ကြွက်တက်ခြင်းဆိုသည်မှာ ရုတ်တရက် ကြွက်သားများတင်းလာပြီး ညှစ်လိုက်သည့်အတွက် ဆွဲဆုပ်ထားသလိုမျိုး နာကျင်ခံစားရမှုမျိုးဖြစ်သည်။ ခြေထောက်ကြွက်သားတစ်ခုတည်းသာမက တခြားသော ကိုယ်ခန္ဓာတွင်းရှိ မည်သည့်ကြွက်သားတွင်မဆို ဖြစ်နိုင်ပါသည်။ အဖြစ်အများဆုံးကြွက်သားမှာ ခြေသလုံး ကြွက်သားနှင့် ပေါင်နောက်နှင့် ပေါင်ရှေ့ ကြွက်သားများ ဖြစ်သည်။ ၀မ်းဗိုက်ကြွက်သား၊ လက်မောင်းကြွက်သား၊ လက်ဖ၀ါး ကြွက်သားနှင့် ခြေဖ၀ါးကြွက်သားများတွင်လည်း ဖြစ်ပွားတတ်ပါသည်။ နာကျင်မှုကြောင့် ညဘက်အိပ်ရာမှ လန့်နိုးခြင်းနှင့် လမ်းမလျှောက်နိုင်ခြင်းတို့ ဖြစ်ပွားတတ်ပါသည်။
ကြွက်တက်ရာတွင်ရုတ်တရက် စူးရှသော နာကျင်မှုသည် ၁၅ စက္ကန့်လောက်ကြာမြင့်တတ်ပါသည်။ အတွေ့အများဆုံးလက္ခဏာ လည်း ဖြစ်သည်။ အရေပြားအောက်တွင် ကြွက်သား အဆိုင်အခဲကြီး ကြွတက်လာခြင်းကို တစ်ခါတစ်လေ တွေ့မြင်နိုင်သည်။
အောက်ပါအချက်များကြောင့် ကြွက်တက်ခြင်း ဖြစ်ပေါ် နိုင်ပါသည်။
၁။ ကြွက်သားများကို အလွန်အကျွံအလုပ်ခိုင်းခြင်း
လေ့ကျင့်ခန်းအပြင်းအထန်လုပ်သူများတွင် အများဆုံး တွေ့နိုင်သည်။ မာရသွန်ပြေးခြင်း၊ ဘောလုံးကန်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းစသော အားကစားမျိုးတွင် အဖြစ်များသည်။ ထိုကြောင့် အားကစားမလုပ်ခင် အကြောလျှော့ခြင်း ပြုလုပ်ပေးရမည်။
၂။ ရေဓာတ်ခန်းခြောက်ခြင်း
ရာသီဥတုပူပြင်းသည့်အချိန်နှင့် အားကစား ပြင်းပြင်းထန်ထန်လုပ်၍ ချွေးထွက်များသည့်အချိန်များတွင် ရေဓာတ်နည်းကာ ကြွက်တက်ခြင်း ဖြစ်တတ်သည်။ အသည်းမကောင်းခြင်းကြောင့် ရေဖျင်းဆွဲနေသူများနှင့် ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ဆေးနေရသူများတွင်လည်း ရေဓာတ်နည်းခြင်းကြောင့် ကြွက်တက်ခြင်းမျိုး ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် ရေဓာတ်ပြည်လည် ဖြည့်တင်းပေးရန်လိုအပ်သည်။ ရေသီးသန့် သောက်ပေးခြင်းထက် Electrolytes ပါသော အချိုရည်၊ ဓာတ်ဆားရည်များ သောက်သုံးခြင်းဖြင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်မည်။
၃။ သတ္တုဓာတ်များ ချို့တဲ့ခြင်း
Sodium, Potassium, Magnesium နှင့် Calcium ဓာတ်များချို့တဲ့ခြင်းကြောင့် ကြွက်တက်ခြင်းဖြစ်ပေါ် တတ်သည်။ ဓာတ်ဆားရည်များ ပြန်သောက်ပေးခြင်းနှင့် သတ္တုဓာတ်များ ပါ၀င်သော အသီးအရွက်များ စားသုံးပေးခြင်းဖြင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်သည်။ အုန်းရည်တွင်လည်း Electrolytes နှင့် သတ္တုဓာတ် များစွာပါ၀င်သောကြောင့် ကြွက်မကြာခဏ တက်သူများ သောက်သုံးပေးသင့်သည်။
၄။ မတ်တတ်အကြာကြီးရပ်ခြင်းနှင့် အချိန်ကြာမြင့်စွာထိုင်ခြင်း
