ကြွက်သားနာကျင်ခြင်းအခြေအနေဟာ လူကြီးလူငယ်မရွေး ခံစားရနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အမျာအားဖြင့် ကြွက်သားနာကျင်မှုအခြေအနေများဟာ စိုးရိမ်ပူပန်စရာမလိုပဲ ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါတစ်ရံ ရောဂါတစ်ခုခုရှိနေတာကြောင့် ဖြစ်နေတတ်ပါတယ်။ ကြွက်သားကိုအလွန်အကျွံသုံးမိခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းအခြေအနေတွေက ကြွက်သားနာကျင်မှုအများဆုံးဖြစ်စေသော အကြောင်းအရာတွေဖြစ်ပါတယ်။
ကြွက်သားနာကျင်ခြင်းသက်သာစေမယ့် သဘာ၀နည်းလမ်းများ
R.I.C.E နည်းလမ်း
-R-Rest (အနားပေးပါ။)
နာနေသောကြွက်သားကို အနားပေးပါ။ နာကျင်မှုဖြစ်သွားစေတဲ့ လှုပ်ရှားမှုကို ခဏရပ်ပါ။ ဥပမာ-သင်ပြေးခြင်းပြုလုပ်ရာကနေ ကြွက်သားနာကျင်သွားလျှင် နောက်ရက်အနည်းငယ်လောက်မပြေးဘဲ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခြင်း၊စက်ဘီးနင်းခြင်းတို့ဖြင့် အစားထိုးလုပ်နိုင်ပါတယ်။ ယျေဘုယျအားဖြင့် နာကျင်နေသောကြွက်သားအုပ်စုကို ၄၈ နာရီလောက် အနားပေးသင့်တယ်လို့ဆိုပါတယ်။
-I-Ice(ရေခဲကပ်ပေးပါ။)
ရေခဲကပ်ပေးခြင်းဟာ နာကျင်မှုကိုလည်း သက်သာစေသလို ရောင်ရမ်းခြင်းကိုလည်းလျှော့ချပေးပါတယ်။ တစ်နေ့လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ လောက်ထိ ရောင်နေသော နာနေသောနေရာကို ရေခဲကပ်ပေးသင့်တယ်လို့ဆိုပါတယ်။
-C-Compression(ဖိထားပေးခြင်း)
ဒါဟာ နာနေရောင်နေတဲ့နေရာကို Compression Bandage လို့ခေါ်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးပျော့ စည်းခိုင်းတာဖြစ်ပါတယ်။ Compression Bandage စည်းခြင်းဟာ ရောင်ရမ်းမှုကို ကျစေပါတယ်။
-E-Elevation( မြှောက်ထားခြင်း)
ရောင်ရမ်းနာကျင်နေတဲ့ အစိတ်အပိုင်းကို နှလုံးအထက် မြှောက်ထားခြင်းဟာ ရောင်ရမ်းမှုကိုကျစေပါတယ်။ ဒဏ်ဖြစ်သွားတဲ့နေရာကို တစ်နေ့လျှင် ၂ နာရီ မှ ၃ နာရီလောက် နှလုံးအထက်မြှောက်ထားသင့်တယ်လို့ဆိုပါတယ်။
ရေနွေးဖြင့်ရေချိုးခြင်း
အပူဓာတ်၊ အနွေးဓာတ်ဟာ သွေးလည်ပတ်မှုကိုကောင်းစေပြီး ကြွက်သားတွေဆီ သွေးပိုရောက်စေပါတယ်။ ဒါကြောင့် ရေနွေးနွေးဖြင့်ရေချိုးပေးခြင်းဟာ ကြွက်သားနာကျင်ခြင်းကိုသက်သာအောင် ကူညီပေးတယ်လို့ဆိုပါတယ်။ ဒါ့ပြင် ရေနွေးအိတ်တင်ပေးခြင်း၊ကြပ်ထုပ်ထိုးခြင်းများကိုလည်း ဖောင်းရောင်နေသောအခြေအနေမျိုးမဟုတ်လျှင် အနာသက်သာအောင် အိမ်တွင်းကုထုံးအနေဖြင့်ပြုလုပ်ပေးနိုင်ပါတယ်။
ဆားခါးစိမ်ခြင်း (Epsom Salt Soak)
ဆားခါးစိမ်ခြင်းဟာ ကြွက်သားနာကျင်မှုကို သက်သာစေသော နာမည်ကြီး သဘာဝနည်းလမ်းတစ်ခုဖြစ်တယ်။ ဆားခါးမှာ Magnesiumနဲ့ Sulphatesဓာတ်တွေ ပါဝင်ပြီး အရောင်အရမ်းကျစေခြင်းနဲ့ ကြွက်သားတောင့်တင်းနာကျင်မှုတွေကို သက်သာစေခြင်း အာနိသင်ရှိပါတယ်။ ကြွက်သားနာကျင်မှုသက်သာစေရန် ရေနွေးနွးထဲမှာ ဆာခါး နှစ်ခွက်ထည့်ပြီး မိနစ် ၂၀ ခန့်စိမ်ပေးသင့်တယ်လိုဆိုပါတယ်။
ကြွက်သားများကို နှိပ်နယ်ပေးခြင်း
ကြွက်သားတွေကို နည်းလမ်းတကျ နှိပ်နယ်ပေးခြင်းဟာလည်း သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကြွက်သားတင်းတောင့်နေခြင်းကို ဖြေလျှော့ပေးခြင်းဖြင့် နာကျင်ခြင်းကို သက်သာအောင်ကူညီပေးတယ်လို့ဆိုပါတယ်။
ရနံ့ဆီလိမ်းခြင်း (Essential Oil)
အချို့သောရနံ့ဆီ Essential Oilsတွေဟာ ကြွက်သားနာကျင်မှုကိုသက်သာစေပါတယ်။
-ကြွက်တက်ခြင်း(Cramp) အတွက်-စပါးလင်ရနံ့ဆီ၊ Peppermint ရနံ့ဆီ၊ Majoram ရနံ့ဆီ
-ကြွက်သားတောင့်ခြင်း(Spasm) အတွက်-ပင်စိမ်းရနံ့ဆီ၊ Majoramရနံ့ဆီ၊ Roman Chamomile ရနံ့ဆီ
-ကြွက်သားတင်းခြင်း(Tension)အတွက်-Peppermintရနံ့ဆီ၊ Majoramရနံ့ဆီ၊ Roman Chamomile ရနံ့ဆီ၊ Lavender ရနံ့ဆီ၊Helichrysum ရနံ့ဆီ
-ကြွက်သားနာကျင်ခြင်းသက်သာအောင် Essential Oil တစ်စက် သို့မဟုတ် နှစ်စက်လောက်ကို သံလွင်ဆီ သိုမဟုတ် အုန်းဆီထမင်းစားဇွန်းတစ်ဇွန်းနှင့် ရောပြီး လိမ်းပေးနိုင်ပါသည်။
ပန်းသီးရှာလကာရည် (Apple Cider Viniger)
ပန်းသီးရှာလကာရည်မှာ အရောင်အရမ်းကျစေတဲ့ဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့် သင်ကြွက်သားနာကျင်ခြင်းခံစားနေရတယ်ဆိုလျှင် ပန်းသီးရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေဖြင့်ရော၍သောက်ပေးခြင်း သို့မဟုတ် နာကျင်နေသည့်နေရာကို တိုက်ရိုက်လိမ်းပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။
ချယ်ရီသီးဖျော်ရည်
ချယ်ရီသီးဖျော်ရည် (Tart cherry juice)မှာ ကြွက်သားနာကျင်မှုကို သက်သာစေတဲ့ Antioxidant ဓာတ်တွေများစွာပါဝင်ပါတယ်။ ဒါကြောင့် British Journal of Sport Medicine ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာဆိုလျှင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းပြုလုပ်ပြီးလျှင် ချယ်ရီသီးဖျော်ရည်သောက်ဖို့ရန် အကြံပေးထားပါတယ်။
အပ်စိုက်ကုသခြင်း (Acupuncture)
အပ်စိုက်ခြင်းဟာ တရုတ်ရိုးရာ ဆေးပညာတစ်ခုဖြစ်ပြီး အရိုးအစစ်နှင့်ကြွက်သားနာကျင်မှုကို သက်သာအောင်များစွာကူညီပေးပါတယ်။ ဒါဟာ အပ်စိုက်ကုသခြင်းပြုလုပ်လျှင် ထွက်လာတဲ့ Serotonin ဆိုတဲ့ဓာတ်ဟာ နာကျင်မှုကို သက်သာစေတာကြောင့်ပဲဖြစ်တယ်။
ကိုယ်လက်လှုပ်ရှားမှု
သင့်တင့်မျှတပြီး နည်းလမ်းမှန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေဟာ ကြွက်သားနာကျင်ခြင်းကိုသက်သာစေတယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျှော့ခြင်း စသည့်အမူအကျင့်များဟာ ကြွက်သားနာကျင်ခြင်းများကို မဖြစ်အောင်နှင့် သက်သာအောင် ကူညီပေးပါတယ်။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ စက်ဘီးနင်းခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ရေဓာတ်လုံလောက်အောင် သောက်ခြင်း
ကြွက်သားနာကျင်တု့အခါ ရေဓာတ်လုံလောက်နေဖို့အရေးကြီးပါတယ်။ ရေသောက်ခြင်းဟာ ကြွက်တက်ခြင်း၊ နုံးခြင်း၊ မူးခြင်းမဖြစ်အောင်နဲ့ ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးပါတယ်။
ယောဂနဲ့ ထိုက်ချိလေ့ကျင့်ခန်းများ
ယောဂနဲ့ ထိုက်ချိလေ့ကျင့်ခန်းများဟာ ကြွက်သားတွေကို ညင်ညင်သာသာအကြောလျှော့ပေးခြင်းဖြင့် သန်မာစေခြင်း ၊သွေးလည်ပတ်မှုကောင်းစေခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် အရိုးအဆစ်နာကျင်သည့်အခါ နှင့် ကြွက်သားများနာကျင်သည့်အခါ ကုသရာတွင် များစွာအထောက်အကူဖြစ်စေပါတယ်။