စိတ်ကျန်းမာရေးဆိုတာအသက်အရွယ်မရွေးအတွက် အရေးပါ ပါတယ်။ ဒါပေမယ့် ဒီခေတ်လူငယ်တွေမှာအရင့်အရင်ကထက် စိတ်ကျန်းမာရေးနဲ့ ပါတ်သက်လို့ ထိလွယ်၊ ခိုက်လွယ် ရှိနေတာကိုတင်ပြချင်ပါတယ်။
ဒီနေ့ ကမ္ဘာမှာလူ ၃ ယောက်ရှိနေရင် ၁ ယောက်ကလူငယ်တွေပါ။
ဒီနေ့လူငယ် နောင်ဝယ်လူကြီးဆိုပြီးတာဝန်တွေတိုးပြီးထမ်းဆောင်ဦးမယ့် သူတွေပါ။ ဒီတော့ သူတို့တတွေရဲ့ စိတ်ကျန်းမာရေးကိစ္စဟာအရေးပါလှပါတယ်။ တိုးတက်ခေတ်မီဆန်းပြားလာတဲ့ ခေတ်ကြီးထဲမှာလိုချင်စရာတွေကများ၊ လိုအပ်တာတောင် ပြည့်ဖို့ မလွယ်တဲ့သူတွေကအပုံအပင်ရှိနေချိန်မှာကလေးလေးတွေ အဖြစ်ကနေလူငယ်ဘဝ ကူးပြောင်းချိန်မှာရုပ်ပိုင်းရော၊ စိတ်ပိုင်းမှာပါ အလျှင်အမြန်ပြောင်းလဲမှုကြောင့် လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာပိုင်းမှာ ထိခိုက်မှုတွေ ပိုဖြစ်တတ်ပါတယ်။
ဥပမာတစ်ခုပြောရရင် ကျောင်းဝတ်စုံမဝယ်ပေးလို့ သတ်သေသွားတဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ ကိစ္စ၊ ဟန်းဆက်ဝယ်ချင်လို့ အမေ့ရွှေကိုအလုခံရသလိုဟန်ဆောင်ပြီး အမှုဖွင့်ရာကနေအမှုမှန်ပေါ်ပြီးတရားခံပြန်ဖြစ်ရတဲ့ လူငယ်လေးကိစ္စနဲ့ လိုချင်တဲ့ ဟန်းဆက် အမေကဝယ်မပေးလို့ တယ်လီဖုန်းအရောင်းဆိုင်ကိုဖေါက်ထွင်းဝင်မိလို့ အဖမ်းခံရတဲ့ နောက်ထပ်လူငယ်လေးတစ်ယောက်ရဲ့ ကိစ္စတွေဟာသတိထားရမယ့်အရာတွေပါ။ တိုးတက်ခေတ်မီဆန်းပြားလာတဲ့ ခေတ်ကြီးထဲမှာလိုချင်စရာတွေများနေတိုင်းသာလိုချင်နေရင် ကျွန်တော်တို့ ဘယ်တော့မှ အေးငြိမ်းမှုကိုရနိုင်မှာမဟုတ်ပါဘူး။
တစ်ဖက်ကနေ ကြည့်ပြန်ရင်လည်းအထက်က ပြစ်မှုကျူးလွန်ခဲ့တဲ့ လူငယ်လေးတွေမှာ အပေါင်းအသင်းတွေ ရှိခဲ့မယ်။ အဲဒီအပေါင်းအသင်းတွေက ကိုယ်စီကိုယ်စီဟန်းဆက် အမိုက်စားလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေ၊ ဓါတ်ပုံတွေ ရှဲလုပ်ကြမယ်၊ သူ့မှာတော့ လုပ်စရာဟန်းဆက်ကမရှိ၊ ရှိပြန်ရင်လည်းသူတို့တတွေလောက် အဆင့်မမြင့်တော့ရင် သိမ်ငယ်သလိုခံစားရမယ်။ တန်းမဝင်သလို ဖြစ်နေမယ်။ အဲဒါတွေကိုသူ့ပတ်ဝန်းကျင်ကလည်း သတိမထားမိ၊ ဖြေရှင်းပေးဖို့ မကြိုးစားမိတော့ အထက်ကဖေါ်ပြခဲ့သလို မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာပါ။
လူငယ်တွေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရောဂါအဆင့်အနေနဲ့ ဘယ်လောက်အထိ ဖြစ်တတ်သလဲဆိုရင် လေ့လာထားချက်တွေအရ ၃၀ ရာခိုင်နှုန်းလောက်အထိရှိနေပါတယ်။ အသက်အပိုင်းအခြားလိုက်စီစစ်ကြည့်ရင် ဒီအသက်အပိုင်းဟာအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ ယှဉ်ကြည့်မယ်ဆိုရင် အသက် ၅၀ နဲ့ အထက်မှာ ၁၃.၇ ရာခိုင်နှုန်းဘဲရှိလို့ ဖြစ်နိုင်စွမ်းအနည်းဆုံး အုပ်စုလို့ ပြောလို့ရပါတယ်။ ဘာလို့ လူငယ်တွေမှာဒီလောက်အဖြစ်များရသလဲဆိုတာကို ဆက်ဆွေးနွေးလိုပါတယ်။
