အရှေ့တောင်အာရှ နိုင်ငံများအနက် အဆိပ်ရှိသည့် မြွေကိုက်ခံရမှု သို့မဟုတ် ပိုးထိသည့်နှုန်း အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြွေကိုက်ခံရမှုမှတ်တမ်းများတွင် မြွေပွေး၊ မြွေဟောက်နှင့် ငန်းတော်ကြားမျိုးစိတ်များ ကိုက်ခံရမှုမှာအများဆုံးဖြစ်ပြီး သေဆုံးနှုန်းကို အများဆုံး ဖြစ်စေနိုင်သည့်မြွေမှာ မြွေပွေးဖြစ်ပါသည်။
ပိုးထိလျှင် သို့မဟုတ် ပိုးထိသည့်သူကိုတွေ့လျှင် မြွေကိုက်ခံရသည့်သူကို အကိုက်ခံရသောနေရာမှ အန္တရာယ်ကင်းသောနေရာကို အရင်ရွှေပြောင်းသင့်ပါသည်။ မြွေကိုတွေ့လျှင် အတင်းလိုက်ဖမ်းခြင်း၊ မြွေကိုအန္တရာယ်ပြုခြင်း သတ်ခြင်းတို့ဖြင့် အချိန်ကုန်မခံဘဲ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်း သို့မဟုတ် ပုံစံကို သေသေချာချာ မှတ်ထားခြင်းကိုသာ လုပ်သင့်ပါသည်။ အဆိပ်ရှိမြွေ၊ အဆိပ်မရှိမြွေခွဲခြားနိုင်ရန် ကိုယ်ခန္ဓာ၊ဝမ်းဗိုက်၊ဦးခေါင်း၊ အကြေးခွံနှင့်အမြီးတို့ကို ကြည့်ရပါမည်။ မြွေ၏နှာခေါင်းပေါက်နောက်ဖက် ၅-၆ ခုမြောက် အကြေးခွံ၏ ပုံသဏ္ဍန် စသည်တို့ကို သေချာမှတ်တမ်းယူနိုင်လျှင် ခွဲခြားနိုင်ပါသည်။ ထို့ကြောင့်မြွေကိုဖမ်းပြီး ခေါင်းကိုကြေအောင်ထုခြင်းမျိုး မပြုလုပ်ရပါ။
အကိုက်ခံရသည့်နေရာကို ကြိုးအထပ်ထပ် တင်းကျပ်စွာစည်းခြင်းကို ရှောင်ကြဉ်ရပါမည်။ ကြိုး၊ လက်ကောက်၊ ဟန်းချိန်း၊ နာရီ၊လက်စွပ်စသည့် လက်ဝတ်ရတနာကဲ့သို့ တင်းကျပ်စေနိုင်သည့် ပစ္စည်းများဝတ်ဆင်ထားခဲ့လျှင် အလျင်အမြန် ဖယ်ရှားရန်လိုအပ်ပါသည်။ အကိုက်ခံရသည့်နေရာကို ဓားဖြင့်ခွဲခြင်း၊ မီးနှင့်တို့ခြင်း၊ သွေးကို စုပ်ထုတ်ခြင်းတို့ မပြုလုပ်သင့်ပါ။ ကိုက်ခံရသည့်ဒဏ်ရာပေါ်သို့ ဆေးမြစ်ဆေးရွက်များ၊ ထုံး၊ ဆေးရွက်ကြီးစသည်တို့ ထည့်အုံခြင်းဖြင့် အနာပေါ်သို့ မသန့်ရှင်းသောအရာများ၊ မေးခိုင်ရောဂါပိုးတို့ ဝင်နိုင်သဖြင့် မပြုလုပ်သင့်ပါ။
