နှာခေါင်းသွေးလျှံတယ်ဆိုတာဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့်ရောဂါကြီးကြီးမားမားရှိတာကြောင့် နှာခေါင်းသွေးလျှံတာမျိုးမဟုတ်ဘဲ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကြောင့် နှာခေါင်းသွေးလျှံခြင်းမျိုး အဖြစ်များတတ်ပါတယ်။ ဒါ့အပြင် နှာခေါင်းတအားညှစ်မိတာ၊ တစ်ခုခုနဲ့ နှာခေါင်းကိုဆောင့်မိတာ၊ သွေးကြဲဆေးတွေသောက်တာ၊ ဓါတ်မတည့်တာ၊ စတာတွေဖြစ်ရင်လည်း နှာခေါင်းသွေးလျှံလာတတ်ပါတယ်။
ဘယ်သူတွေမှာ နှာခေါင်းသွေးလျှံခြင်း ပိုဖြစ်တတ်လဲ?
ပူပြင်းခြောက်သွေ့တဲ့အခါမျိုးမှာဆိုရင် လူကြီးလူငယ်မရွေး နှာခေါင်းသွေးလျှံခြင်းကို ကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ဆယ်နှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်အရွယ်ကြီးမြင့်သူတွေနဲ့ သွေးကျဲဆေးသောက်နေရသူတွေ စတဲ့သူတွေကတော့ နှာခေါင်းသွေးလျှံခြင်းကို ပိုမိုခံစားရနိုင်ခြေရှိပါတယ်။
နှာခေါင်းသွေးလျှံပြီဆိုရင် ရုတ်တရက်ဘာလုပ်ရမှန်းမသိတော့ဘဲ သွေးတွေမစီးကျလာ အောင် ခေါင်းကိုမော့ထားမိတတ်ကြပါတယ်။ တကယ်တော့ နှာခေါင်းသွေးလျှံနေချိန်မှာ ခေါင်းမော့ထားခြင်းဟာ မှားယွင်းနေတဲ့အယူအဆတစ်မျိုးဘဲဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံနေချိန် ခေါင်းမော့ထားမိရင် နှာခေါင်းအတွင်းမှသွေးတွေဟာ နောက်ပြန်စီးဆင်းသွားပြီး လည်ချောင်းမှတဆင့် အစာအိမ်နှင့်အူလမ်းကြောင်းတွင်း ရောက်ရှိကာ ဝမ်းပျက်ဝမ်းလျှောခြင်းမျိုး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းသွေးလျှံလာပြီဆိုရင် မိမိကိုယ်တိုင် မှန်ကန်တဲ့နည်းလမ်းများနဲ့ ကုသနိုင်ဖို့ ဆက်လက်ဖော်ပြပေးသွားပါမယ်။
ရုတ်တရက်နှာခေါင်းသွေးလျှံလာပြီဆိုရင်
- အရမ်းမလန့်သွားပါနဲ့။
စိတ်လှုပ်ရှားပြီး လန့်နေတဲ့အခါ နှာခေါင်းသွေးလျှံခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ - ခန္ဓာကိုယ်ကိုမတ်မတ်ထားပြီး ရှေ့သို့အနည်းငယ်ကိုင်းညွတ်ထားပါ။
ခန္နာကိုယ်မတ်မတ်ထားခြင်းဟာ နှာခေါင်းတွင်းရှိသွေးကြောတွေရဲ့ ဖိအားများကိုလျော့ကျစေပြီး သွေးထွက်နည်းစေနိုင်ပါတယ်။ ခန္နာကိုယ်ကိုအနည်းငယ်ရှေ့သို့ကိုင်းညွတ်ထားခြင်းကတော့ နှာခေါင်းအတွင်းကသွေးတွေ လည်ချောင်းတွင်းသို့ နောက်ပြန်မစီးဆင်းသွားစေဖို့ဘဲဖြစ်ပါတယ်။ - နှာခေါင်းရိုးတလျှောက်ကို ရေခဲကပ်ပေးပါ။
