အရေပြားအတွက် မရှိမဖြစ်အရေးပါသော ဗီတာမင်များမှာ Vitamin C ဗီတာမင်စီ၊ Vitamin B ဗီတာမင်ဘီ၊ Vitamin A ဗီတာမင်အေ နှင့် Vitamin D ဗီတာမင်ဒီတို့ ဖြစ်ပါသည်။ Niacinamide နိုက်ရာစီနမိုက်ဒ် သို့မဟုတ် Nicotinamide သည် Vitamin B3 ( niacin)၏ ပုံစံကွဲတစ်မျိုးဖြစ်ပြီး အရေပြားကျန်းမာရေးအတွက် အဓိကကျသော ဓါတ်တစ်မျိုးဖြစ်ပါသည်။ Vitamin B3 သည် ရေတွင်ပျော်ဝင်နိုင်သော ဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်ဘဲ အစားအသောက်၊ ဖြည့်စွက်စာနှင့် အသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများတွင် ပါဝင်ပစ္စည်းအဖြစ် တွေ့ရလေ့ရှိပါသည်။ အသားရေထိန်းသိမ်းမှု အလှကုန်ပစ္စည်းများအတွက် niacinamide – skincare best friend အကောင်းဆုံးမိတ်ဆွေအဖြစ် တင်စားလေ့ရှိကြပါသည်။
ဗီတာမင်B3 သည် အရေပြားဆဲလ်များ၏ စွမ်းအင်ကိုကောင်းမွန်စေပြီး အရေပြားအတွင်းဆုံးရှိ ပျက်စီးနေသော ဗီဇဆဲလ် DNA အထိ ပြုပြင်ပေးပြီး အရေပြားအပေါ်ယံခံတပ် skin barrier ကို အားဖြည့်ပေးသော ceramide ထုတ်လုပ်မှုကို ကောင်းမွန်စေပါသည်။ ထိုသို့ skin barrier ကို အားဖြည့်ပေးခြင်းဖြင့် အရေပြားကို ထိခိုက်စေသည့် အရာဝတ္ထုများကို ကာကွယ်ပေးပြီး အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးထားပါသည်။ နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည်ဒါဏ်ကြောင့် ခုခံစွမ်းအားလျော့ကျပြီး အသားအရေ ပျက်စီးမှုဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း လက္ခဏာများ ဖြစ်သည့် အရေးအကြောင်းများ၊ အသားရောင် မညီညာမှုများနှင့် အရေပြားပျက်စီးမှုများကို ကာကွယ်ပေးသည်။
Vitamin B3 သည် အရေပြားအောက်ဖက်မှ ကော်လာဂျင် collagen protein ကို လှုံ့ဆော်ပြီး အရေပြားပါးလွှာခြင်း မဖြစ်စေပဲ ထုထည်ဖြစ်ပေါ်စေသည်။ အရေပြားမှထုတ်လွှတ်သော ရောင်ခြယ်ပစ္စည်းဖြစ်သည့် မယ်လနင် melanin ထုတ်လုပ်မှုကို ဟန့်တားခြင်းဖြင့် အသားရောင် မညီညာခြင်းနှ င့်အမည်းစက်၊ အစက်အပျောက်များ၊ အမာရွတ်များကို တားဆီးပေးပါသည်။ အရေပြားတောက်ပမှုကို ဖြစ်စေသည့် ကောင်းသောအဆီပမာဏကို ထိန်းညှိပေးပါသည်။
Vitamin B3 niacinamide ၏ ဖွဲ့စည်းတည်ဆောက်မှုသည် အမည်းစက်သက်သာအောင် ပြုလုပ်နိုင်သည့် အခြားဒြပ်ပေါင်းများနှင့် မတူညီပဲ အလင်းရောင်၊ အစိုဓါတ်နှင့် ဓါတ်တိုးစေသည့် ဒြပ်ပေါင်း oxidizers များကြောင့် ပြောင်းလဲခြင်း၊ ဓါတ်ပြုခြင်းမရှိပါ။ ထို့ကြောင့် ဝက်ခြံထွက်ပြီးနောက် ကျန်ရစ်သည့် အမည်းစက်၊ အမာရွတ်များအတွက် ကုသဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ Niacinamide ကို အခြားသောဒြပ်ပေါင်းများဖြစ်သည့် hydroquinone၊ kojic acid၊ arbutin နှင့် ပဲပိစပ်ကဲ့သို့ ပစ္စည်းများနှင့် တွဲဖက်အသုံးပြုပေးခြင်းဖြင့် အမာရွတ်များ၊ အမဲအစက်အပျာက်များ သက်သာစေမှုကို ပို၍အားဖြည့်ပေးပါသည်။ အစိုဓါတ်ထိန်းပေးသည့် hyaluronic acid နဲ့တွဲ ၍ အသုံးပြုနိုင်ပါသည်။
Vitamin B3 သည် ဓါတ်တိုးဆန့်ကျင်သည့် antioxidant အစွမ်းရှိပြီး ယောင်ရမ်းမှုကို သက်သာစေနိုင်သည့်အစွမ်းရှိသည့်အတွက် ဝက်ခြံထွက်တတ်သော အသားအရေအတွက် အထူးသင့်လျော်ပါသည်။ ဝက်ခြံအတွက် အသုံးပြုလေ့ရှိသည့် ဗီတာမင်အေ retinoid နှင့် salicylic acid များကဲ့သို့ အရေပြားအတွက် ပြင်းထန်မှု မရှိသည့်အတွက် vitamin B3 ကို အထိအခိုက်အခံသော အသားအရေ sensitive skin ရှိသူများပါ အသားပြုနိုင်ပါသည်။
သုတေသန လေ့လာတွေ့ရှိချက်များအရ VitaminB3 ပါဝင်သော အသားရည်ထိန်းသိမ်းမှု ပစ္စည်းများကို အသုံးပြုပြီး ၈ပါတ်မှ၁၂ပါတ်အကြာတွင် အမာရွတ်များ လျော့ပါးသက်သာလာသည်ကို တွေ့ရပါသည်။ Vitamin B3 ပါဝင်သော အသားအရေ ထိန်းသိမ်းမှုပစ္စည်းများသည် အသားအရေ အမျိုးအစားမရွေး အသုံးပြုနိုင်ပြီး ဝက်ခြံအမာရွတ်၊ အမည်းစက်နှင့် အရေးအကြောင်းများအတွက် အစွမ်းထက်သည်ဟု အရေပြားအထူးကု ပညာရှင်များက ထောက်ခံချက်ပေးထားပါသည်။












