည်။
ထိုသို့ ပြင်းထန်သောချောင်းဆိုးမှုကိုဖြစ်စေသော အခြားရောဂါများမှာ
- ပန်းနာရင်ကျပ်
- နာတာရှည်လေပြွန်ပိတ်ဆို့ခြင်းရောဂါ
- နမိုးနီးယား
- တီဘီရောဂါ
- အရာဝတ္ထုတစ်ခုခုကြောင့် လေလမ်းကြောင်းပိတ်ဆို့ခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့်ပြသသင့်သလဲ
ကလေးငယ်များတွင် အောက်ပါလက္ခဏာများပေါ်ပေါက်ပါက ဆရာဝန်နှင့်ပြသတိုင်ပင်ရန် လိုအပ်ပါသည်။
- သီတင်းပတ် ၃ ပတ်ထက်ပိုမိုကြာအောင်ချောင်းဆိုးခြင်း
- ကိုယ်အပူချိန် ၁၀၂° ဖာရင်ဟိုက် (38.89°C) နှင့် အထက်ရှိခြင်း (အသက် ၂ လ နှင့် အောက်ကလေးများတွင်မူ ကိုယ်အပူချိန်မည်မျှရှိသည်ဖြစ်စေ ပြသရမည်ဖြစ်ပါသည်)
- အသက်ရှူရန်ခက်ခဲခြင်းကြောင့် စကားမပြောနိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ ပြာနှမ်းလာခြင်း သို့မဟုတ် ဖြူဖျော့လာခြင်း
- ရေဓါတ်ခန်းခြောက်သည့် လက္ခဏာများပေါ်ပေါက်လာခြင်း သို့မဟုတ် အစားအစာများကို မမျိုချနိုင်တော့ခြင်း၊
- အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း၊
- ရုတ်တရက်အလွန်အမင်း ပြင်းပြင်းထန်ထန်ချောင်းဆိုးသည့်အချိန်တွင် ဆူညံသံများ ပေါ်ပေါက်လာခြင်း
- ချောင်းဆိုးခြင်းအပြင် တရွှီရွှီမြည်သံများပေါ်ပေါက်လာခြင်း
အကယ်၍ကလေးများတွင် သတိလစ်သွားခြင်း၊ ပြန်လည်ခေါ်နိုး၍မရခြင်း၊ မတ်တတ်ရပ်ရန်အလွန်အမင်းအားနည်းနေခြင်းများဖြစ်ပေါ်ပါက အရေးပေါ်ကုသမှုခံယူရန် စီစဉ်ဆောင်ရွက်သင့်ပါသည်။
လူကြီးများတွင် အောက်ပါလက္ခဏာများပေါ်ပေါက်ပါက ဆရာဝန်များနှင့်ပြသတိုင်ပင်သင့်ပါသည်။
- သီတင်းပတ် ၈ ပတ်နှင့်အထက်ကြာအောင် ချောင်းဆိုးခြင်း
- ချောင်းဆိုးသည့်အခါ သွေးစသွေးနများပါလာခြင်း
- ကိုယ်အပူချိန် ၁၀၄° ဖာရင်ဟိုက် (38°C) ထက်ပိုမိုများပြားခြင်း
- စကားပြောရန် သို့မဟုတ် လမ်းလျှောက်ရန် အလွန်အမင်းအားနည်းနေခြင်း
- အလွန်အမင်းရေဓာတ်ခန်းခြောက်ခြင်း
- ရုတ်တရက်အလွန်အမင်းချောင်းဆိုးခြင်းဖြစ်ပွားသည့်အခါ ဆူညံသံများပေါ်ပေါက်လာခြင်း
- ချောင်းဆိုးသည့်အခါ တရွှီရွှီမြည်သံများပေါ်ပေါက်လာခြင်း
- အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်သည့် ချောင်းဆိုးခြင်းများရှိခြင်း စသည်တို့ဖြစ်ပွားပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါသည်။
အောက်ပါအခြေအေနေများပေါ်ပေါက်ပါက အရေးပေါ်ဆေးကုသမှုခံယူရန်စီစဉ်သင့်ပါသည်။
- သတိလစ်မေ့မြောခြင်း
- ပြန်လည်နိုး၍မရနိုင်ခြင်း
- မတ်တတ်ရပ်ရန်အားနည်းလွန်းခြင်း စသည်တို့ဖြစ်ကြပါသည်။