ခန္ဓာကိုယ်အစိတ်အပိုင်းများမှ လိုအပ်သော အောက်ဆီဂျင်ကို ဖြည့်ဆည်းပေးနိုင်သည့် ဟေမိုဂလိုဘင်ဓာတ်များသည် သွေးနီဥများထဲတွင်ရှိသော ပရိုတင်းဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါသည်။
သံဓာတ်သည် ၎င်းဟေမိုဂလိုဘင်ဒြပ်ပေါင်းများ၏ အရေးပါသောပါဝင်မှု ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းတွင် ဟေမိုဂလိုဘင်ဓာတ်များ ချို့တဲ့သောအခြေအနေများတွင် တစ်ရှူးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အောက်ဆီဂျင် လုံလောက်စွာမရရှိသောကြောင့် လုပ်ငန်းဆောင်တာများအား ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါ။ ၎င်းအခြေအနေကို သွေးအားနည်းရောဂါဖြစ်ခြင်းဟုသတ်မှတ်ပါသည်။
သွေးအားနည်းရောဂါ အမျိုးအစားများစွာရှိသော်လည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါအမျိုးအစားသည် အဖြစ်အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေသောအကြောင်းရင်းများ
သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေသောအကြောင်းရင်းများမှာ အောက်ပါအချက်များကြောင့် ဖြစ်ပါသည်။
– စားသုံးသော အစားအစာများတွင် သံဓာတ်ပါဝင်မှုမလုံလောက်ခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်း
– နာတာရှည် အူလမ်းကြောင်းရောဂါများကြောင့် သံဓာတ်ချို့တဲ့ခြင်း
– ကိုယ်ဝန်ဆောင်စဉ်တွင် သံဓာတ်လုံလောက်မှု ပိုမိုများပြားလာခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်း
– အမျိုးသမီးများ ရာသီသွေးပေါ်ခြင်းပမာဏများသည့်အတွက် သွေးဆုံးရှုံးမှုများပြားခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်း
– အချို့သော နာတာရှည် အခြေခံရောဂါများ ( ဥပမာ-လိပ်ခေါင်းရောဂါမှ သွေးထွက်ခြင်း၊ အချို့သော အူလမ်းကြောင်းရောဂါများ၊ အစာအိမ်အနာမှ သွေးယိုခြင်း) များကြောင့် သွေးဆုံးရှုံးမှုများလာသဖြင့် သံဓာတ်ချို့တဲ့ခြင်း စသည့်အကြောင်းရင်းများကြောင့် သံဓာတ်ချို့တဲ့ခြင်းရောဂါဖြစ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာများသည် အောက်ပါအချက်များပေါ်တွင် မူတည်၍ ကွဲပြားနိုင်ပါသည်။
– သွေးအားနည်းရောဂါလက္ခဏာ၏ ပြင်းထန်မှုအခြေအနေများ
– သံဓာတ်ချို့တဲ့သောသူ၏ အသက်အရွယ်
– သံဓာတ်ချို့တဲ့သောသူ၏ လက်ရှိကျန်းမာရေးအခြေအနေ စသည့် အချက်များပေါ်တွင် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်ကြောင်း တွေ့ရှိရပေသည်။
အောက်ပါတို့သည် သံဓာတ်ချို့တဲ့သောသူများ (ကလေးမိခင်များ အပါအဝင်) တွင် တွေ့ရှိရသော ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