ထုံးစံအတိုင်းတရားခံဘယ်သူလဲဟေ့ လို့ ဆိုလိုက်ရင် အရက်နဲ့ မူးယစ်ဆေးတွေကထိပ်ဆုံးကပါလာပါတယ်။ ဘီယာယဉ်ကျေးမှုထွန်းကားလာတာ၊ (ညနေပိုင်းဘီယာဆိုင်လေးမှ မထိုင်နိုင်ရင် လူရာမဝင်သလို ဖြစ်နေတာမျိုး)၊ အမျိုးသမီးလေးတွေတောင်ရင်ဘောင်တန်းပြီးဘီယာဆိုင်ထိုင်လာတာ၊ တားဆီးနှိမ်နင်းနေတယ်လို့ ပြောရင်းကနေ တပြည်လုံးလိုလိုအလွယ်တကူရလာနေတဲ့ စိတ်ကြွရူးသွပ်ဆေးတွေ ကြောင့် ဖြစ်နေတတ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးတွေကို သုံးစွဲတာမှာ ကြိုက်လို့၊ အပေါင်းအသင်းက ဖိအားပေးလို့ သုံးစွဲတတ်တာမျိုးရှိသလိုကျနေတဲ့စိတ်ဓါတ်၊ အဆင်မပြေနေတဲ့ ဘဝထဲကခေတ္တခဏ ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ သုံးမိ၊ စွဲငြိတတ်တာတွေလည်း ရှိတတ်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ သုံးသုံးစိတ်ပိုင်းဆိုင်ရာပိုင်းမှာ ထိခိုက်မှုတွေ ပိုဖြစ်စေတတ်တာတော့ သေချာပါတယ်။အထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးတွေဟာ တစ်ချို့လူတွေမှာသံသယစိတ်တွေ လွန်ကဲစေပြီး လှုံ့ဆော်မဲ့ အာရုံတွေရစေတတ် တာမို့ အထူးသတိထားဖို့လိုပါမယ်။
နောက်ထပ် ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုကတော့ စိတ်ကျရောဂါခံစားနေရလို့ပါ။ လူငယ် ၁၀၀ မှာ ၈ယောက်လောက်က ဒီအုပ်စုထဲမှာ အကျုံးဝင်နေတတ်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့ လူငယ်တွေမှာတစ်ဝက်နီးပါကစိတ်ဓါတ်ကျနေတယ်လို့ သတိထားမိတတ်ပါတယ်၊ လေးပုံတစ်ပုံလောက်ကတော့ သူတို့ရဲ့ မိသားစုတွေနဲ့ ပြဿနာအကြီးစားတွေ ရင်ဆိုင်နေရတတ်တယ်၊ ဥပဒေချိုးဖေါက်တာ၊ ပြစ်မှုကျူးလွန်တာတွေ လုပ်တတ်တယ်လို့ ပြောပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့ လူငယ်တွေထဲကငါးယောက်မှာ တစ်ယောက်လောက်က ကိုယ့်ကိုယ်ကိုသတ်သေဖို့တွေးမိတာ၊ ကြံစည်တတ်တာတွေ ရှိနိုင်တယ်လို့ သိရပါသေးတယ်။
အထက်မှာဖေါ်ပြခဲ့တာတွေကအဓိကအကြောင်းအရင်းနှစ်ခုပါ။ မွေးရာပါ ဗီဇကြောင့်၊ ထိခိုက်ဒဏ်ရာကြောင့်၊ ရောဂါပိုးကူးစက်ခံရလို့ စသည်ဖြင့် တခြားအကြောင်းရင်းတွေလည်းအများကြီးရှိနေနိုင်ပါသေးတယ်။ ဒီဆောင်းပါးမှာတော့ အသေးစိတ်မတင်ပြတော့ပါဘူး။ ဖေါ်ပြပါ အကြောင်းအရင်းတွေ မရှိဘဲနဲ့လည်းစိတ်ရောဂါ အဆင့် မဖြစ်သေးသော်လည်းစိတ်ပိုင်းဆိုင်ရာပဋိပက္ခအခြေအနေတစ်ခုကြောင့် ဖြစ်တတ်တာတွေလည်းရှိတတ်ပြန်ပါတယ်။ ဆောင်းပါးအစပိုင်းမှာဖေါ်ပြခဲ့တဲ့ ဟန်းဆက်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ လူငယ်လေးတွေဟာအဲဒီအမျိုးအစားမှာပါပါတယ်။