အကိုက်ခံရသည့် နေရာကို အဝတ်ထူထူခေါက်တင်ပြီး ပတ်တီးနဲ့ ဖွဖွ ပိတ်ထားပေးနိုင်သည်။ မြွေကိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို တတ်နိုင်သမျှ မလှုပ်စေဘဲ ခြေလက်နေရာကို တုတ်၊ ဝါးခြမ်းပြားကဲ့သို့ မာကျောသည့်အထောက်အခံဖြင့် ထိန်းထားပေးရပါမည်။ လှုပ်ရှားမှုများလျှင် မြွေဆိပ်များ ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့ရန်ပိုလွယ်ကူသောကြောင့် မလှုပ်နိုင်အောင် ထိန်းပေးရပါမည်။ မျက်လုံးနေရာကို မြွေအဆိပ်မှုတ်ခံရလျှင် ရေသန့်ဖြင့် အနည်းဆုံး၁၅မိနစ်ခန့် သေချာဆေးကြောပေးရန်လိုအပ်ပါသည်။ ဆေးရုံရောက်လျှင် သက်ဆိုင်ရာဆရာဝန်၊ မျက်စိအထူးကူများကို ပြောပြ၍ စစ်ဆေးကုသမှု ဆက်လက်ပြုလုပ်ရပါမည်။
ပိုးထိသော လူနာကို စိုးရိမ်ထိတ်လန့်ခြင်းသက်သာအောင် အားပေးခြင်း ၊ စကားပြောပေးခြင်းများ ပြုလုပ်ပေးရပါမည်။ ကိုက်ခံရသည့်အချိန်ကို စမှတ်သားပြီး နီးစပ်ရာဆေးရုံကို အချိန်မှီအမြန်ဆုံးပို့ရန် လိုအပ်ပါသည်။ မြွေကိုက်ခံရသည့်လူနာကို လှုပ်ရှားမှုနည်းအောင် ငြိမ်သက်စွာထားပြီး မြွေဆိပ်ဖြေဆေးနှင့် အခြားအရေးပေါ်ကုသမှု ခံယူရန်နီးစပ်ရာ ကျန်းမာရေးဌာန၊ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပို့ရပါမည်။ ကိုက်ခံရသည့် မြွေအမျိုးအစား အဆိပ်ရှိမြွေ သို့မဟုတ် အဆိပ်မရှိမြွေ ဖြစ်သည်အပေါ်မူတည်၍ ဆရာဝန်များက သွေးခဲရန်ကြာချိန် WBCT-20 min Whole Blood Clotting Time၊ ဆီးထွက်နှုန်း Urine Output၊ မြွေဆိပ်ပျံ့နှံ့သည့်လက္ခဏာ Systemic Envenomation စသည့်လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပါမည်။ မြွေဆိပ်ဖြေဆေးထိုးရန် လိုမလိုကို ဆရာဝန်မှ စစ်ဆေးဆုံးဖြတ်ပေးနိုင်ပါသည်။
အဆိပ်ရှိမြွေကိုက်၍ မြွေဆိပ်ဖြေဆေးထိုးရန် လိုအပ်သည့်လက္ခဏာများပြလျှင် မြွေပွေး၊မြွေဟောက်၊ အခြားမြွေခွဲခြားပြီး သက်ဆိုင်ရာ မြွေဆိပ်ဖြေဆေးထိုးရန်လိုအပ်ပါသည်။ အဆိပ်ရှိသောမြွေကိုက်ခံရပြီး၊ အဆိပ်ပျံ့နှံ့သောလက္ခဏာ၊ ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုလက္ခဏာနှင့် အခြားသောစစ်ဆေးစမ်းသပ်ချက်များပေါ် မူတည်၍ သက်ဆိုင်ရာမြွေဆိပ်ဖြေဆေး အမျိုးအစားကို ဆေးရုံမှတာဝန်ရှိသူများက ရှင်းလင်းပြောပြပြီး ကုသမှုပေးခြင်းဖြင့် အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်ပါသည်။
Author: Dr. Yee Mon