အရပ်ရှည်တဲ့သူတွေက အင်တာနေရှင်နယ်အရပ်လို့ ဆိုတတ်ကြပြီး အရပ်ပုတဲ့သူတွေကလည်း ပုမှနုတာလို့ ပြောတတ်ကြပါတယ်။ အဲဒီတော့ ပုတာက ကောင်းသလား၊ အရပ်ရှည်တာ ပိုကောင်းတာလား၊ အနေတော်လေးကပဲ အဆင်ပြေတာလား ဆိုတာကို စဉ်းစားရခက်နေကြပြီလား?
တကယ်တော့ အရပ်ရှည်တာဖြစ်ဖြစ်၊ အရပ်ပုတာပဲ ဖြစ်ဖြစ် သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက်တွေ ရှိတာပါပဲ။အလှအပရေးရာ ရှုထောင့်က မဟုတ်ဘဲ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အရပ်အမောင်းနဲ့ ကျန်းမာရေးက ဘယ်လိုဆက်စပ်နေသလဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြချင်ပါတယ်။
မြန်မာအမျိုးသားတွေ အတွက် ပျမ်းမျှအရပ်က ၅ ပေ ၄.၈၃ လက်မ ဖြစ်ပြီး အမျိုးသမီးတွေအတွက် ပျမ်းမျှအရပ်က ၅ ပေ ၀.၇၇ လက်မ ဖြစ်ပါတယ်။ ပျမ်းမျှအရပ်ထက် ပိုရှည်တာဖြစ်ဖြစ်၊ ပိုပုတာဖြစ်ဖြစ် ကောင်းကျိုး၊ ဆိုးပြစ်တွေ ရှိနိုင်ပါတယ်။
(၁) ဆီးချိုရောဂါ
သုတေသနတွေအရ အရပ်ပုတဲ့သူတွေဟာ အမှတ် ၂ အမျိုးအစား ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမှတ် ၂ အမျိုးအစား ဆီးချိုဟာ ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း မရှိတော့လို့ ဖြစ်တာပါ။အရပ်ပုတဲ့သူတွေဟာ ငယ်စဉ်တည်းက အာဟာရ နည်းခဲ့တာနဲ့ ဇီဝကမ္မဖြစ်စဉ် ပြဿနာတွေကြောင့် ဖြစ်တာလို့ ယူဆကြပါတယ်။
(၂) နှလုံးရောဂါ
အရပ်ပုတဲ့သူတွေဟာ အရပ်ရှည်သူတွေထက် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးဘဝမှာပါ အာဟာရနည်းခဲ့တာ၊ ရောဂါပိုးဝင်ရောက်ခဲ့တာတွေကြောင့် ဖြစ်ပါတယ်။
(၃) လေဖြတ်ခြင်း
နှလုံးရောဂါ ဖြစ်နိုင်ခြေ များသလို လေဖြတ်နိုင်ခြေကလည်း အရပ်ပုတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။
(၄) အယ်လ်ဇိုင်းမား သတိမေ့ရောဂါ
သုတေသနတွေအရ အရပ်ရှည်တဲ့သူတွေဟာ အရပ်ပုတဲ့သူတွေထက် အယ်လ်ဇိုင်းမားသတိမေ့ရောဂါ ဖြစ်နိုင်ခြေ ၆၀% ပိုနည်းပါတယ်။
(၅) ကိုယ်ဝန်ဆောင်ခြင်း
အရပ်ပုတဲ့သူတွေဟာ လမစေ့ဘဲ မွေးနိုင်ခြေ ပိုများသလို တင်ပဆုံကွင်းကျဉ်းနိုင်တာကြောင့် သဘာဝအတိုင်း ရိုးရိုးမွေးဖွားနိုင်ဖို့လည်း ခက်ခဲတတ်ပါတယ်။
(၆) ထိပ်ပြောင်ခြင်း
အရပ်ပုတဲ့ အမျိုးသားတွေဟာ အရွယ်မတိုင်ခင် ဆံပင်ပါးပြီး ထိပ်ပြောင်နိုင်ခြေလည်း ပိုများပါတယ်။
(၇) သက်တမ်း
အရပ်ပုတဲ့သူတွေဟာ အရပ်ရှည်တဲ့သူတွေထက် သက်တမ်းပိုရှည်လေ့ ရှိပါတယ်။ အကြောင်းအရင်းကို တိတိကျကျ သေချာမသိရပေမယ့် ဆဲလ်တွေပျက်စီးနှုန်း၊ ဟော်မုန်းတွေရဲ့ အခြေအနေနဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ အရွယ်အစားကြောင့်လို့ ယူဆကြပါတယ်။
(၈) အပူဒဏ်ခံနိုင်ခြင်း
အရပ်ရှည်တဲ့သူတွေရဲ့ ခန္ဓာကိုယ်က အပူပိုထုတ်လုပ်တဲ့အတွက် အပူဒဏ်ကို ပိုခံရတတ်ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ အေးတဲ့ရာသီတွေမှာ အရပ်ရှည်သူတွေရဲ့ ခန္ဓာကိုယ်က နွေးနေတတ်ပြီး အရပ်ပုသူတွေက အအေးဒဏ် ပိုခံရတတ်ပါတယ်။
(၉) ကင်ဆာရောဂါ
အရပ်ရှည်သူတွေက ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အရပ်ရှည်တဲ့ အမျိုးသမီးတွေက သားဥအိမ်ကင်ဆာ ပိုဖြစ်နိုင်ပြီး အမျိုးသားတွေက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
(၁၀) ခါးနာရောဂါ
အရပ်ရှည်တဲ့သူတွေဟာ ကျောရိုးရှည်တဲ့အတွက် ခါးနာရောဂါ ပိုဖြစ်နိုင်ပါတယ်။
(၁၁) သွေးခဲပိတ်ရောဂါ
အကြောင်းရင်းကို သေချာမသိရပေမယ့် သွေးကြောတွေထဲမှာ သွေးခဲပိတ်နိုင်ခြေက အရပ်ရှည်တဲ့သူတွေမှာ ပိုများပါတယ်။ အထူးသဖြင့် ခြေထောက်သွေးကြောမှာ သွေးခဲပိတ်ပြီး တွန့်လိမ်ကောက်ကွေးတဲ့ သွေးကြောတွေ ဖောင်းနေတာမျိုး တွေ့ရတတ်ပါတယ်။
အရပ်ရှည်တဲ့သူမှာရော၊ အရပ်ပုတဲ့သူမှာရော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အလှအပအတွက်ပါဆိုရင်တော့ အရပ်မရှည်ရင်တောင် ပျမ်းမျှအရပ်လောက် ရှိရင် ရောဂါလည်း ကင်းပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစွာ လှပနိုင်မှာ အသေအချာပါပဲ။
Author: Dr.Yee Mon