LcFOS လို့ခေါ်တဲ့ Long chain fructooligosaccharides ဟာဆိုရင် အပင်မှရရှိတဲ့ ကောင်းမွန်တဲ့ သကြားဓါတ်တစ်မျိုးဖြစ်ပါသည်။
ကောင်းမွန်တဲ့ သကြားဓါတ်ဖြစ်တာနှင့်အညီ ခန္ဓာကိုယ်ကို ကောင်းကျိုးများစွာပေးနိုင်ပါသည်။
LcFOS သည် အူလမ်းကြောင်းအတွင်းတွင် အကျိုးပြုဘက်တီးရီးယားများနှင့် တစေးများပေါက်ရောက်ခြင်းကို အားပေးကူညီပေးပါသည်။
ထိုဘက်တီးရီးယားများသည် အစာခြေဖျက်မှုကို အားပေးကူညီသကဲ့သို့ ခြေဖျက်ပြီးသော အာဟာရဓါတ်များကိုလည်း ပြည့်ဝစွာ စုပ်ယူနိုင်ရန် အထောက်အကူပေးပါသည်။
စားသုံးလိုက်သော အစားအစာများတွင် အာဟာရဓါတ်ပြည့်ဝနေစေဖို့ အရေးကြီးသည်မှာ မှန်ကန်သော်လည်း စားလိုက်သောအစားအစာများကို ပြည့်ဝစွာ ခြေဖျက်နိုင်မှု အခန်းကဏ္ဍ၊ ခြေဖျက်လိုက်သော အာဟာရဓါတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်မှု အခန်းကဏ္ဍများမှာလည်း အရေးပါလှပါသည်။
ထို့အပြင် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်၏ ၈၀% ခန့်သည် အူလမ်းကြောင်းအတွင်းတွင် တည်ရှိပါသည်။
ထို့ကြောင့် အူလမ်းကြောင်းအတွင်း အကျိုးပြုဘက်တီးရီးယားများ များပြားခြင်းသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်များကို တိုးတက်စေ၍ ရောဂါအများအပြားကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။
ယခုလို ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့နေသည့်အချိန်ကာလတွင် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်နေခြင်းသည် မည်သည့်အရာနှင့်မျှမလဲနိုင်သော အရာတစ်ခုဖြစ်ပါသည်။
အူလမ်းကြောင်းအတွင်းတွင် အကျိုးပြုဘက်တီးရီးယားများ များပြားလာခြင်းသည် အန္တရာယ်ရှိသော ဘက်တီးရီးယားများကိုလည်း ပမာဏနည်းပါးသွားစေပါသည်။
ထိုသို့ အန္တရာယ်ရှိသော ဘက်တီးရီးယားများ ပမာဏနည်းပါးခြင်းသည် ဝမ်းလျှောခြင်းကဲ့သို့သော အူလမ်းကြောင်းဆိုင်ရာ ပြဿနာ၊ ရောဂါများဖြစ်ပွားမှုကို လျော့ကျစေပါသည်။
ထို့အပြင် LcFOS သည် စားသုံးလိုက်သည့် အစားအစာများထဲတွင် အမျှင်ဓာတ် ပါဝင်မှုပမာဏကို တိုးတက်စေပါသည်။
ထိုသို့အမျှင်ဓါတ်များ များပြားစွာပါဝင်ခြင်းသည် အူလမ်းကြောင်းအတွင်း အူလှိုင်းထခြင်း ဖြစ်စဉ်ကို တိုးတက်စေပါသည်။
အူလှိုင်းထခြင်းဆိုသည်မှာ အူလမ်းကြောင်းအတွင်း အစားအစာများ ရွေ့လျားစေရန် လုပ်ဆောင်ပေးသော စနစ်တစ်ခုဖြစ်ပါသည်။
အူလှိုင်းထခြင်း ပုံမှန်ဖြစ်ပေါ်ခြင်းသည် ဝမ်းချုပ်ခြင်း အပါအဝင် အခြားအစာလမ်းကြောင်းဆိုင်ရာ ပြဿနာများကို လျော့ကျစေပါသည်။
အထူးသဖြင့်ကလေးများတွင် နို့မှုန့်၊ နို့ဗူးများ သောက်သုံးသည့်အခါ ဝမ်းချုပ်သည့်ပြဿနာများကို မကြာခဏရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါသည်။
အကယ်၍ သောက်သုံးသော နို့မှုန့်၏ ဖော်မြူလာတွင် LcFOS ပါဝင်ခဲ့ပါက ထိုဝမ်းချုပ်သည့်ပြဿနာသည် LcFOS ကြောင့် အလွယ်တကူ အဆင်ပြေချော့မွေ့သွားမည် ဖြစ်ပါသည်။
ထို့အပြင် LcFOS သည် အရိုးများ သန်စွမ်းကျန်းမာရေးကိုလည်း ကယ်လ်ဆီယမ်နှင့် အတူပူးတွဲ လုပ်ဆောင်ပေးပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်၏ အခြေခံအထောက်အကူစနစ်တစ်ခုဖြစ်သည့် အရိုးအဖွဲ့အစည်းအတွက်လည်း LcFOS က များစွာ ကူညီပေးနိုင်ပါသည်။
ထို့အပြင် LcFOS သည် အစာခြေလမ်းကြောင်း ကျန်းမာရေးအတွက်လည်း နည်းလမ်းပေါင်းစုံဖြင့် ကူညီပေးနိုင်ပါသည်။ ခရီးထွက်ခြင်းကြောင့် ဝမ်းလျှောရောဂါဖြစ်တတ်ပါကလည်း ခရီးမထွက်ခင်တွင် LcFOS များကို ၂ ပတ်ခန့် ကြိုတင်သောက်သုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ကြောင်းတွေ့ရပါသည်။
ထို့ကြောင့် ကောင်းမွန်လှတဲ့ LcFOS များကို အစားအစာများ၊ ဖြည့်စွက်အာဟာရများမှာ ပါဝင်အောင် ကြိုးစား စားသုံးသင့်လှပါကြောင်း တင်ပြလိုက်ပါသည်။