ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး စဉ်ဆက်မပြတ် လေ့လာမှုများပြုလုပ်လျက်ရှိရာ ကုသရန်ဆေးအသစ်များနှင့် ကာကွယ်ဆေးထိုးနှံမှုများမှာ ပို၍တိုးတက်လာပါသည်။ လက်ရှိမြန်မာနိုင်ငံတွင်လည်း ကာကွယ်ဆေးထိုးနိုင်သည့်နေရာများတွင် ကျန်းမာရေးဝန်ထမ်းများ၊လူကြီးလူငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအထိ ထိုးပေးလျက်ရှိပါသည်။ ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးတော့မည်ဆိုလျှင် မိမိကိုယ်ကို ဘာတွေစစ်ဆေးဖို့ လိုအပ်မလဲဆိုတာ သိရှိဖို့ လူတိုင်းနီးပါးလိုအပ်လာပါတယ်။
အရင်ဆုံး ကာကွယ်ဆေးထိုးတော့မည်ဆိုလျှင် မိမိထိုးမည့်ဆေးအမျိုးအစားအကြောင်းကို သက်ဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်မှုများ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO Website တို့မှလေ့လာခြင်း၊ ဆရာဝန်ကဲ့သို့ တတ်ကျွမ်းနားလည်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်းပြုလုပ်ပြီးမှ ထိုးသင့်ပါသည်။ အထူးသဖြင့် မိမိ၏ရောဂါအခံ၊ ယခင်ရောဂါဖြစ်ဖူးသည့်ရာဇဝင်၊ ဓာတ်မတည့်သောပြဿနာ ဖြစ်ဖူးခြင်းရှိမရှိကို မူတည်ပြီး ကာကွယ်ဆေးကို ထိုးနှံသင့်ပါသည်။ ယခင်က ကာကွယ်ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သောပြဿနာ ဖြစ်ဖူးခြင်း၊ ကာကွယ်ဆေးတွင် ပါဝင်သည့်ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် Polyethylene Glycol (PEG) or Polysorbate နှင့် ဓာတ်မတည့်လျှင် ဆရာဝန်နှင့် အရင်တိုင်ပင်ပြီးမှသာ ထိုးသင့်ပါသသည်။
ကာကွယ်ဆေးမထိုးခင် မိမိ၏ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေကိုလည်း စစ်ဆေးရန်လိုအပ်ပါသည်။ ကိုယ်အပူချိန်မြင့်တက် ဖျားနေခြင်း၊ အနံ့အရသာပျောက်နေခြင်း၊ ချောင်းဆိုးအသက်ရှုမဝမောနေခြင်း၊ ခန္ဓာကိုယ်နုံးချိခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့ ကိုဗစ်ကူးစက်မှု လက္ခဏာများရှိခြင်းနှင့် ကိုဗစ်ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုရာဇဝင်ရှိခဲ့လျှင် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားပြီး ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းသင့်ပါသည်။
ကိုဗစ်ကာကွယ်ဆေးမထိုးခင် မိမိခန္ဓာကိုယ်ပင်ပန်းပြီး အစာအာဟာရနှင့် အိပ်စက်မှု လုံလောက်ခြင်းရှိမရှိ စစ်ဆေးမှုပြုရန်လိုအပ်ပါသည်။ ညအိပ်ရေးဝအောင်အိပ်ခြင်း၊ အစာပြည့်ဝအောင်စားထားခြင်း၊ ခန္ဓာကိုယ်ကို ရေဓာတ်လုံလောက်အောင်ဖြည့်ပေးခြင်းတို့ကို ဆေးမထိုးခင် ပြုလုပ်ပေးသင့်ပါသည်။ ဆေးထိုးပြီးနောက်တွင်လည်း ခန္ဓာကိုယ်ကို ပင်ပန်းစေသည့် လှုပ်ရှားမှုမျိုးကို တတ်နိုင်သမျှရှောင်ပြီး သေချာအနားယူနိုင်ရန် ပြင်ဆင်ထားသင့်ပါသည်။
အကယ်၍ ကာကွယ်ဆေးထိုးပြီးချိန်တွင် ရင်သားဓာတ်မှန်စစ်ဆေးခြင်း Mammogram ပြုလုပ်ရန်ရှိပါက ဆရာဝန်ကို အသိပေးတိုင်ပင်သင့်ပါသည်။ ကိုဗစ်ကာကွယ်ဆေးထိုးလျှင် ခန္ဓာကိုယ်ရှိ ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ပြန်ရည်ကြောအကြိတ်များ ယောင်ခြင်း Lymphadenopathy ဖြစ်နိုင်၍ ဓာတ်မှန်စစ်ဆေးရာတွင် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် Mammogram စစ်ဆေးမှုကို ကိုဗစ်ကာကွယ်ဆေးမထိုးမီ သို့မဟုတ် ထိုးပြီး ၄-၆ ပတ်ကြာမှသာ ပြုလုပ်သင့်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် Pfizer/BioNTech, Moderna ကဲ့သို့ FDA ထောက်ခံချက်ရ ကာကွယ်ဆေးများကို ထိုးနှံသင့်ကြောင်း သုတေသနပညာရှင်များက အကြံပြုတိုက်တွန်းထားပါသည်။ ကာကွယ်ဆေးများသည် Inactivated Vaccine များဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်နှင့်ကလေးကို ထိခိုက်စေခြင်း မရှိနိုင်ပါ။ ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း ကလေးကို ပုံမှန်အတိုင်း ဆက်လက်ပြီး နို့ချို တိုက်ကျွေးနိုင်ပါတယ်။ သို့သော်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့် ရောဂါအခံရှိလျှင် မည်သည့် ကာကွယ်ဆေးအမျိုးအစားနှင့် သင့်တော်မည်ကို သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ပါသည်။
ကာကွယ်ဆေးထိုးနှံခြင်းသည် ကိုဗစ်ရောဂါကာကွယ်ရေးတွင် အလွန်အရေးကြီးသည့်အတွက် မဖြစ်မနေသွားထိုးရမည့်အချိန်တွင် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်သည့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး၆ပေခွါ Social Distancing လိုက်နာခြင်း၊ နှာခေါင်းစည်း Mask သေချာဝတ်ဆင်ခြင်းတို့ကိုလည်း မမေ့မလျော့ လိုက်နာဆောင်ရွက်သင့်ပါသည်။
Author: Dr. Yee Mon