သွေးတွင်းအဆီဓါတ်များခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေ သွေးတွင်းအဆီဓါတ်လို့ဆိုရာမှာ HDL, LDL နဲ့ Triglycerides ဆိုတဲ့ သုံးမျိုးကို လူသိများကြပါတယ်။ HDL ဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ အဆီအမျိုးအစားဖြစ်ပြီး LDL နဲ့ Triglycerides တွေဟာ အန္တရာယ်ရှိတဲ့ အဆီအမျိုးအစားတွေဘဲဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီဓါတ်စစ်ဆေးကြည့်တဲ့အခါ HDL များပြီး ကျန်၂ခုနည်းနေခြင်းဟာ ခန္ဓာကိုယ်ကျန်းမာနေကြောင်းကို ဖော်ပြနေပါတယ်။ HDL လျော့နည်းနေပြီး LDL မြင့်တက်နေပြီဆိုရင်တော့ သွေးတွင်းအဆီဓါတ်များခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကြုံတွေလာရတော့မှာဖြစ်ပါတယ်။
သတိထားရမယ့် သွေးတွင်းအဆီဓါတ်များခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကတော့-
(၁) သွေးတိုးခြင်း
သွေးတွင်းအဆီဓါတ်များနေတဲ့အခါ သွေးကြောတွေထဲမှာ အဆီတွေပုံလာပါတယ်။ သွေးကြောမှာအဆီခဲတွေပုံလာတဲ့အခါ သွေးကြောကျဥ်းလာပြီး သွေးတာဟာ ပုံမှန်အတိုင်းမစီးဆင်းနိုင်တော့တဲ့အတွက် သွေးပေါင်ချိန်တက်လာပါတော့တယ်။ ဒါကြောင့် သွေးတွင်းအဆီဓါတ်များလာရင် သွေးတိုးရောဂါပါ ခံစားလာရမှာဖြစ်ပါတယ်။
(၂) နှလုံးသွေးကြောပိတ်ခြင်း
သွေးတွင်းအဆီတွေဟာ နှလုံးသွေးကြောထဲမှာ ပုံလာတဲ့အခါ နှလုံးသွေးကြောကျဉ်းခြင်းဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ပြားမှသွေးတွေဟာ နှလုံးထံတို့ကောင်းစွာမရောက်ရှိနိုင်တော့သလို နှလုံးမှသွေးတွေဟာလည်း ခန္ဓာကိုယ်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သွေးလုံလောက်အောင်မပို့ပေးနိုင်ခြင်း တို့ဖြစ်လာစေနိုင်ပါတယ်။ နှလုံးသွေးကြောထဲမှာ အဆီတွေပုံလာတာ များသထက်များလာပြီဆိုရင်တော့ နှလုံးသွေးကြောပိတ်ကာ နောက်ဆက်တွဲပြဿနာတွေခံစားလာရမှာဖြစ်ပါတယ်။
(၃) ရင်ဘတ်အောင့်ခြင်း
နှလုံးသွေးကြောမှာ အဆီခဲပိတ်သွားတဲ့အခါ နှလုံးဆီသို့ သွေးစီးဆင်းမှု မရှိတော့တာကြောင့် နှလုံးကြွက်သားတွေဟာ အောက်စီဂျင်လုံလုံလောက်လောက်မရရှိတော့ပါဘူး။ ဒီလို လိုအပ်တဲ့သွေးနဲ့ အောက်စီဂျင်မရတော့တဲ့အခါ နှလုံးကြွက်သားပုပ်ခြင်း စတင်ဖြစ်ပေါ်လာပြီး ရင်ဘတ်အောင့်ခြင်းကို ခံစားလာရတတ်ပါတယ်။
(၄) ရုတ်တရတ်နှလုံးတိုက်ခိုက်ခံရခြင်း ( Heart attack )
