ဇရာက စကားပြောလာတဲ့ အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာမှာ အပျက်ဘက်ကို ဦးတည်လာတတ်တာ လောကဓမ္မတာပါ။ မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာခြင်း၊ အရိုးအဆစ်များ နာကျင်တတ်လာခြင်း၊ သွက်သွက်လက်လက် မလှုပ်ရှားနိုင်တော့ခြင်း၊ မျက်စိမှုန်လာခြင်း စတာတွေကို အသက်ကြီးလာသူတိုင်းလိုလို ခံစားရတတ်ပါတယ်။ အသက်ကြီးလာလို့ ခံစားရတဲ့ပြဿနာတွေထဲမှာ ကြွက်သားဆုံးရှုံးမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ပါဝင် ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားများဟာ အသက်သုံးဆယ်ကျော်လာတဲ့အခါ တစ်နှစ်ကို ပျှမ်းမျှအားဖြင့် ၃%ဆီ ဆုံးရှုံးလာတတ်ပါတယ်။ သည်လို တဖြည်းဖြည်း ဆုံးရှုံးလာရာကနေ အသက်၅၀ကျော်လာတဲ့အခါ ကြွက်သားဆုံးရှုံးမှုဟာ သိသာလာပါတယ်။ဆေးပညာမှာတော့ Sarcopenia လို့ခေါ်ဝေါ်ကြပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဇီဝကမ္မဖြစ်စဉ်တွေဟာ သဘာဝ အတိုင်း အလုပ်လုပ်နေတဲ့အတွက် ကြွက်သားတွေဟာ သန်မာနေခြင်း ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ သည်လို ဖြစ်ခြင်း၊ ပျက်ခြင်း ပြုလုပ်ပေးနေကျ ဇီဝကမ္မဖြစ်စဉ်တွေဟာ ယိုယွင်းပျက်ပြားလာတဲ့အတွက် ကြွက်သားဆုံးရှုံးမှုတွေဖြစ်လာပါတော့တယ်။
ဘာတွေကြောင့် ဖြစ်နိုင်သလဲဆိုရင်-
- သွေးတွင်းဟော်မုန်းဓာတ်များ လျော့ကျလာခြင်း
- ခန္ဓာကိုယ်က ပရိုတင်းဓာတ်တွေကို ကောင်းမွန်စွာ အသုံးမချနိုင်တော့ခြင်း
- ဦးနှောက်ဆဲလ်များ လျော့နည်းလာခြင်းကြောင့် ကြွက်သားများ ကျုံ့ဆန့်နိုင်စွမ်း မကောင်းတော့ခြင်း
- ကြွက်သား ဖွံ့ဖြိုးရန်လိုအပ်တဲ့ အသားဓာတ်နဲ့ ကယ်လိုရီ ပမာဏကို လုံလောက်အောင် မစားသုံးနိုင်တော့ခြင်း
စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကြွက်သား မှာ ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်သလဲ?
● ကြွက်သား ထုထည် လျော့နည်းလာပြီး အဆီတစ်သျှူးများဖြင့် အစားထိုးလာခြင်း
လေ့လာတွေ့ရှိချက်အရ ကျန်းမာနေသူ သက်ကြီးရွယ်အိုတွေထက် ဆေးရုံတက်ရောက်နေသူ သက်ကြီးရွယ်အိုတွေမှာ ကြွက်သားထုထည် လျော့နည်းလာပြီး အဆီတစ်သျှူးများဟာ 1.7ဆ ခန့်တိုးပွားလာတာကို တွေ့ရပါတယ်။ မကျန်းမာသူ အချင်းချင်းနှိုင်းယှဉ်ကြည့်ပြန်ရင်တော့ လမ်းမလျှောက်နိုင်သူများဟာ ကြွက်သားထုထည် ပိုမို လျော့နည်းလာတာ တွေ့ရပါတယ်။
● ကြွက်သား ခွန်အားနည်းပါးလာခြင်း
အသက်ကြီးလာတာနဲ့အမျှ ကြွက်သားမျှင်များ (Muscle fibres) တွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။
- ကြွက်သားမျှင် တစ်သျှူးအရွယ်အစား သေးငယ်လာခြင်း
