ယခုလိုပူပြင်းတဲ့ ရာသီမျိုးမှာဆိုရင် ချွေးထွက်များတာကြောင့် မကြာခဏရေဆာတတ်ကြပြီး ရေခဲရေသောက်သုံးတာ၊ အအေးဝယ်သောက်တာမျိုးတွေ ပြုလုပ်လေ့ရှိကြပါတယ်။ အအေးသောက်ခြင်းဟာ အမောပြေစေပေမယ့် အအေးသောက်ပြီးနောက် ချောင်းဆိုးလာတာမျိုးကို လူတော်တော်များများ ခံစားကြရပါတယ်။ အအေးသောက်ပြီးတဲ့အခါ ဘာကြောင့်ချောင်းဆိုးရသလဲဆိုတာကို သိရှိနိုင်ဖို့ ဖော်ပြပေးသွားပါမယ်။
အအေးသောက်ပြီးတဲ့အခါ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ –
(၁) လည်ချောင်းယားယံစေခြင်း
အအေးကို မျိုချသောက်သုံးလိုက်တဲ့အခါ လည်ချောင်းနဲ့အစာရေမြိုပြွန်တစ်လျှောက်ကို ယားယံလာစေတဲ့အတွက် ချောင်းဆိုးခြင်း၊ ချောင်းဟပ်ခြင်းတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
(၂) လည်ချောင်းပိုးဝင်ခြင်း
လည်ချောင်းနဲ့အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ အချွဲလွှာရှိနေပါတယ်။ အအေးသောက်လိုက်တဲ့အခါ အဲ့ဒီအချွဲလွှာကို ကျုံ့သွားစေတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ဘဲ လည်ချောင်းနာ၊ ချောင်းဆိုးခြင်းကို ခံစားလာရစေပါတယ်။
(၃) လေပြွန်ကျဉ်းစေခြင်း
အအေးသောက်ခြင်းကြောင့် အဆုတ်အတွင်းအပူချိန်ကို ပြောင်းလဲသွားစေနိုင်တဲ့အတွက် အသက်ရှူနှုန်းမြန်လာစေပြီး လေပြွန်ကျဉ်းကာ ချောင်းဆိုးလာစေနိုင်ပါတယ်။
(၄) အစာအိမ်အချဉ်ပေါက်ပြီး ပြန်ဆန်တက်စေခြင်း
အအေးသောက်လိုက်တဲ့အခါ အစာအိမ်အတွင်းမှ အက်စစ်တွေဟာ အစာရေမြိုပြွန်အတွင်းသို့ ပြန်ဆန်တက်လာပြီး ရင်ပူခြင်းနဲ့ ချောင်းဆိုးခြင်းကို ခံစားရစေနိုင်ပါတယ်။
(၅) ဓာတ်မတည့်ခြင်း
အချို့သူတွေဟာ အအေးနဲ့ဓာတ်မတည့်တာကြောင့် အအေးသောက်ပြီးတိုင်း ချောင်းဆိုးခြင်းကို ခံစားရတတ်ပါတယ်။
(၆) အချွဲများစုလာခြင်း
အအေးသောက်ပြီးတဲ့အခါ လည်ချောင်းတစ်ဝိုက်မှာ အချွဲတွေ စုလာတတ်ပါတယ်။ လည်ချောင်းမှာ စုလာတဲ့အချွဲတွေကို ဖယ်ရှားနိုင်ဖို့အတွက် ချောင်းဆိုးရခြင်းဖြစ်ပါတယ်။
အအေးသောက်ခြင်းဟာ အမောပြေလန်းဆန်းစေပေမယ့် ခန္ဓာကိုယ်ကျန်းမာရေးကိုတော့ ထိခိုက်စေနိုင်ပါတယ်။ အအေးသောက်ပြီးတိုင်း ချောင်းဆိုးနေမယ်၊ ချောင်းဆိုးခြင်းဟာပြင်းထန်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat Mon