ယခုလို ပူပြင်းလွန်းတဲ့နွေကာလမှာ အပူလျှပ်ပြီးနေမကောင်းမဖြစ်အောင် သတိပြုဖို့လိုပါတယ်။ လူအများစုက အပူလျှပ်ခြင်းကို Heat Stroke ဆိုပြီးခေါ်ဝေါ်ကြပါတယ်။ တကယ်တော့ Heat Stroke ဆိုတာ အပူဒဏ်ကြောင့်ဖြစ်တဲ့ အလွန်ဆိုးဝါးပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ Heat stroke လောက်မပြင်းတဲ့ အပူလျှပ်ခြင်းမျိုးဆိုရင် Heat Exhaustion လို့ခေါ်ပါတယ်။ အတိအကျအားဖြင့် အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းဖြစ်ပါတယ်။
ပူပြင်းတဲ့ အပူဒဏ်ကြောင့် Heat Stroke မဖြစ်ဖူးရင်တောင် အပူဒဏ်ကြောင့် မောပန်းခြင်း Heat Exhaustion ကိုတော့ တော်တော်များများခံစားကြရဖူးပါတယ်။ Heat Exhaustion နဲ့ Heat Stroke ကို ခွဲခြားသတိပြုနိုင်ဖို့ ဆက်လက်ဖော်ပြသွားပါမယ်။
Heat Exhaustion ဆိုတာဘာလဲ။ ဘာတွေခံစားရနိုင်လဲ
Heat exhaustion ဆိုတာ အပူဒဏ်ကြောင့် ခန္ဓာကိုယ်ရေဓာတ်အလွန်အမင်းခန်းခြောက်ခြင်းကနေ စဖြစ်လေ့ရှိပါတယ်။ Heat Exhaustion ဖြစ်ရင် ခံစားရတတ်တာတွေကတော့
- ချွေးအလွန်အမင်းထွက်ခြင်း
- ဖြူဖျော့ခြင်း
- ကြွက်တက်ခြင်း
- မူးဝေခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အားနည်းခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့ခြင်း
- မူးမေ့ခြင်း
- အဖျားမကြီးခြင်း စတာတွေဖြစ်ပါတယ်။
Heat Exhaustion မှာအဖျားဟာ 103 °F ထက်ကျော်လေ့မရှိပါဘူး။ အဖျား 103 ထက်ကျော်နေပြီဆိုရင်တော့ Heat Stroke ခံစားနေရတာဖြစ်ပါတယ်။
Heat Exhaustion ဖြစ်နေရင် ဘယ်လိုကုသရမလဲ
Heat Exhaustion ဖြစ်လို့ ချွေးထွက်များပြီး မူးဝေနေပါက ပထမဦးဆုံးပြုလုပ်သင့်တာကတော့ ခန္ဓာကိုယ်အပူချိန်လျှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်။ အရင်ဆုံးအအေးသို့မဟုတ် အားဖြည့်အချိုရည်တစ်မျိုးမျိုးကို သောက်ပေးရပါမယ်။ ပန်ကာ သို့မဟုတ် အဲကွန်းရှိတဲ့အခန်းမှာ ထိုင်ပြီးအနားယူရပါမယ်။ ပန်ကာမရှိရင်လည်း ဘေးကတစ်ယောက်ယောက်က ယပ်တောင်ခတ်နေပေးပါ။ မူးတာနည်းနည်းစသက်သာသွားပြီးဆိုရင် ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။ အဝတ်အစားကို အသားအေးအေးနဲ့ ပွပွချောင်ချောင်လဲဝတ်ပေးပါ။ အထက်ပါနည်းလမ်းတွေနဲ့ မိမိခန္ဓာကိုယ်အပူချိန်ကို အချိန်မှီလျှော့ချနိုင်ပြီဆိုရင်တော့ Heat Stroke လို့ခေါ်တဲ့ ဆိုးဝါးတဲ့အပူလျှပ်ခြင်းအခြေအနေကို မရောက်ရှိအောင် ကာကွယ်နိုင်ပြီဖြစ်ပါတယ်။
Heat stroke ဖြစ်ရင် ဘာတွေခံစားရမလဲ
Heat stroke ဖြစ်နေပြီဆိုရင် ချွေးထွက်လုံးဝရပ်ပြီး မိမိရဲ့ခန္ဓာကိုယ်အပူချိန်ကို မထိန်းတော့ဘဲ အဖျားအလွန်ကြီးလာနိုင်ပါတယ်။ ဆိုးရွားတဲ့အပူလျှပ်ခြင်းဖြစ်ရင် ခံစားရတာတွေကတော့ –
- ချွေးလုံးဝမထွက်တော့ခြင်း
- အဖျား 103 °F အထက်ရှိနေခြင်း
- သွေးခုန်နှုန်းမြန်နေခြင်း
- ခေါင်းထိုးကိုက်ခြင်း
- အရေပြားများပူပြီးနီရဲခြောက်သွေ့နေခြင်း
