fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဦးနှောက်အတွင်းတွင် ဓါတုဗေဒဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

ထို့အပြင် တောက်ပသည့်အလင်းရောင်၊ ကျယ်လောင်သည့်အသံ၊ စူးရှသည့်အနံ့စသည်တို့ကို မခံနိုင်သော ပြင်းထန်သည့်ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပါသည်။

ယေဘုယျလက္ခဏာများမှာ မျက်လုံးနာကျင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်း၏တစ်ဘက်ခြမ်းတွင် တဆစ်ဆစ်ပြင်းထန်စွာကိုက်ခဲခြင်း စသည်တို့ဖြစ်ကြပါသည်။

အမျိုးအစားများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း၏ ၈၀% ခန့်သည် ရှေးဦးလက္ခဏာများကို ပြသခြင်းမရှိကြပါ။ ရှေးဦးလက္ခဏာပြသသော ခေါင်းတစ်ခြမ်းကိုက်ခြင်းများသည် ပုံမှန်ခေါင်းတစ်ခြမ်းကိုက်ခြင်းများထက် ပိုမိုပြင်းထန်လေ့ရှိကြပါသည်။

ရှေးဦးလက္ခဏာပြသသော်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းမရှိဘဲ အခြားလက္ခဏာများသာ ပေါ်ပေါက်တတ်သော အမျိုးအစားများလည်းရှိကြပါသည်။

အချို့ခေါင်းတစ်ခြမ်းကိုက်ခြင်းလက္ခဏာများသည် ခန္ဓာကိုယ်၏တစ်ဘက်ခြမ်း အားမရှိသကဲ့သို့ဖြစ်ခြင်း၊ အာရုံခံစားနိုင်ခြင်းမရှိခြင်း စသည်ဖြင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းလက္ခဏာများနှင့် ဆင်တူတတ်ကြပါသည်။

အချို့သောခေါင်းတစ်ခြမ်းကိုက်ခြင်းအမျိုးအစားများသည် မိနစ်အနည်းငယ်မှ လပေါင်းများစွာကြာသည်အထိ အမြင်အာရုံယာယီချို့ယွင်းခြင်းများ ဖြစ်စေနိုင်ပါသည်။ သို့သော် ထိုသို့ချို့ယွင်းသွားသောအမြင်အာရုံသည် အလိုအလျောက်ပြန်လည်ကောင်းမွန်လာတတ်ပါသည်။ သို့သော် ထိုသို့ဖြစ်ပွားသည့်အခါ ဆရာဝန်နှင့်မဖြစ်မနေပြသတိုင်ပင်ရန် လိုအပ်ပါသည်။

အကယ်၍ ၃ လဆက်တိုက် တစ်လတွင် ၁၅ ရက်ထက်ပို၍ ခေါင်းတစ်ခြမ်းကိုက်နေခဲ့လျှင် နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ခြင်းဟု ယူဆသတ်မှတ်နိုင်ပါသည်။

အချို့ခေါင်းတစ်ခြမ်းကိုက်ခြင်းများသည် ၇၂ နာရီထက်ပို၍ ဆက်တိုက်ကိုက်ခဲနေခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်ပေါ်စေသော အကြောင်းရင်းများ

ခေါင်းတစ်ခြမ်းတည်းကိုက်ခြင်း ဖြစ်ပေါ်ခြင်း၏အကြောင်းရင်းကို တိကျစွာမသိရှိကြပါ။ သို့သော် ဦးနှောက်အတွင်းတွင် အာရုံကြောသတင်းပေးပို့သည့် ဓါတုပစ္စည်းများပမာဏ ပြောင်းလဲခြင်းသည် အဓိကအကြောင်းအချက်ဖြစ်နိုင်သည်ဟု သတ်မှတ်ယူဆထားကြပါသည်။

ထိုသို့ ပြောင်းလဲမှုကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာ ရှိပါသည်။

  • ဟော်မုန်းပြောင်းလဲခြင်း
  • စိတ်ဖိစီးမှုများပြားခြင်း
  • အလွန်ကျယ်လောင်သော ဆူညံသံများကဲ့သို့သော ပြင်းထန်သည့်လှုံ့ဆော်မှုမျိုးကို ကြုံတွေ့ရခြင်း
  • အချို့အစားအစာများကိုစားသုံးမိခြင်း စသည်တို့ဖြစ်ကြပါသည်။

 

ခေါင်းတစ်ခြမ်းကိုက်ခြင်းအား ကုသခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို မိမိတို့အိမ်တွင် ဆရာဝန်ညွှန်ကြားချက်မပါဘဲသောက်သုံးနိုင်သည့် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း၊ ဆရာဝန်နှင့်ပြသရန်လိုအပ်သည့် အခြေအနေများတွင် ဆရာဝန်ညွှန်ကြားသောဆေးဝါးများကိုသောက်သုံးခြင်းအားဖြင့်လည်းကောင်း ပျောက်ကင်းအောင်ကုသနိုင်ပါသည်။

ထို့အပြင် ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားများကို ပြုလုပ်ခြင်း၊ ယောဂကဲ့သို့လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း၊ နေထိုင်မှုပုံစံများကို ပြောင်းလဲခြင်းသည်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်ပေါ်ခံစားရနိုင်သည့် အကြိမ်အရေအတွက်ကိုလျော့ကျစေရန် အကူအညီပေးနိုင်ပါသည်။

Author : Dr. CK

ဆက်စပ် ဆောင်းပါးများ