အခုဆက်ပြီးဒီကိစ္စတွေကိုဘယ်လိုကာကွယ်ကုသလို့ ရမလဲဆိုတာကိုဆွေးနွေးပါရစေ။ အရက်နဲ့ မူးယစ်ဆေးကိစ္စကတော့ ရှင်းပါတယ်။ လူငယ်တွေရဲ့ စူစမ်းချင်စိတ်၊ စွန့်စားလိုစိတ်တွေကိုတခြားနေရာတွေမှာအသုံးချပါ။ ထိမိ ငြိမိနေရင်လည်း ဖြတ်ဖို့ကြိုးစားပါ။စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိရင် ဆေးဖြတ်တဲ့ကိစ္စကဒီလောက် မခဲယဉ်းဘူးထင်ပါတယ်။စိတ်ကျရောဂါဆိုရင်လည်းကုသလိုရပါတယ်။ ဆေးစွမ်းကောင်းတွေ အများကြီးပေါ်နေပါပြီ။ မိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့လည်းကိုယ့်ကလေးကျောင်းစာရမှတ်တွေကျလာရင်၊ ရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေ မကြာခဏခံစားနေရရင်၊ စားတာ၊ အိပ်တာတွေ နဂိုနဲ့မတူပုံမမှန် ဖြစ်လာရင်၊ စိတ်ဓါတ်ကျတဲ့စကားတွေ၊ အရွယ်နဲ့မလိုက်အပျက်သဘောတွေ တွေးလွန်းပြောလွန်းရင်၊ သေစကားတွေ ပြောလာရင်၊ အရက်နဲ့ မူးယစ်ဆေးတွေ သုံးလာရင် စိတ်ကျရောဂါများဖြစ်နေမလားဆိုပြီးသတိထား၊ အရေးယူဆောင်ရွက်သင့်ပါတယ်။
စိတ်ရောဂါ အဆင့် မဖြစ်သေးသော်လည်း စိတ်ပိုင်းဆိုင်ရာပဋိပက္ခအခြေအနေ တစ်ခုကြောင့် ဖြစ်တတ်တာတွေကိုတော့ မိသားစုနွေးထွေးမှု၊ ဖြစ်ချင်တာနှင့် ဖြစ်သင့်တာတွေကိုခွဲခြားတတ်အောင် ဆုံးမပဲ့ပြင်မှုတွေနဲ့ ကာကွယ်ရပါမယ်။ စိတ်ပိုင်းဆိုင်ရာပဋိပက္ခအခြေအနေဆိုတာတွေဟာ များသောအားဖြင့် ဘဝတူတွေရဲ့ ဖိအားကြောင့် ဖြစ်ရတာမို့ အဲဒီဘဝတူတွေရဲ့ ဖိအားကိုဘယ်လိုရင်ဆိုင်မလဲဆိုတာက အရေးပါလာပါတယ်။
တကယ်တော့ ဘဝတူတွေရဲ့ ဖိအားဆိုတာတစ်သက်လုံးရှိနေမှာပါ။ သူကတော့ ဒီလို၊ ငါ့မှာတော့ ဒီပုံဆိုပြီးကိုယ်ကနိမ့်နေရင်စိတ်ဓါတ်ကျတာ၊ ကိုယ်ကမြင့်နေရင် ဘဝင်မြင့်တာတွေဟာကိုယ့်အတွက် အကျိုးမပေးပါဘူး။ ကိုယ့်ဖာသာကိုယ် မနေ့ကထက် ဒီနေ့မှာကုသိုလ်၊ ပညာ၊ ဥစ္စာအနည်းဆုံးတစ်ခုခုသာအောင် ကြိုးစားရင်းဘဝလမ်းကိုလျှောက်လှမ်းနေကြဖို့သာလိုတာပါ။ ဒီလိုသဘောထားတတ်ရင် ဘဝတူတွေရဲ့ ဖိအားဆိုတာကိုကောင်းကောင်းတွန်းလှန်နိုင်မှာမို့လူငယ်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာပဋိပက္ခအခြေအနေတွေကိုဒီနည်းနဲ့ ဘေးရန်ကင်းကင်း၊ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မှာ ဖြစ်ပါကြောင်းအကြံပြု တင်ပြလိုက်ရပါတယ်။
Author: Dr. ဌေးအောင်