နှလုံးသွေးကြောအတွင်း အဆီပုံကတဖြည်းဖြည်းကြီးထွားလာတဲ့အခါ သွေးကြောပေါက်ထွက်သွားပြီး သွေးခဲအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ သွေးခဲပိတ်ဆို့သွားတဲ့အခါ ရုတ်တရတ် Heart attack ခံစားရပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။
(၅) လေဖြတ်ခြင်း
အဆီပုံမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့သွေးခဲဟာ ဦးနှောက်တွင်းသို့ ရောက်ရှိသွားတဲ့အခါ သွေးစီးဆင်းမှုနည်းသွားတဲ့အတွက် ဦးနှောက်မှ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အခြားသောအာဟာရဓါတ်တွေကို လိုလောက်စွာမရှိတော့ပါဘူး။ ဒါကြောင့် ဦးနှောက်မှအောက်စီဂျင်လုံးဝပြတ်သွားတဲ့အခါ လေဖြတ်ခြင်းဖြစ်ပေါ်လာပါတော့တယ်။
(၆) ကျောက်ကပ်ပျက်စီးခြင်း
အဆီများတာနဲ့ ကျောက်ကပ်ပျက်စီးတာနဲ့ မဆိုင်ဘူးလို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ တကယ်တော့ အဆီတွေပုံလာပြီး သွေးကြောကျဥ်းတာ၊ ပိတ်တာတွေဟာ ဦးနှောက်၊ နှလုံးစတာတွေအပြင် ကျောက်ကပ်စတဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ ကျောက်ကပ်သို့သွားတဲ့ သွေးကြောပိတ်ဆို့သွားရင်လည်း အောက်စီဂျင်နဲ့သွေးတွေ လုံလောက်စွာမရရှိတာကြောင့် ကျောက်ကပ်ပျက်စီးသွားတတ်ပါတယ်။ ကျောက်ကပ်ပျက်စီးနေတာကို သိနိုင်တဲ့အချက်ကတော့ ဘယ်လို သွေးကျဆေးမျိုးဘဲသောက်သောက် သွေးပေါင်ချိန်မထိန်းနိုင်တော့ဘဲ တက်မြဲတက်နေတာဖြစ်ပါတယ်။
(၇) အယ်ဇိုင်းမားရောဂါ
သွေးတွင်းLDL အဆီဓါတ်များနေခြင်းဟာ သတိမေ့ရောဂါ၊ အယ်ဇိုင်းမားရောဂါတွေ ဖြစ်ပေါ်လာဖို့ အခွင့်အလမ်းများနေကြောင်း တွေ့ရှိရပါတယ်။
(၈) ခြေလက်သွေးကြောများပိတ်ခြင်း
အဆီခဲတွေဟာ အရေးကြီးတဲ့သွေးကြောတွေကို ပိတ်ဆို့စေရုံသာမက ခြေလက်သွေးကြောတွေကိုပါ ပိတ်ဆို့ပြီး နာကျင်လာစေပါတယ်။ အထူးသဖြင့် လှုပ်ရှားချိန်မှာ ပိုမိုနာကျင်လာတတ်ပါတယ်။
သွေးတွင်းအဆီဓါတ်များနေပြီဆိုရင်တော့ နေ့စဥ်စားသောက်နေထိုင်မှုစနစ်တွေ ပြောင်းလဲနိုင်ဖို့က အဓိကအရေးပါပါတယ်။ အဆီများတဲ့အစားအစာတွေရှောင်ကြဥ်ခြင်း၊ နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်၊ အသီးအနှံတွေများများစားသုံးပေးခြင်း စတာတွေကို လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့အဆီဓါတ်တွေကို ဖယ်ရှားပေးနိုက်ပြီး ဦးနှောက်နဲ့နှလုံးကျန်းမာရေးတို့ ကောင်းမွန်လာစေဖို့အတွက် ငါးကြီးဆီသောက်သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီကျဆေးဖြစ်တဲ့ statins ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပေးရမှာဖြစ်ပါတယ်။
Dr. Aye Myat