( ၁ ) ပုံမှန်အခြေအနေထက် ပို၍မောပန်းလွယ်ခြင်း
ပုံမှန်အခြေအနေထက် ပို၍မောပန်းလွယ်ခြင်းသည် သံဓာတ်ချို့တဲ့ခြင်းတွင် အဖြစ်များဆုံးသော ရောဂါလက္ခဏာတစ်ခုအဖြစ် တွေ့ရှိရပါသည်။ ၎င်းလက္ခဏာဖြစ်ရခြင်းအကြောင်းရင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ လိုအပ်သော အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသည့် ဟေမိုဂလိုဘင်ဒြပ်ပေါင်းကို ဖွဲ့စည်းရန်အတွက် သံဓာတ်များ မလုံလောက်သောကြောင့် ဖြစ်ပါသည်။
အောက်ဆီဂျင်ချို့တဲ့သောအခါ စွမ်းအင်များမလုံလောက်သည့် အခြေအနေများဖြစ်လာပြီး နှလုံးက ပိုမိုအားစိုက်ထုတ်၍ အလုပ်လုပ်ရသောကြောင့် မောပန်းသည့် လက္ခဏာများခံစားရခြင်း ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့သောသူများတွင် မောပန်းလွယ်ခြင်းအပြင် အားနည်းခြင်း ၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း စသော ရောဂါလက္ခဏာများကိုလည်း တွေ့ရှိနိုင်ပါသည်။
( ၂ ) မျက်နှာ အသားအရေ ဖြူဖျော့နေခြင်း
မျက်နှာ အသားအရေဖြူဖျော့နေခြင်း သို့မဟုတ် အောက်မျက်ခွံဖြူဖျော့ခြင်း စသည်တို့သည် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၏ အဖြစ်များသော လက္ခဏာများ ဖြစ်ပါသည်။ သွေးနီဥများတွင်ရှိသော ဟေမိုဂလိုဘင်ဓာတ်သည် သွေးအရောင်နီခြင်းကို ဖြစ်စေသည့် အကြောင်းရင်း ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့် ဟေမိုဂလိုဘင်ဒြပ်ပေါင်းများ လျော့နည်းလာသည့်အတွက် သွေးအရောင်နီခြင်း ဖျော့တော့လာပြီး မျက်နှာအသားအရေ ဖြူဖျော့ခြင်းနှင့် အောက်မျက်ခွံဖြူဖျော့ခြင်းစသည့် လက္ခဏာများကို တွေ့ရှိလာရခြင်းဖြစ်ပါသည်။ ထို့ပြင် သွားဖုံး၊ နှုတ်ခမ်းနှင့် လက်သည်းတို့တွင်လည်းဖြူဖျော့ခြင်း လက္ခဏာများကို တွေ့ရှိနိုင်ကြောင်းတွေ့ရှိရပါသည်။
( ၃ ) အသက်ရှူမ၀ခြင်း
သံဓာတ်ချို့တဲ့သည့်အတွက် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ ပို့ဆောင်သော ဟေမိုဂလိုဘင်ဓာတ်များ ချို့တဲ့လာပါသည်။ ထိုအခါ ကြွက်သားများနှင့် တစ်ရှူးများမှ အောက်ဆီဂျင်ကို လုံလောက်စွာ မရရှိခြင်းဟူသော ပြဿနာများဖြစ်လာကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်ရှိတစ်ရှူးများမှ အောက်ဆီဂျင်ကို ရရှိနိုင်ရန် ပိုမိုကြိုးစားအားစိုက်ထုတ်ရသည့် အတွက် အသက်ရှူနှုန်းများမြန်ဆန်လာပြီး အသက်ရှူမ၀ခြင်းရောဂါ လက္ခဏာကို ခံစားလာရပါသည်။
( ၄ ) ခေါင်းကိုက်ခြင်း နှင့် ခေါင်းမူးခြင်း
