တချို့က ရှူဆေးရှူခြင်းကို စွဲလန်းနေကြသည်။ အချိန်တိုင်း ရူဆေးဘူးလေး ကိုင်ထားတတ်ကြသည်။ အမူးအမော်ပြေကာ ခေါင်းကြည်သည်ဟု ဆိုကြသည်။ ယနေ့ခေတ်အလုပ်များတွင် စိတ်ဖိစီးမှုများသည်။ အလုပ်၏ ဖိအားတွေကြောင့် ခေါင်းကိုက်ခြင်းများဖြစ်သည်။ တစ်ချို့ကား ရှူဆေးအား မရှူရမနေနိုင်စွဲလန်းနေကြသည်။
တိုင်းရင်းဆေး ရှူဆေးတွင် ပါဝင်ပစ္စည်းများအား ရှူဆေးဘူးပေါ်တွင် အတိအကျရေးထားခြင်းမရှိ။ ပန်းပေါင်းစုံ ရှူဆေးဟုသာ သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိရိုးဖလာ တိုင်းရင်းဆေရှူဆေးဘူးများရှိသည်။ ထို့ပြင် တခြားနိုင်ငံခြားမှ တင်သွင်းသော ရူဆေးဘူးများလည်းရှိသည်။ ထိုရှူဆေးဘူးများတွင် အဓိကကုန်ကြမ်းအနေနှင့် သစ်ခေါက်၊ သစ်ရွက်များကို ကြိတ်ကာ ထည့်ထားခြင်းဖြစ်သည်။ ဓာတုပစ္စည်း လုံးဝမပါဝင်ပါဟုလည်း ကြေငြာကြသည်။ သို့သော် ရူဆေးတွင်ပါဝင်သော ပစ္စည်းများကား အဆင့်မြင့် ဓာတ်ခွဲမှုလုပ်ကာ ပြုလုပ်ထားခြင်းမဟုတ်။ နေပူလှန်း အခြောက်ခံကာ ဘူးထဲထည့်ထားခြင်းဖြစ်သည်။ ဓာတုပစ္စည်းများ မပါဝင်အောင် ထုတ်လုပ်ထားခြင်းမဟုတ်။
ရှူဆေးနှင့်ပတ်သက်ပြီး အဆင့်မြင့်သုတေသနများလုပ်ထားခြင်းမရှိသောကြောင့် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသည်။ ရှူဆေးဘူးများကို အချိန်ကြာမြင့်စွာ သိမ်းထားခြင်းနှင့် အစိုဓာတ်ပြန်ခြင်းများကြောင့် ရှူဆေးမှုန်များထဲတွင် မှိုများ စွဲနေတတ်သည်။ ထိုမှိုများကြောင့် အဆုတ် မှိုစွဲသည့် ရောဂါ ဖြစ်ပွားတတ်ပါသည်။ ထိုအဆုတ်မှိုစွဲသည့်ရောဂါသည် တီဘီရောဂါကဲ့သို့ လက္ခဏာများနှင့် လာတတ်သည်။
အဆုတ် ဓာတ်မှန်ရိုက်ကြည့်မှသာ အဆုတ်မှိုစွဲသည်ကို သိရှိရမည်ဖြစ်သည်။ အဆုတ် မှိုစွဲသည်ကား အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါတစ်ခု ဖြစ်သည်။ ကုသ၍လည်း ခက်ခဲပါသည်။ ထိုမှတစ်ဆင့် မှိုကြောင့်ဖြစ်သော အဆုတ်ကင်ဆာမျိုးလည်း ဖြစ်ပွားတတ်ပါသည်။ နောက်ဆိုးကျိုးတစ်ခုကား ရှူဆေးအလွန်အကျွံသုံးစွဲသူများတွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်ခြင်းပင်ဖြစ်သည်။
ရှူဆေးတွင် ပါဝင်သော ပစ္စည်းများကြောင့် ဖြစ်နိုင်သလို မှိုကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရူဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ယှဥ်ရမည်။ ထို့ပြင် ရူဆေးဘူးတွင် ပါဝင်သော သစ်ဥ သစ်ဖုတို့တွင် လူကို အန္တရာယ်ဖြစ်စေသော ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ ဓာတုပစ္စည်းများ မပါဝင်ပါဟု သုတေသန ပြုလုပ်ထားခြင်းမရှိပေ။ ထို့အရာများကို အသက်ရူလမ်းကြောင်းမှ တစ်ဆင့် ကိုယ်ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အသည်း ပျက်စီးခြင်းများ ဖြစ်ပွားနိုင်သည်။ ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် ရှူဆေးရှူခြင်းများကို လုံးဝရှောင်ကြဥ်သင့်သည်။
အသက်ရှူကျပ်မောပန်းနွမ်းနယ်ပါက ရှူဆေးအစားသုံးအနေနှင့် သံပရာရနံ့နှင့် ပန်းနံ့တို့ကို သုံးကာ မောပန်းနွမ်းနယ်မှုကို ပျောက်အောင်လုပ်ဆောင်သင့်သည်။ ထို့ပြင် ယောဂ ကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်း၊ လေကောင်းလေသန့်ရူသွင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်း များကလည်း ခေါင်းကိုက်ပျောက်ကင်းစေရုံသာမကာ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းအောင်ပြုလုပ်သင့်ပါသည်။ ထို့ပြင် တိုင်းရင်းဆေးများနှင့် ပတ်သတ်၍လည်းသုတေသနလုပ်ငန်းများကို ယခုထက်ပို၍ လုပ်ဆောင်သင့် ပါသည်။
Author: ဒေါက်တာအေးချမ်းမိုး