ရေခဲကပ်ပေးခြင်းဖြင့် နှာခေါင်းတစ်ဝိုက်ကသွေးကြောများကို ကျဥ်းသွားစေနိုင်ပြီး သွေးထွက်နည်းသွားစေနိုင်ပါတယ်။ - လက်မနှင့်လက်ညှိုးအသုံးပြုပြီး နှာခေါင်းပေါက်ကိုခဏပိတ်ထားပါ။
နှာခေါင်းသွေးလျှံနေတဲ့အခါ ပါးစပ်နဲ့သာအသက်ရှူခြင်း အကောင်းဆုံးဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာကိုတားဆီးနိုင်ဖို့အတွက် နှာခေါင်းပေါက်ကို လက်မနှင့်လက်ညှိုးသုံးပြီးခဏဖိထားပေးရပါမယ်။ နှာခေါင်းကိုခဏပိတ်ပေးထားခြင်းဖြင့် နှာခေါင်း သွေးလျှံခြင်းကို ရပ်တန့်သွားစေနိုင်မှာဖြစ်ပါတယ်။ - နှာခေါင်းတွင်းမှာ သွေးခဲများပိတ်မနေအောင် Afrinခေါ် နှာခေါင်းအစက်ချဆေး အသုံးပြုပေးနိုင်ပါတယ်။
နှာခေါင်းသွေးလျှံပြီဆိုရင် နှာခေါင်းသွေးလျှံတာရပ်သွားတဲ့အခါ နောက်ထပ်ထပ်မလျှံစေဖို့အတွက် နှာခေါင်းကိုလက်နဲ့နှိုက်တာ ပွတ်တာမျိုးကို ဆင်ခြင်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင်လှဲအိပ်နေတာမျိုးမလုပ်ပဲ ဦးခေါင်းကို နှလုံးထက်မြင့်ရာနေရာမှာ ထားရှိပေးရမှာဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံခြင်းက စိုးရိမ်ရလား။ နှာခေါင်းသွေးလျှံခြင်းက များသောအားဖြင့်တော့ စိုးရိမ်ဖို့မလိုပါ။ မကြာခဏနှာခေါင်းသွေးလျှံနေရင် သို့မဟုတ် နှာခေါင်းသွေးလျှံတာပမာဏများလွန်းရင်တော့ သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့သွားပြသင့်လဲ?
နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ အထက်ကြာမြင့်နေရင်၊ နှာခေါင်းသွေးလျှံနေရင်း မူဝေသလိုလို၊ အသက်ရှူကျပ်သလို ခံစားနေရရင်၊ နှာခေါင်းသွေးမကြာခဏလျှံနေရင်၊ ၂နှစ်အောက်ကလေးငယ်တွေ နှာခေါင်းသွေးလျှံနေရင်၊ နှာခေါင်းသွေးလျှံနေချိန် သွေးပမာဏအများကြီးကို မျိုချမိတာ စတာမျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့သွားရောက်တိုင်ပင်ပြသသင့်ပါတယ်။ ဒါ့အပြင် ခေါင်းကိုထိခိုက်ဒဏ်ရာရပြီးဖြစ်တတ်တဲ့ ခေါင်းသွေးလျှံခြင်းမျိုးဆိုရင်တော့ နှာခေါင်းရိုးကျိုးသွားတာ ဖြစ်နိုင်တာမို့ သတိပြုပြီးဆရာဝန်နဲ့ပြသပေးရမှာဖြစ်ပါတယ်။
နှာခေါင်းသွေးမလျှံအောင် ဘယ်လိုကာကွယ်ရမလဲ?
နှာခေါင်းသွေးမကြာခဏလျှံခြင်းမျိုးမဖြစ်ရအောင် မိမိအိမ်ပတ်ဝန်းကျင်ကို စိုထိုင်းမှုရှိအောင်ထားရပါမယ်။ နှာခေါင်းပိတ်ရင်တအားညှစ်ချခြင်း၊ နှာခေါင်းကိုလက်နဲ့အတင်းနှိုက်ခြင်းမျိုးတွေကို ရှောင်ကြဉ်ရမှာဖြစ်ပါမယ်။
Dr.Aye Myat