နွေနေပူပူမှာ လူတွေတောင့်တကြ သဘောကျကြတာကတော့ အေးသော ခဲထားသော အစားအသောက်များဖြစ်ပါတယ်။ ရေခဲရေ၊ ရေခဲချောင်း၊ အအေး၊ ရေခဲမုန့် စတဲ့အအေးရိုက်ထားတဲ့ စားစရာတွေဟာ နွေနေပူပူနဲ့ လိုက်ဖက်လှပါတယ်။ ဒါပေမယ့် နွေရာသီမှာ ဒီလိုရေခဲတွေ စားသောက်ခြင်းဟာ ခန္ဓာကိုယ်အပေါ် ကို ဘယ်လိုမကောင်းတဲ့ သက်ရောက်မှုရှိသလဲဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြပေးပါမယ်။
ခဲထားသော ရေ၊ အစားအသောက်များ စားသုံးပြီးရင် လည်ချောင်းအတွင်းမှာ ခြောက်သွေ့ယားယံတတ်ပါတယ်။ ထိုသို့ လည်ချောင်းခြောက်ခြင်းကို ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်ပြီး ချောင်းခြောက်ဆိုးတတ်ပါတယ်။ ချွဲသလိပ်ထွက်ပြီး ချောင်းအစိုဆိုးနေတဲ့အချိန်မှာ ရေခဲရေလို အေးတဲ့အရည်တွေဟာ အသက်ရှုလမ်းကြောင်းမှာရှိတဲ့ အချွဲတွေကို ပိုပျစ်ခဲစေပြီး အလွယ်တကူ မပျော်ပဲ ရှိစေပါတယ်။
အလွန်ပူတဲ့အချိန်မှာ ရေခဲစားတာ သောက်တာဟာ နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းရှိ ချွဲသလိပ်များကို ဖြစ်ပေါ်စေပြီး ချွဲတွေကို စွန့်ထုတ်ဖို့ ခန္ဓာကိုယ်ကနေ ချောင်းဆိုးတဲ့ဖြစ်စဉ်ကို ဖြစ်စေပါတယ်။ ထို့အပြင် အအေးဓါတ်ကြောင့် လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာ၊ လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးတာ၊ ချွဲသလိပ်မပျော်ပဲ ချောင်းအစိုဆိုးတာကို ပိုဆိုးတာတွေ ဖြစ်နိုင်လို့ ရှောင်သင့်ပါတယ်။
ရေခဲသောက်သောအခါ အာရုံကြော နံပါတ်၁၀ Vagus nerve အပေါ် လှုံ့ဆော်မှုကိုဖြစ်စေပြီး အလိုအလျောက်တုံ့ပြန်သည့် အာရုံကြောစနစ်မှတဆင့် ခန္ဓာကိုယ်အပူချိန်ကျဆင်းစေကာ နှလုံးခုန်နှုန်း ရုတ်တရက် နှေးသွားတတ်ပါတယ်။ အေးသောအစားအစာများသည် အစာအိမ်သွေးကြောများကို ကျုံ့စေသောကြောင့်လည်းကောင်း ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိမှုကြောင့်လည်းကောင်း အစာခြေဖျက်မှုစနစ်နဲ့ အာဟာရဓာတ် စုပ်ယူနိုင်စွမ်းများကိုပါ ထိခိုက်စေပါတယ်။
အစားစားနေစဉ်နှင့် စားပြီးတဲ့အခါမှာ ရေခဲရေကိုသောက်ရင် အစာအိမ်မှ အစာချေဖျက်ရန် ခက်ခဲတတ်ပါတယ်။ ရေခဲကဲ့သို့ အေးခဲသော အရည်များသည် အစာအိမ်အူလမ်းကြောင်းတလျှောက် စုပ်ယူမှုအားနည်းစေပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို နှောင့်ယှက်သဖြင့် ဝမ်းချုပ်ခြင်း ခံစားရနိုင်ပါသည်။ အေးခဲသောအစာများက အစာအိမ်တွင်းရှိ အဆီဓါတ်များကို ချေဖျက်ရန် ခက်ခဲစေပြီး မလိုလားအပ်သည့် အဆီများစုစေပြီး ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်မှု metabolism ကို နှေးစေ၍ အဝလွန်ခြင်းကိုလည်း ဖြစ်စေပါတယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ပြီး ခန္ဓာကိုယ်မှ အပူချိန်မြင့်တက်သည့် အချိန်တွင် အေးခဲသောအရာများ သောက်သုံးခြင်းသည် အပူအအေးထိန်းညှိမှုကို ထိခိုက်စေပြီး အစာအိမ်မှ မစုပ်ယူနိုင်ပဲ ဗိုက်နာဗိုက်အောင့်ခြင်းကို ခံစားရစေပါသည်။ ရာသီဥတုပူနေတဲ့အချိန် အေးခဲတဲ့ရေခဲရေ ၊ အအေးစတာတွေ သောက်လိုက်မိရင် ကျောရိုးရှိ အာရုံကြောများကို လှုံ့ဆော်ပြီး ခေါင်းထဲမှာ ရုတ်တရက်ပြင်းထဲစွာ ကိုက်တတ်ပြီး Brain Freeze၊ ခေါင်းတခြမ်းကိုက်ခြင်း migarine အခံရှိသူများကို ပိုဆိုးစေတတ်ပါတယ်။ ဦးခေါင်းနှင့်မျက်နှာရှိ ကြွက်သားများကိုလည်း အအေးဓါတ်ကြောင့် ကျုံ့ခြင်းဖြစ်စေပါတယ်။
နေမကောင်းဖြစ်တဲ့အချိန်မှာ အေးတဲ့ရေခဲတွေသောက်ရင် ချောင်းဆိုးတာ တာရှ ည်ပြီး သက်သာတာ နှေးတတ်ပါတယ်။ ကိုယ်တွင်းအပူချိန်ကို ပိုကျဆင်းစေလို့ ချမ်းတုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်သွေးလည်ပါတ်မှုကို နှေးစေပြီး အပူအအေးမျှတမှုကို ထိန်းညှိပေးသည့်စနစ်ကို မညီမျှမှုဖြစ်စေသောကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းကို ပိုဆိုးစေနိုင်သောကြောင့် နွေရာသီမှာ ရေခဲထက် ရိုးရိုးရေကိုသာ လုံလောက်အောင် သောက်သုံးပေးဖို့ အကြံပြုလိုက်ရပါတယ်။
Dr. Yee Mon