အထူးသဖြင့် သံဓာတ်ချို့တဲ့သော အမျိုးသမီးများတွင် ၎င်းလက္ခဏာများကို ခံစားရလေ့ရှိကြောင်း တွေ့ရှိရပါသည်။ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဟေမိုဂလိုဘင်ဓာတ်များချို့တဲ့လာပြီး ဦးနှောက်များဆီသို့ အောက်ဆီဂျင်များလုံလောက်စွာ မရရှိသည့်အခါ ဦးနှောက်အတွင်းရှိ သွေးကြောများရောင်ရမ်းလာပြီး
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း စသော လက္ခဏာများဖြစ်လာနိုင်ပါသည်။
ခေါင်းကိုက်ခြင်းသည် အခြားရောဂါများ၏ ရောဂါလက္ခဏာများဖြစ်နိုင်သော်လည်း သွေးအားနည်းရောဂါ၏ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ကြောင်း သတိပြုသင့်ပါသည်။
( ၅ ) နှလုံးတုန်ရင်တုန်ဖြစ်ခြင်း
နှလုံးတုန်ရင်တုန်ဖြစ်ခြင်းသည် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ၏ လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ အထက်တွင်ဖော်ပြသည့်အတိုင်း သံဓာတ်ချို့တဲ့ခြင်းကြောင့် ဟေမိုဂလိုဘင်ဓာတ်များလျော့နည်း လာသည့်အတွက် လိုအပ်သော အောက်ဆီဂျင်ကို ရရှိရန် နှလုံးသည် ပုံမှန်ထက် ပို၍ အားစိုက်ထုတ်လုပ်ဆောင်ရပါသည်။
ထို့ကြောင့် နှလုံးခုန်နှုန်းမြန်ဆန်ခြင်း ၊ နှလုံးခုန် စည်းချက်မမှန်ခြင်း စသော လက္ခဏာများဖြစ်ပေါ် ခံစားရခြင်း စသည်တို့ကို သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ၏ လက္ခဏာတစ်ရပ်အဖြစ် တွေ့ရှိရပါသည်။
( ၆ ) အရေပြားနှင့်ဆံပင်များ ခြောက်သွေ့ပျက်စီးခြင်း။
သံဓာတ်ချို့တဲ့ခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်ခြင်းသည် အရေပြားနှင့် ဆံပင်တို့၏ ကျန်းမာရေးကိုလည်း အကျိုးသက်ရောက်မှုများ ရှိစေပါသည်။
အရေပြားနှင့် ဆံပင်များတွင် အောက်ဆီဂျင်ဓာတ်လုံလောက်စွာမရရှိသောအခါ ၎င်းတို့သည် ခြောက်သွေ့ခြင်း ၊ ဆံပင်များကျွတ်ခြင်း ၊ ဆံပင်များ နက်မှောင်သန်စွမ်းမှုမရှိခြင်း ၊ လက်သည်းများ ကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း စသည့်ရောဂါပြဿနာများကို တွေ့ရှိနိုင်ပေသည်။
( ၇ ) လျှာနှင့် ပါးစပ်များ ရောင်ရမ်းနာကျင်ခြင်း
လျှာ ရောင်ရမ်းနာကျင်ခြင်း၊ ဖျော့တော့နေခြင်း၊ ချောမွတ်နေခြင်း စသည်တို့သည် သံဓာတ်ချို့တဲ့လက္ခဏာတစ်ရပ်ဖြစ်ပါသည်။
အခြားခံတွင်းပိုင်းဆိုင်ရာရောဂါလက္ခဏာများမှာ
– အာခေါင်ခြောက်ခြင်း
– ပါးစပ်တွင် ပူလောင်သည့်ခံစားချက်များခံစားရခြင်း
– ပါးစပ်တွင် အက်ကွဲနာများဖြစ်ခြင်း စသည့် ဝေဒနာများကိုလည်း ခံစားရနိုင်ကြောင်း တွေ့ရပါသည်။
( ၈ ) သံဓာတ်ချို့တဲ့ရောဂါ၏ အခြားရောဂါလက္ခဏာများ
– စိတ်ဓာတ်ကျရောဂါ ဖြစ်ခြင်း
– ခြေဖျားလက်ဖျားများ အေးခြင်း
– မကြာခဏ ရောဂါပိုးကူးစက်ခံရခြင်း စသည်တို့ကိုလည်းတွေ့ရှိရပါသည်။
Author : Dr. မွန်