ကြွက်သားများကို အလုပ်မပေးဘဲ အချိန်အကြာကြီး ရပ်နေခြင်းသည်လည်း ကြွက်တက်ခြင်းကို ဖြစ်ပေါ် စေသည်။ ထို့ကြောင့် ကြာမြင့်စွာ မတ်တတ်ရပ်ရသော အလုပ်မျိုးတွင် ခြေသလုံးကြွက်သားအား အလုပ်ပေးသည့်အနေဖြင့် ခဏတဖြုတ်နားကာ ထိုင်ပေးရမည်။ ခြေသလုံးကြွက်သားကို နှိပ်နယ်ပေးတာမျိုးနှင့် ခြေသလုံးကြွက်သားကို အကြောဆန့်ခြင်းမျိုး ဆောင်ရွက်ပေးရမည်။
အချိန်ကြာမြင့်စွာထိုင်၍ အလုပ်လုပ်ရသူများတွင်လည်း မကြာခဏ လမ်းလျှောက်ပေးခြင်းမျိုး၊ ခြေထောက်များကို ထိုင်နေရင်း လှုပ်ရှားပေးခြင်းမျိုး လုပ်ဆောင်ပေးရမည်။ ခြေဖျားလေးများအား ကွေးလိုက်၊ ဆန့်လိုက် လုပ်ပေးခြင်းသည်လည်း ကြွက်တက်ခြင်းကို ကာကွယ်ပေးပါသည်။
၅။ ကိုယ်၀န်ဆောင်ချိန် ကြွက်တက်ခြင်း
ကိုယ်၀န်ဒုတိယသုံးလနှင့် တတိယသုံးလတို့တွင် Calcium နှင့် Magnesium ဓာတ်များ ချို့တဲ့မှုကြောင့် မကြာခဏ ကြွက်တက် တတ်သည်။ ထို့ကြောင့် နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး၊ ငါးအမျိုးမျိုး၊ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ ထောပတ်သီး၊ အာလူး၊ ဒိန်ခဲ၊ တို့ဖူး၊ ကန်စွန်းဥ၊ ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ စားသုံးပေးသင့်သည်။ အားဆေးပုံမှန်သောက်ပေးခြင်းနှင့် လိုအပ်ပါက ကိုယ်၀န်အပ်ထားသော ဆရာ၀န်ကို ပြသကာ Calcium နှင့် Magnesium အားဆေးများ သောက်သုံးပေးရမည်။
၆။ ဆေး၀ါးများကြောင့် ကြွက်တက်ခြင်း
သွေးအတွင်းအဆီချပေးသော ဆေးများ၊ သွေးတိုးရောဂါတွင်သုံးသော ဆီးဆေးများ၊ အရိုးပွခြင်းကိုကုသရာတွင်သုံးသော ဆေးများ၊ ပန်းနာရင်ကျပ်တွက်သုံးသော ဆေးများ၊ အမျိုးသမီးများ သွေးဆုံးကိုင်လက္ခဏာများ သက်သာစေရန်သောက်ရသော ဟော်မုန်းဆေးများ၊ သန္ဓေတားဆေးများ၊ စိတ်ငြိမ်ဆေးများ၊ Steroid ပါသောဆေးများ နှင့် အနာသက်သာစေရန်ပေးသော ဆေးများကြောင့်လည်း ကြွက်တက်ခြင်း ဖြစ်ပေါ်တတ်သည်။
ဆေးကြောင့် ကြွက်တက်ခြင်းဖြစ်ပေါ် ပါက ဆရာ၀န်နှင့်ပြသကာ ကုသမှုခံယူရမည်။
၇။ အာရုံကြောကြောင့် ကြွက်တက်ခြင်း
ခါးရိုးဆစ်များ ထိခိုက်ဒဏ်ရာရပါက ခါးရိုးဆစ်အတွင်းရှိ ကြွက်သားများကို ထောက်ပံပေးနေသည့် အာရုံကြောများ ဖိမိနေခြင်းကြောင့်လည်း ကြွက်က်ခြင်း ဖြစ်တတ်ပါသည်။
၈။ ညဘက် ကြွက်တက်ခြင်း
နေ့ခင်းဘက် လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ထားခြင်းကြောင့်လည်းကောင်း အခန်းတွင်အအေးလွန်ကဲနေခြင်းကြောင့် ခြေသလုံးသို့သွားသော သွေးလည်ပတ်မှုမကောင်းသောကြောင့်လည်းကောင်း ညဘက်အိပ်ပျော်နေချိန်တွင် ကြွက်တက်တတ်ပါသည်။ ထို့ကြောင့် ညဘက်အိပ်ခါနီး ရေနွေးအိတ်ကပ်ပေးခြင်းနှင့် နှိပ်ပေးခြင်းများက ကြွက်တက်ခြင်းကို သက်သာစေပါသည်။
အထက်ပါအကြောင်းရင်းနများကြောင့်မဟုတ်ဘဲ မကြာခဏကြွက်တက်နေပါက နီးစပ်ရာဆရာ၀န်နှင့်တိုင်ပင်ကာ ကြွက်တက်ခြင်းအကြောင်းအရာကို ရှာဖွေကုသသင့်ပါသည်။
Author: Dr. Aye Mi San