ဒီမေးခွန်းနဲ့ပတ်သက်ပြီး လေ့လာစမ်းသပ်ချက်တွေအရတော့ တိကျတဲ့အဖြေတစ်ခုကိုခုချိန်ထိရှင်းရှင်းလင်းလင်းမပေးနိုင်သေးပါဘူး။ အဓိပ္ပာယ်ကတော့ ရာသီဥတုအေးတာနဲ့ အဆစ်အမြစ်ကိုက်တတ်ပါတယ်ဆိုတဲ့ဆက်နွှယ်ချက်ကိုသိပ္ပံနည်းပညာနဲ့ သက်သေပြလို့မရသေးပါဘူး။ ဒါပေမဲ့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေကိုစစ်တမ်းကောက်ကြည့်တဲ့အခါမှာတော့ ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းလောက်က ရာသီဥတုအေးလာရင် အဆစ်အမြစ်တွေပိုမိုကိုက်ခဲနာကျင်တတ်ကြောင်းဖြေဆိုထားတာတွေ့ရှိရပါတယ်။
ဖြစ်စေတဲ့အဓိကအကြောင်းရင်းကိုမဖော်ထုတ်နိုင်သော်လည်း အနီးစပ်ဆုံးယူဆချက်လေးတွေတော့ရှိပါတယ်။ ပထမတစ်ချက် အနေနဲ့ ရာသီဥတုအေးလာရင်လေထုထဲမှာ Barometric Pressure လို့ခေါ်တဲ့လေဖိအားလျော့နည်းလာပြီးတော့ အရိုးအဆစ်တွေကိုပုံမှန်ထက်ပျံ့ကားစေပါတယ်။ အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့ အဆစ်အမြစ်နာကျင်ခြင်းဝေဒနာကို ပိုခံစားရစေတာပါ။ ဒုတိယအချက်အနေနဲ့ကတော့ ရာသီဥတုအေးလာတဲ့အချိန်မှာ အရိုးအဆစ်ကြားတွေနဲ့ အဆစ်ပတ်လည်တွေမှာရှိတဲ့ Synovial fluid လို့ခေါ်တဲ့ ချောဆီလေးတွေက ပုံမှန်ထက်ပျစ်လာပီးတော့ အဆစ်အမြစ်တွေကို တောင့်တင်းနာကျင်စေတယ်လို့ယူဆထားပါတယ်။ ဒါကြောင့် ကျွန်တော်ဆက်လက်ဖော်ပြပေးမယ့်အချက်လေးတွေကို လိုက်နာလုပ်ဆောင်မယ်ဆိုရင် ရာသီဥတုအေးတဲ့အချိန်မှာ ခံစားရတဲ့အဆစ်အမြစ်ေတွနာကျင်ခြင်းဝေဒနာကို လျော့နည်းသက်သာစေမှာဖြစ်ပါတယ်။
(၁) နွေးနွေးထွေးထွေးနေပါ
ကျွန်တော်တို့ငယ်ငယ်တုန်းက အထူးသဖြင့်နယ်မြို့လေးတွေမှာ ရာသီဥတုအေးလာပီဆို မီးဖိုလေးတွေဖိုပြီး လူကြီးတွေနဲ့ တိုးဝှေ့မီးလှုံခဲ့ကြတာကိုမှတ်မိမှာပါ။ ဒါဟာကိုယ်လက်နာကျင်ကိုက်ခဲတတ်တဲ့ လူကြီးတွေအနေနဲ့ ချမ်းအေးတဲ့ရာသီဥတုကြောင့် ဖြစ်စေတဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေကိုအန်တုခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ တကယ်လည်း အသုံးတည့်ပါတယ်၊ အရိုးတွေထိခိုက်ခိုက်တုန်အောင်ချမ်းအေးနေရင်တောင် မီးဖိုလေးဘေးမှာခဏတာနေလိုက်ရရင်ပဲ ချမ်းအေးတဲ့ဒါဏ်ရော၊ အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေပါ ယူပစ်သလိုသက်သာသွားတတ်ပါတယ်။
အကယ်၍မီးလှုံဖို့အခွင့်အရေးမပေးဘူးဆိုရင်လည်း အဝတ်အစားထူထူဝတ်ခြင်း၊ ခြေအိတ် လက်အိတ်စွတ်ထားခြင်းနဲ့ ရေနွေးပူပူလေးတွေသောက်ပေးခြင်းအပြင် နာကျင်ကိုက်ခဲတတ်တဲ့အဆစ်အမြစ်နေရာတွေကိုအဝတ်ထူထူနဲ့အုပ်ထားပေးသင့်ပါတယ်။ ဒါမှမဟုတ် ရေနွေးအိတ်လေးကပ်ထားပေးရင်လဲအဆင်ပြေပါတယ်။
(၂) တက်တက်ကြွကြွနေပါ၊ ထိုက်သင့်တဲ့ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ
ပုံမှန်အားဖြင့်ရာသီဥတုလေးအေးလာရင် လူကြီးလူငယ်မရွေး အပြင်သိပ်မထွက်ချင်ကြတော့ပါဘူး။ စောင်ပုံထဲမှာဝင်ကွေးရင်းအနားယူတတ်ကြပါတယ်။ ပုံမှန်လူတွေအနေနဲ့တော့အဲ့လိုမျိုးနေတာကပြသနာမရှိပေမဲ့ အဆစ်အမြစ်ကိုက်ခဲတတ်တဲ့လူတွေအနေနဲ့ကတော့ အဲဒီလိုနေလိုက်မယ်ဆိုရင်ကိုယ်လက်တွေလေးလံထိုင်းမှိုင်းပြီး နာကျင်ကိုက်ခဲတဲ့ဝေဒနာကိုပိုမိုခံစားရစေပါတယ်။
ဒါကြောင့် ရာသီဥတုအေးလာတဲ့အချိန်မှာ မိမိနဲ့သင့်တော်တဲ့ကိုယ်လက်လေ့ကျင့်ခန်းမျိုးပြုလုပ်ပေးပီးးကိုယ်ခန္ဓာကိုတက်ကြွအောင်ပြုလုပ်ထားရပါ့မယ်။သို့မှသာ အဆစ်အမြစ်တွေ၊ ခြေဖျားလက်ဖျားတွေထိ သွေးလည်ပတ်မှုကောင်းမွန်စေပီးတော့နာကျင်မှုဝေဒနာကိုလဲလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
(၃) ဗီတာမင် ဒီ လျော့နည်းမှုကိုရှောင်ရှားပါ
အထူးသဖြင့်ချမ်းအေးတဲ့ရာသီတွေမှာ သွေးတွင်း ဗီတာမင်ဒီရာခိုင်နှုန်းကိုမလျော့နည်းအောင်ထိန်းထားတာအကောင်းဆုံးပါပဲ။အကယ်၍ သာမန်ထက်လျော့နည်းလာခဲ့မယ်ဆိုရင် အဆစ်အမြစ်ကိုက်ခဲတဲ့ ဝေဒနာကိုပိုမိုခံစားရမှာပါ။ ကဲ ဒါဆိုရင်ဗီတာမင်ဒီကိုဘယ်ကရနိုင်မလဲ ကြည့်ရအောင်။
နံပါတ် ၁ အနေဖြင့် နေရောင်ခြည်နုနုကို (အထူးသဖြင့်မနက်ခင်းအစောပိုင်းနဲ့ ညနေခင်းတွေမှာ)နေ့စဉ်ပုံမှန် တစ်ရက်လျှင် အနည်းဆုံး နာရီဝက်ခန့် ကိုယ်ခန္ဓာကိုတိုက်ရိုက်ကျရောက်စေခြင်းဖြင့်ရရှိနိုင်ပါတယ်။ နံပါတ် ၂ ကတော့ နေ့စဉ်စားသောက်တဲ့အစားအသောက်တွေမှလည်း ဗီတာမင်ဒီကိုရရှိနိုင်ပါတယ်။ ဗီတာမင်ဒီကြွယ်ဝတဲ့အစားအသောက်တွေဖြစ်တဲ့ အရိုးပါဝါးစားနိုင်သောငါးကလေးများ၊ ပဲအမျိုမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ ကိုနေ့စဉ်ပုံမှန်စားသောက်ပေးဖို့လိုအပ်ပါတယ်။
နံပါတ် ၃ အနေနဲ့ကတော့ ဗီတာမင်ဒီပါဝင်တဲ့ဆေးဝါးများသောက်သုံးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဆေးဝါးတွေကို မိမိသဘောနဲ့မိမိမသောက်သုံးသင့်ပါဘူး။ သွေတွင်းဗီတာမင်ဒီရာခိုင်နှုန်းကိုသေချာစမ်းသပ်ပီးမှသာ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ညွှန်ကြားချက်နဲ့သောက်သုံးသင့်ပါတယ်။ မှတ်ထားရမှာက ဗီတာမင်ဒီအားဆေးဘယ်လောက်သောက်သောက် ၁၀ %- ၁၅ % လောက်ပဲ ကိုယ်ခန္ဓာက စုပ်ယူနိုင်ပါတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းလောက်က အစားအသောက်နဲ့ နေရောင်ခြည်ခံခြင်းမှရရှိနိုင်ပါတယ်။
