ယခုနောက်ပိုင်းတွင် လူအများစုသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်အကြောင်းကို ပိုသိ စိတ်ဝင်စား သိရှိလာကြကာ ခုခံအားစနစ်နှင့် ပတ်သက်၍ ပိုမိုအရေးပေးလာကြပြီ ဖြစ်ပါသည်။
လူ့ခန္ဓာကိုယ်၏ ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သော ရောဂါပိုးမွှား များစွာရှိပါသည်။
ထို ရောဂါပိုးမွှားများ ခန္ဓာကိုယ်အတွင်းသို့ မတော်တဆ ဝင်ရောက်လာပါက အန္တရာယ်မဖြစ်စေရန်၊ ပြန်လည် ခုခံတိုက်ထုတ်ကာကွယ်ရန် အလွန်အရေးကြီးပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ် မြင့်တက်နေစေရန် ကြိုးစားခြင်းသည် အရေးကြီးသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။
ခုခံအားစနစ်နှင့် ပတ်သက်၍ လေ့လာကြည့်လျှင် ခန္ဓာကိုယ်တွင် ရှိသော ခုခံအားစနစ်၏ ၇၀% သည် အူလမ်းကြောင်းအတွင်းတွင် တည်ရှိကြောင်း တွေ့ရှိရပါသည်။
အူလမ်းကြောင်း၏ နံရံတွင် ရှိသော ဆဲလ်များ၊ တစ်ရှူးများက ခုခံအားစနစ်အတွက် အရေးပါသကဲ့သို့ အူလမ်းကြောင်းအတွင်းတွင် နေထိုင်ကြသော ဘက်တီးရီးယားပိုများကလည်း အရေးကြီးပါသည်။
ဘက်တီးရီးယားပိုးဟု ဆိုရာတွင် ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေသော ဘက်တီးရီးယားပိုးများ ရှိသကဲ့သို့ ခန္ဓာကိုယ်ကို အကျိုးပြုသော ဘက်တီးရီးယားများလည်း ရှိပါသည်။
ထိုခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက်နှင့် လုပ်ဆောင်နိုင်မှု အရည်အချင်းများသည် ခုခံအားစနစ်ကို များစွာ လွှမ်းမိုး အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ ရှင်သန်ပွားများရေးကို အထောက်အကူပြုသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးခြင်း၊ အစားအစာများကို စားသောက်ပေးခြင်းအားဖြင့် အားပေးကူညီနိုင်ပါသည်။
Prebiotics ဆိုသည်မှာ အကျိုးပြုဘက်တီးရီးယားများ ရှင်သန်ပွားများရေးကို အကူအညီပေးသော အစားအစာများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ထို Prebiotics ပါဝင်သော အစားအစာများကို စားသောက်ခြင်းဖြင့် အစာခြေဖျက်ခြင်း၊ အာဟာရဓါတ်များကို စုပ်ယူခြင်းများကို အားပေးကူညီနိုင်ရုံသာမက ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုပါ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ပါသည်။
Long chain Fructo-oligosaccharides ဟု ခေါ်ဆိုသော LcFOS သည် Prebiotics တစ်မျိုးဖြစ်ပါသည်။
LcFOS သည် အူလမ်းကြောင်းအတွင်း နေထိုင်သော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ၏ အရည်အတွက်နှင့် အရည်အသွေးကို တိုးတက်စေခြင်းအားဖြင့် ဘက်တီးရီးယားများ၏ မျှခြေကို တိုးတက်ကောင်းမွန်စေပါသည်။
ထို့ပြင် အူလမ်းကြောင်း၏ နံရံများတွင်ရှိသော ဆဲလ်များ၊ တစ်ရှူးများမှ ခုခံအားစနစ်အတွက် အကျိုးပြုသော ပဋိပစ္စည်းများ စစ်ထုတ်ခြင်းကို အားပေးကူညီနိုင်ရုံသာမက အန္တရာယ်ရှိသော ဘက်တီးရီးယားများ၏ အရေအတွက်ကိုလည်း နည်းပါးလာစေပါသည်။
အူလမ်းကြောင်းကို ကာရံထားသော ဆဲလ်များကိုလည်း ထူထဲလာစေခြင်းအားဖြင့် ရောဂါပိုးမွှားများကို အူလမ်းကြောင်းအတွင်းသို့ မဝင်ရောက်စေရန် တားဆီးကာကွယ်ပေးနိုင်ပါသည်။
ထို့အပြင် အစာခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များကို စုပ်ယူခြင်းကို တိုးတက်ကောင်းမွန်လာစေခြင်းအားဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသော အစားအစာနှင့် အာဟာရဓါတ်များကို ခန္ဓာကိုယ်မှ ပိုမိုရရှိစေရန်လည်း ကူညီပေးနိုင်ပါသည်။
LcFOS များကို ငှက်ပျောသီး၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကညွတ်၊ ပဲပိုးတီ၊ ယာကွန်းဥတို့တွင် တွေ့ရှိရပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်အပါအဝင် အခြားစနစ်များစွာကို အကျိုးကျေးဇူးများစွာ ဖြစ်စေသော LcFOS များကို ပြည့်ဝသော အစားအစာများကို စားသုံးပေးခြင်း၊ LcFOS ပါဝင်သော ဖြည့်စွက် အာဟာရများကို သောက်သုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်များကို တိုးတက်စေနိုင်ကြောင်း တင်ပြလိုက်ရပါသည်။
Author: Dr. သန့်