- ပျို့ခြင်း
- မူးဝေခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း စတာတွေခံစားလာရနိုင်ပါတယ်။
Heat Stroke ခံစားရပြီဆိုရင် အသက်အန္တရာယ်ရှိတာကြောင့် အထူးသတိထားဖို့လိုပါတယ်။ အပူလျှပ်ကာ ကိုယ်အလွန်ပူပြီး ချွေးလုံးဝမထွက်တော့ဘူးဆိုရင်တော့ ချက်ချင်းတစ်ကိုယ်လုံးကို ရေလောင်းချပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကိုယ်တွင်းအပူချိန်ကို အမြန်ဆုံးထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ထို့နောက် နီးစပ်ရာ ဆေးရုံဆေးခန်းအမြန်ဆုံးသွားပြရမှာဖြစ်ပါတယ်။ သွားတဲ့လမ်းတစ်လျှောက်မှာလည်း အဲကွန်းပါတဲ့ကားစီးတာ ဒါမှမဟုတ် တစ်ယောက်ယောက်ကဘေးကယပ်ခတ်ပေးတာမျိုးပြုလုပ်ပေးထားရမှာဖြစ်ပါတယ်။
ဘယ်သူတွေက အပူလျှပ်ခြင်းကို ပိုပြီးခံစားရနိုင်ခြေရှိလဲ
အသက်အရွယ်မရွေးလူကြီး အပူလျှပ်ခြင်းကို ခံစားရနိုင်ပါတယ်။ သို့သော် အပူဒဏ်ကို ပိုသတိပြုသင့်တဲ့သူတွေကတော့
(၁) အသက်ငယ်လွန်းသူ သို့မဟုတ် ကြီးလွန်းသူ
အသက် ၄ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အောက် လူကြီးတွေဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်ဖို့ခက်ခဲတာကြောင့် အပူလျှပ်ခြင်းခံစားရနိုင်ခြေ ပိုမိုများပြားပါတယ်။
(၂) ဆေးဝါးများသောက်သုံးခြင်း
နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါအခံတွေရှိရင် သောက်ရတဲ့ဆီးဆေးတွေဟာ ရေဓာတ်ဆုံးရှုံးမှုများစေတာကြောင့် Heat Exhaustion ဖြစ်ဖို့ အလားအလာများစေပါတယ်။
(၃) အဝလွန်သူများ
ပိုလျှံနေတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အပူချိန်ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။ ဒါကြောင့် အဝလွန်သူတွေဟာလည်း အပူလျှပ်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။
(၄) ခရီးသွားခြင်း
ရာသီဥတုအေးတဲ့ဒေသကနေ ပူပြင်းတဲ့ဒေသကို သွားတဲ့အခါ မိမိခန္ဓာကိုယ်က ကိုယ်တွင်းအပူချိန်ကို ပတ်ဝန်းကျင်ရဲ့အပူချိန်ကိုလိုက်ပြီး မထိန်းညှိနိုင်တော့တဲ့အခါ Heat Exhaustion လို့ခေါ်တဲ့အပူကြောင့်မောပန်းနွမ်းနယ်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။
အပူလျှပ်ရင်ဘယ်လိုကုသရမလဲ
အပေါ်မှာပြောခဲ့တဲ့အတိုင်း အပူဒဏ်ကြောင့် ချွေးထွက်များပြီး မောပန်းနွမ်းနယ်နေပြီဆိုရင် ခန္ဓါကိုယ်အပူချိန်လျော့ကျပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့က အဓိကအချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အပူလျှပ်ခြင်းခံစားရပြီဟု သံသယရှိတာနဲ့ တစ်ကိုယ်လုံးကို ရေလောင်းချပါ၊ ရေအေးစိမ်ပါ၊ အေးတဲ့ပတ်ဝန်းကျင်မှာနေပါ၊ အားဖြည့်အချိုရည်တွေသောက်သုံးပေးပါ။ အပူလျှပ်ခြင်းလက္ခဏာရပ်တွေက ၁၅ မိနစ်အတွင်း မသက်သာသွားဘူးဆိုရင်တော့ နီးရပ်ရာဆေးရုံဆေးခန်းသို့ လျင်လျင်မြန်မြန်သွားရောက်ပြသရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat