ချောင်းဆိုးခြင်းဆိုတာဟာ အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ သာမန်အအေးမိတုပ်ကွေးကြောင့် ချောင်းဆိုးခြင်းဖြစ်နိုင်သလို ပြင်းထန်တဲ့အဆုတ်ရောဂါတွေကြောင့်လည်း ကြာရှည်ချောင်းဆိုးခြင်းကို ခံစားရနိုင်ပါတယ်။ ချောင်းဆိုးခြင်းမှာ ချောင်းအစိုနဲ့ချောင်းအခြောက်ဆိုပြီး (၂)မျိုးရှိသလို ပေးရတဲ့ဆေးတွေကလည်း ချောင်းအစိုနဲ့အခြောက်အတွက် ကွဲပြားပါတယ်။ ဒီနေ့မှာတော့ ချောင်းအစို ဘာကြောင့်ဆိုးရသလဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။ ချောင်းအစိုဆိုတာဟာ ချွဲ၊ သလိပ်ပါဝင်တဲ့ချောင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ချောင်းအစိုဆိုးခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့-
(၁) အအေးမိဖျားနာခြင်း
ပြင်ပမှဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေဟာ အအေးမိဖျားနာခြင်းကို ခံစားရစေနိုင်ပါတယ်။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းတလျှောက် ချွဲတွေ ပိတ်ဆို့စေတာကြောင့် ချွဲတွေဖယ်ထုတ်နိုင်ဖို့ ခန္ဓာကိုယ်ကပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ချောင်းဆိုးရခြင်းဖြစ်ပါတယ်။ အအေးမိဖျားနာတဲ့အခါ ချောင်းအစိုဆိုးခြင်းနှင့်အတူ နှာစေးခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း စတာတွေကိုပါ ခံစားရနိုင်ပါတယ်။
(၂) ရာသီတုပ်ကွေး
ရာသီတုပ်ကွေးကလည်း အအေးမိဖျားနာခြင်းနဲ့ဆင်တူပြီး ပိုမိုပြင်းထန်တတ်ပါတယ်။ နှာစေးချောင်းဆိုးခြင်းတွေအပြင် ကိုယ်လက်ကိုက်ခဲခြင်းတွေကိုပါ ခံစားရတတ်ပါတယ်။ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးကလည်း ချွဲ၊ သလိပ်ပါတဲ့ ချောင်းဆိုးခြင်းမျိုးကို ဖြစ်ပေါ်စေတတ်ပါတယ်။
(၃) လေပြွန်ရောင်ခြင်း
ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လေပြွန်ရောင်ခြင်းမှာလည်း ချောင်းအစိုဆိုးခြင်းကို ခံစားရနိုင်ပါတယ်။ လေပြွန်ရောင်ခြင်းဟာ (၃)ပတ်ခန့်ကြာမြင့်တတ်ပြီး ချောင်းဆိုးခြင်းနဲ့အတူ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ မောပန်းခြင်း စတာတွေပါ ခံစားရတတ်ပါတယ်။
(၄) Pneumonia
Pneumonia (နမိုးနီးယား) သို့မဟုတ် အဆုတ်ပိုးဝင်ခြင်းကြောင့် ချောင်းဆိုးခြင်းခံစားရတဲ့အခါ အစိမ်းရောင် (သို့) အဝါရောင်သလိပ်တွေထွက်ခြင်း၊ သလိပ်ထဲသွေးပါခြင်း စတာတွေ
ပါဖြစ်ပေါ်လာနိုင်ပါတယ်။
(၅) ဓာတ်မတည့်ခြင်း
ဓာတ်မတည့်တဲ့အရာ တစ်မျိုးမျိုးရှိနေတဲ့အခါ မကြာခဏ နှာစေး၊ နှာချေခြင်းဖြစ်တတ်ပါတယ်။ နှာရည်တွေဟာ အပြင်သို့မထွက်ဘဲ နောက်ပြန်စီးဆင်းသွားတဲ့အခါ လည်ချောင်းမှာ နှာရည်တွေ၊ အချွဲတွေနဲ့ ပိတ်ဆို့သွားတာကြောင့် ချောင်းဆိုးခြင်းကို ခံစားလာရတတ်ပါတယ်။
(၆) Chronic Obstructive Pulmonary Disease (COPD)
COPD ဆိုတာဟာ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှုကို ကြာရှည်ရှူရှိုက်ခြင်း စတာတွေကြောင့် ဖြစ်စေနိုင်တဲ့အပြင် မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ COPD ရောဂါခံစားရတဲ့အခါ လေပြွန်တစ်လျှောက်နဲ့ အဆုတ်လေအိတ်ငယ်လေးတွေမှာ ရောင်ရမ်းနာကျင်ပြီး အချွဲတွေပိတ်ဆို့ကာ ချောင်းဆိုးစေနိုင်ပါတယ်။
(၇) Cystic fibrosis
Cystic fibrosis ဆိုတာဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Cystic fibrosis ကြောင့် မကြာခဏအဆုတ်ပိုးဝင်ခြင်း ခံစားရတတ်သလို ချောင်းအစိုဆိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
(၈) Bronchiectasis
Bronchiectasis ဆိုတာဟာ Cystic fibrosis ရဲ့နောက်ဆက်တွဲရောဂါပြဿနာတစ်မျိုးဖြစ်ပါတယ်။ Brochiectasis ဖြစ်တဲ့အခါ လေပြွန်ကြွက်သားတွေ အားနည်းလာတဲ့အပြင် အချွဲတွေပိတ်ဆို့ကာ ချောင်းဆိုးခြင်း ဖြစ်ပေါ်လာစေပါတယ်။
ချောင်းအစိုဆိုးခြင်းကို ရေရှည်ခံစားနေရပြီဆိုရင်တော့ လိုအပ်တဲ့စစ်ဆေးကုသမှုတွေပြုလုပ်နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်း၊ သွေးစစ်ခြင်း စတာတွေပါ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat Mon