- ကြွက်သားမျှင်များကို လှုပ်ရှားနိုင်ရန် စေခိုင်းပေးနိုင်တဲ့ အာရုံကြောဆဲလ်များ( motor neurons) များနည်းပါးလာခြင်း
စတာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာ လမ်းလျှောက်နှုန်း နှေးကွေးသွားခြင်း၊ ဟန်ချက် ကောင်းကောင်းမထိန်းနိုင်တော့ခြင်း၊ မကြာခဏ ချော်လဲခြင်း၊ အထိုင် အထ လုပ်ရာတွင် အခက်အခဲရှိလာခြင်း စတာတွေ ဖြစ်လာပါတော့တယ်။
● ကြွက်သား များ အပေါ် ဟော်မုန်းဓာတ်ရဲ့ သက်ရောက်မှုများ
အသက်ကြီးလာတဲ့အခါ ဟော်မုန်းဓာတ် အပြောင်းအလဲများကြောင့် ကြွက်သားဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- သွေးတွင်းအင်ဆူလင်ဟော်မုန်းဓာတ် မမျှတခြင်း
- ကြီးထွားမှုကို အားပေးသည့် Growth Hormones နည်းပါးလာခြင်း
- Vitamin D ချို့တဲ့ခြင်း
- Estrogen နှင့် testosterone ဟော်မုန်း လျော့နည်းလာခြင်း
- Parathyroid Hormone ဓာတ် များလာခြင်း
ကြွက်သားဆုံးရှုံးလာရင် ဘယ်လိုတွေခံစားရမလဲ?
- ပင်ပန်းနွမ်းနယ်နေတတ်ခြင်း
- ယခင်နှစ်တွေကလောက် ပုံမှန်သယ်နေကျ အရာများအား မသယ်နိုင်တော့ခြင်း
- လမ်းလျှောက်ရာမှာ ယခင်ကလောက် မသွက်တော့ခြင်း
- သက်လုံ မကောင်းတော့ခြင်း
စတာတွေကို ခံစားလာရပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာ ကိစ္စတွေဆောင်ရွက်ရာ တွင်ပါ ထိခိုက်လာနိုင်ပါတယ်။
ဘယ်လိုအရာတွေဟာ ကြွက်သားဆုံးရှုံးခြင်းကို အားပေးနေသလဲ?
▶️ အာဟာရ ပြည့်ဝစွာ မစားသုံးခြင်း
တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လိုရီနဲ့ အသားဓာတ်တွေကို လုံလောက်စွာ မစားတဲ့အခါ ကြွက်သားဆုံးရှုံးတာဟာ ပိုဖြစ်တတ်ပါတယ်။
▶️ လှုပ်လှုပ်ရှားရှား နေထိုင်မှုမရှိခြင်း
အမြဲတမ်း ထိုင်နေပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်သူများ၊ ထိခိုက်ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်သူများ၊ ရောဂါကြောင့် အိပ်ရာပေါ်တွင်သာ နေနေရသူများဟာ ကြွက်သားဆုံးရှုံးခြင်းဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။
▶️ နာတာရှည် ရောင်ယမ်းခြင်း ပြဿနာရှိသူများ
နာတာရှည်ရောင်ယမ်းစေတဲ့ ရောဂါတွေဖြစ်တဲ့ သွေးလေးဘက်နာရောဂါ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောင်ယမ်းခြင်း ပြသနာများ ( Inflammatory Bowel Diseases )၊ တီဘီရောဂါ ကဲ့သို့ ရောဂါအခံရှိသူတွေမှာ ရောင်ယမ်းမှု ကြောင့် ဇီဝကမ္မဖြစ်စဉ်တွေ ပျက်ယွင်းပြီး ကြွက်သားဆုံရှုံးမှု ပိုမိုဖြစ်တတ်ပါတယ်။
▶️ ရောဂါ အခံရှိသူများ
ကင်ဆာဝေဒနာရှင်များ၊ အသည်းခြောက်ရောဂါ၊ နှလုံးရောဂါသည်များ စသူတွေမှာ ရောဂါအခံကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးလွယ်ပြီး ကြွက်သား ဆုံရှုံးမှုကို ပိုမို အားပေးစေနိုင်ပါတယ်။