Paracetamol (ပါရာစီတမော) လို့ လူသိများတဲ့ဆေးကို ဆေးပညာနာမည်အားဖြင့် Acetaminophen လို့ ခေါ်ပါတယ်။ Paracetamol ဟာ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် မလိုဘူး ဆိုသော်လည်းပဲ တချို့သော အကိုက်အခဲပျောက်ဆေးတွေမှာ paracetamol ကို ထပ်ပေါင်းထည့်ထားတာမျိုး ရှိနိုင်တဲ့အတွက် (ဥပမာ…alaxan မှာ ibuprofen နဲ့ paracetamol နှစ်မျိုး ပါပါတယ်) မသိဘဲ သောက်မိရင် ဆေးပမာဏတွေ များသွားနိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်တာက ပိုကောင်းပါတယ်။ Paracetamol ကို ပမာဏ များပြားစွာ သောက်သုံးမိရင် အသည်းကို ထိခိုက်နိုင်ပါတယ်။
ဘာအတွက် သုံးသလဲ?
• အပျော့စားနဲ့ အလယ်အလတ်အဆင့် နာကျင်ကိုက်ခဲမှုတွေ (ခေါင်းကိုက်တာ၊ သွားကိုက်တာ၊ ခါးနာဒူးနာတာ၊ ရာသီလာစဉ် ကိုက်ခဲတာ၊ အဆစ်အမြစ်နာတာ၊ တုပ်ကွေးကြောင့် ကိုယ်လက်ကိုက်ခဲနာကျင်တာ စသည်) သက်သာအောင်နဲ့
• အဖျားကျဆေး အဖြစ် paracetamol ကို အသုံးပြုကြပါတယ်။
Paracetamol ဟာ သောက်ဆေးဖြစ်ပြီး လူကြီးတွေအတွက် ဆေးခဲ၊ ကလေးတွေအတွက် ဆေးရည်ပုံစံနဲ့ ထုတ်လုပ်ထားတတ်ပါတယ်။ ဆရာဝန်မညွှန်ကြားရင် အဖျားရောဂါအတွက် ၃ ရက်၊ နာကျင်ကိုက်ခဲတာအတွက် လူကြီးတွေဆို ၁၀ ရက်၊ ကလေးတွေဆို ၅ ရက်ထက်ပိုပြီး မသောက်သင့်ပါဘူး။
ဘေးထွက်ဆိုးကျိုး…
Paracetamol ဟာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမာ မရှိဘူးဆိုသော်လည်း ဆေးသောက်ပြီးမှ အနီစက်တွေ ထွက်တာ၊ မျက်နှာနဲ့ ခန္ဓာကိုယ်က ယားယံတာ၊ ရောင်ရမ်းလာတာ၊ မူးဝေနေတာ၊ အသက်ရှူကြပ်တာ စတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။
အသည်းရောဂါ ရှိတဲ့သူတွေ၊ အရက်ပုံမှန်သောက်သူတွေ၊ ဆီးချိုရောဂါ ရှိသူတွေ ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကလည်း ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။
ဆေးပမာဏ လိုတာထက်ပိုပြီး သောက်သုံးမိရင် (overdose)…
Paracetamol ဟာ overdose ဖြစ်ရင် အသည်းကို ထိခိုက်နိုင်တဲ့ ဆေးဖြစ်ပါတယ်။ Overdose ရဲ့ လက္ခဏာတွေကတော့ ပျို့တာ၊ အန်တာ၊ မစားချင်မသောက်ချင် ဖြစ်တာ၊ ချွေးစေးတွေထွက်တာ၊ ဗိုက်အောင့်တာ၊ အသားဝါ မျက်စိဝါတာ၊ ဆီးအရောင့်ရင့်တာကနေ ကိုမာဝင်တာအထိ ဖြစ်နိုင်ပါတယ်။ အကယ်၍ လိုအပ်တာထက် ပိုမိုသောက်သုံးမိပြီး အထက်ပါလက္ခဏာတွေ ဖြစ်လာရင် အရေးပေါ်ဌာနကို ချက်ချင်းပြသသင့်ပါတယ်။
Paracetamol ဟာ တခြား အကိုက်အခဲပျောက်ဆေးတွေလို အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်နိုင်ခြင်း မရှိပါဘူး။ Paracetamol မှာ တခြား အကိုက်အခဲပျောက်ဆေးတွေလို ရောင်ရမ်းတာတွေ သက်သာစေတဲ့ သတ္တိလည်း မရှိဘဲ နာကျင်ကိုက်ခဲတာနဲ့ အဖျားကျဖို့အတွက်သာ သုံးလို့ ရပါတယ်။
ဘယ်လို သောက်သုံးမလဲ?
ရောဂါအခြေအနေနဲ့ လူနာရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ် စသဖြင့် လိုအပ်သလို သောက်သုံးလို့ ရပါတယ်။ ဆေးသောက်ဖို့ မေ့သွားတဲ့အခါ အချိန်ဝေးသေးရင် သတိရရချင်း သောက်ပါ။ နောက်တစ်ကြိမ်နဲ့ နီးနေရင် နောက်တစ်ကြိမ် သောက်ရမယ့် ဆေးပမာဏကိုသာ သောက်ရန် လိုအပ်ပြီး နှစ်ဆသောက်ခြင်းမျိုး မလုပ်သင့်ပါဘူး။
Paracetamol ဟာ အစာအိမ်နဲ့ အူနံရံကို ထိခိုက်စေနိုင်ခြင်း မရှိတဲ့အတွက် အစာနဲ့ တွဲမသောက်လည်း ရပါတယ်။ အစာအိမ်ရောဂါအခံရှိရင်တော့ အစာနဲ့ တွဲသောက်ရင် သောက်ပါ။
Paracetamol ဟာ လူသုံးများပြီး ဆရာဝန်ညွှန်ကြားချက် မလိုဘဲ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပေမယ့်လည်း တန်ဆေးလွန်ဘေး ဆိုသလို မလိုအပ်ဘဲ မကြာခဏ သောက်သုံးခြင်း မပြုသင့်ကြောင်း သတိပြုရပါမယ်။
Author: Dr.Yee Mon