ချောင်းဆိုးလို့ အိပ်မရဘူး၊ ချောင်းဆိုးလို့ ဆီးတောင်မထိန်းနိုင်ဘူး၊ ချောင်းဆိုးတာ ကြာရှည်နေပြီ မသက်သာဘူး စတဲ့ပြဿနာတွေကို ကြုံဖူးကြပါသလား? ချောင်းဆိုးခြင်းဟာ အဆုတ်နဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ တုံ့ပြန်မှုဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ ချောင်းဆိုးပျောက်ကင်းသက်သာဖို့အတွက် အဓိကအရေးကြီးသည့် အချက်ကတော့ ဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေကုသခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကို ရှာဖွေစစ်ဆေး ကုသမှုယူပြီး ချောင်းဆိုးသည့် လက္ခဏာပေါ် မူတည်၍ ချောင်းဆိုးပျောက်ဆေးကို ရွေးချယ်သင့်ပါတယ်။
သာမာန်အအေးမိ နှာစေးချောင်းဆိုးလျှင် အဖျားကျဆေး၊ နှာစေးပျောက်စေး၊ ချောင်းဆိုးပျောက်ဆေးနှင့်ပင် သက်သာနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ချောင်းဆိုးခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သော်လည်း အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းပိုးဝင်ခြင်း Upper Respiratory Tract Infection များကြောင့် ဖြစ်သော acute cough ၃ပါတ်အောက်ကြာချိန်ရှိ ချောင်းဆိုးခြင်းတွင် ပိုးသတ်ဆေးမလိုပဲ သက်သာပျောက်ကင်းနိုင်သည်ဟု ဆေးပညာရှင်များက ယူဆကြသည်။
ဗိုင်းရပ်စ်ပိုးကြောင့် ချောင်းဆိုးလျှင် ပိုးသတ်ဆေးများ မလိုအပ်ပဲ လက္ခဏာသက်သာအောင် ကုသရန်သာ လိုအပ်ပါလိမ့်မည်။ လေပြွန်ယောင်ရမ်းခြင်း acute bronchitis သည် အများအားဖြင့် ဗိုင်းရပ်စပိုး ကူးစက်မှုကြောင့်ဖြစ်ပြီး ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားမှသာ အသုံးပြုသင့်ပြီး နာတာရှည် လေပြွန်ကျဉ်းပန်းနာရောဂါနှင့် ရင်ကြပ်ရောဂါများအတွက်မူ ဆရာဝန်ညွှန်ကြားချက် လိုသည့်ရှူဆေးများ လိုအပ်နိုင်ပါသည်။
ချောင်းဆိုးခြင်းကို အိမ်၌ကုသရာတွင် ရေနွေးနှင့်ပျားရည်၊ ဂျင်း၊ ဆေးဖက်ဝင်အရွက်များဖြင့် ပြုလုပ်သော herbal cough medication များဖြင့် ကုသနိုင်ပါသည်။ Over the counter drugs – OTCs ဆရာဝန်ညွှန်ကြားချက်မလိုပဲ ဝယ်သောက်လို့ရသော Lozenges ငုံဆေးများ၊ ချောင်းဆိုးပျောက်ဆေး ( tablets အခဲ၊ capsule ဆေးလုံး၊ syrup အရည်၊ suspension ဖျော်ထားသောဆေးရည်) များဖြင့်လည်း ကုသနိုင်ပါသည်။
ချောင်းဆိုးလျှင် သလိပ်ထွက်လား productive cough၊ ချောင်းခြောက်လား dry cough ပေါ်မူတည်ပြီး ချောင်းဆိုးပျောက်ဆေးကို ရွေးချယ်ရပါမယ်။ ချွဲ၊သလိပ်ထွက် ချောင်းဆိုးခြင်းအတွက် Expectorant /mucolytic ခေါ် ချွဲပျော်ဆေး ( eg. Acetylcysteine,Guaifenesin, Bromhexine, Carbocisteine) ပါဝင်သော ချောင်းဆိုးပျောက်ဆေးများဖြင့် သက်သာပျောက်ကင်းနိုင်သည်။ ချောင်းခြောက်ဆိုးခြင်း Non productive/dry cough အတွက် Dextromethorphan၊ ဓါတ်မတည့် ယောင်ရမ်းခြင်းတွင် အသုံးပြုသော Antihistamine အုပ်စုဝင် Chlorpheniramine) ပါဝင်သောဆေးများကို အသုံးပြုနိုင်ပါသည်။ Antitussive ချောင်းဆိုးခြင်း cough reflex ကို ဟန့်တားပေးသော ချောင်းဆိုးပျောက်ဆေးများသည် ပန်းနာရင်ကြပ် ခံစားနေရစဉ် အဆုတ်နှင့်လေပြွန်ရှိ သလိပ်များကိုဟပ်ထုတ်ရန် ခက်ခဲစေပြီး ချွဲ၊သလိပ်များ စုပုံလာနိုင်ပါသည်။
အချို့ချောင်းဆိုးပျောက်ဆေး အမျိုးအစားများကို အသက် ၆ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ဆိုးကျိုးများရှိမရှိကို လေ့လာစမ်းသပ်ချက်များ တိကျစွာ မရှိသောကြောင့် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ အသုံးပြုသင့်သည်။ ချောင်းဆိုးပျောက်ဆေး အများစုသည် antihistamine ပါဝင်သောကြောင့် ဘေးထွက်ဆိုးကျိုးအနေနှင့် အိပ်ငိုက်ခြင်း ခံစားရတတ်ကြပါတယ်။ ထို့ကြောင့် မော်တော်ယာဉ်မောင်းများ၊ စက်ပစ္စည်းမောင်းနှင်သူများနှင့် လုပ်ငန်းခွင်တွင် အိပ်ပျော်လျှင် အန္တရာယ်ရှိနိုင်သူများ အနေဖြင့် သတိထားသင့်ပါသည်။
ချောင်းဆိုးခြင်း နာတာရှည်လာလျှင်သော်လည်းကောင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်သည်ထိ ပြင်းထန်လာလျှင်သော်လည်းကောင်း ဆရာဝန်နှင့် ပြသစစ်ဆေးပြီး လိုအပ်ပါက Codeine၊ Hydrocodone ကဲ့သို့ မော်ဖင်းအနွယ်ဝင် ဆေးဝါးများဖြင့် ကုသနိုင်ပါသည်။