(၄) နာကျင်ကိုက်ခဲတဲ့အဆစ်အမြစ်တွေကို (Compression Gloves) လို့ခေါ်တဲ့ ဒူးစွပ်၊လက်စွပ်များ စွပ်ပေးပါ
Compression Gloves များဝတ်ဆင်ပေးခြင်းဖြင့် အဆစ်အမြစ်တွေကိုနွေးထွေးမှုပိုမိုဖြစ်စေပြီးတော့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ အရိုးအဆစ်အကွေးအဆန့်တွေမှာလည်း ထိုက်သင့်သလောက်ထိန်းထားနိုင်ပြီးတော့ နာကျင်မှုဝေဒနာကိုသက်သာစေပါတယ်။ ဒါပေမဲ့ မိမိကိုယ်ခန္ဓာနဲ့သင့်တော်မယ့် မကျပ်လွန်း၊ မချောင်လွန်းတဲ့ Compression Gloves များကိုရွေးချယ်ဝတ်ဆင်ဖို့အရေးကြီးပါတယ်။
(၅) ကျန်းမာရေးနဲ့သင့်လျော်တဲ့ အစားအသောက်နဲ့ ရေဓာတ်များများဖြည့်ပါ
ရာသီဥတုချမ်းအေးတဲ့အခါမှာ ကိုယ်ခန္ဓာကိုအနွေးဓာတ်ရစေမယ့် ပူပူနွေးနွေးနဲ့ကျန်းမာရေးနဲ့သင့်လျော်တဲ့အစားအသောက်တွေရွေးချယ်စားသောက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ခန္ဓာရဲ့ အဆစ်အမြစ်နဲ့ခြေဖျားလက်ဖျားတွေထိ သွေးလည်ပတ်မှုကောင်းမွန်စေပြီးတော့ နာကျင်ကိုက်ခဲမှုဝေဒနာကိုသက်သာစေမှာပါ။ ဒါ့ပြင် ရာသီဥတုအေးတဲ့အခါမျိုးမှာ ရေသောက်နည်းတတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့အလေ့အထတစ်ခုပါ ဘယ်ရာသီမှာမဆို ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်တင်းထားဖို့ အရေးကြီးပါတယ်။
(၆) စိတ်ဓာတ်မကျဖို့နဲ့ စိတ်ဖိစီးမှုကိုလျော့ချပါ
ရာသီဥတုအေးလာပီဆိုတာနဲ့ ဟာဒုက္ခပဲငါတော့အဆစ်အမြစ်တွေကိုက်ခဲတော့မှာပဲဆိုပြီဒ စိတ်ဖိစီးမှုတွေဖြစ်လာတတ်ပါတယ်။ ယခုအချိန်ထိတော့ စိတ်ဖိစီးမှုနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းဟာ တိုက်ရိုက်ဆက်စပ်တယ်လို့လေ့လာတွေ့ရှိချက်မရှိသေးပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျနေတဲ့လူတယောက်အနေနဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘဲ စောင်ပုံထဲမှာပဲကွေးပီးအိပ်နေမယ်ဆိုရင် အဆစ်အမြစ်ကိုက်ခဲတာတွေကမသက်သာတဲ့အပြင် ပိုပြီးဆိုးလာနိုင်ပါတယ်။ ဒါကြောင့်စိတ်ဓါတ်မကျဘဲ တက်တက်ကြွကြွနေပီး အထက်မှာ ဖော်ပြခဲ့တဲ့အချက်လေးတွေကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင် သင်ရဲ့ဆောင်းရာသီလေးက စိတ်ချမ်းသာစရာဖြစ်နေမှာပါ။