နွေရာသီမှာ ပူပြင်းလာတာနဲ့အမျှ ယားယံပြီး နေရခက်စေတဲ့ မိတ်တွေလည်း
အပြင်လိုက် ထွက်လာကြတော့မှာပါ။ Heat rash လို့ခေါ်တဲ့ မိတ်တွေက ကလေးတွေမှာ ပိုအဖြစ်များပေမယ့် လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
မိတ်တွေဟာ အရေပြားမှာရှိတဲ့ ချွေးဂလင်းတွေ ပိတ်ဆို့လို့ ဖြစ်ရတာပါ။
• အရေပြားအပေါ်ဆုံးအလွှာက ချွေးဂလင်းတွေ ပိတ်ရင် အရည်ကြည်ဖု သေးသေးလေးတွေလို မိတ်တွေ ထွက်တတ်ပါတယ်။
• အရေပြားရဲ့ အောက်ဖက်မှာ ရှိတဲ့ ချွေးဂလင်းတွေ ပိတ်ရင် အနည်းငယ်ပိုကြီးတဲ့ အရည်ကြည်ဖုပုံစံနဲ့ နီရဲယားယံပြီး ရွစိရွစိ ခံစားရစေတဲ့ မိတ်တွေ ပေါက်နိုင်ပြီး ပိုးဝင်တဲ့အခါ အရေကြည်ဖုတွေမှာ ပြည်တည်လာတတ်ပါတယ်။
• အရေပြားရဲ့ အောက်ဆုံးအလွှာက ချွေးဂလင်းတွေ ပိတ်တာက အဖြစ်နည်းပြီး နီရဲရောင်ရမ်းကာ နာကျင်သလို ယားလည်းယားယံတဲ့ ကြက်သီးမွေးညင်းပုံစံ မိတ်တွေ ထွက်တတ်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
• ချွေးဂလင်းတွေ ကောင်းစွာ မဖွံဖြိုးသေးတဲ့ မွေးစကလေးငယ်တွေ
• ပူနွေးစိုစွတ်တဲ့ ဒေသမှာ နေရသူတွေ
• အမြဲ လှုပ်လှုပ်ရှားရှား နေပြီး ချွေးထွက်များသူတွေ
• အိပ်ယာထဲ ကြာရှည်စွာ လဲနေရပြီး အဖျားသွေးရှိသူတွေမှာ မိတ်ပေါက်နိုင်ပါတယ်။
မိတ်တွေဟာ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က အေးသွားရင် သက်သာသွားလေ့ ရှိပါတယ်။ ရက်တွေကြာတဲ့အထိ မသက်သာရင်၊ ပြည်တည်ပြီး ရောင်ရမ်းနာကျင်လာရင်၊ အဖျားရှိပြီး ပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
မိတ်တွေထွက်ပြီး ယားယံနေရင်…
• ရေပတ်ဝတ် သို့မဟုတ် ရေခဲနဲ့ မိနစ် ၂၀ ခန့် ကပ်ထားပေးပါ။
• ကုတ်ခြစ်တာမျိုး မလုပ်ဘဲ အသာအယာ ပွတ်တာမျိုးသာ လုပ်ပါ။ (ကုတ်ရင် အရေပြား ပေါက်ပြဲပြီး ပိုးဝင်နိုင်ပါတယ်)။
• ရနံ့ပါတဲ့ ရေချိုးဆပ်ပြာတွေ၊ cream တွေ မသုံးပါနဲ့။
• ဘာမီတွန်လို antihistamine ပါတဲ့ဆေးတွေကို သောက်သုံးနိုင်ပါတယ်။
• Calamine lotion ကို ခပ်ပါးပါးလိမ်းပေးတာကလည်း မိတ်တွေကို သက်သာစေပါတယ်။
• စတီးရွိုက်ပါတဲ့ hydrocortisone cream ကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးသင့်ပြီး ၁၀ နှစ်အောက် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ လုံးဝမသုံးသင့်ပါဘူး။
နွေရာသီမှာ မိတ်မထွက်အောင် ကာကွယ်ဖို့…
• ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် ချည်ထည်တွေ ဝတ်ဆင်ပါ။
• ချည်သား အိပ်ယာခင်းနဲ့ ခေါင်းအုံးတွေ အသုံးပြုပါ။
• ရေများများသောက်ပါ။
• ရေအေးအေးလေးနဲ့ ရေချိုးပါ။
• Aircon ဖွင့်ထားတဲ့အခန်း သို့မဟုတ် လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။
• အရမ်းပူနေချိန် ချွေးထွက်စေတဲ့ လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။
• ချွေးပေါက်ပိတ်စေမယ့် cream နဲ့ oinment တွေ လိမ်းခြင်းမှ ရှောင်ပါ။
အားလုံးပဲ အပူဒဏ်ကို အန်တုလို့ မိတ်ပြဿနာတွေ ပြေလည်နိုင်ကြပါစေနော်။
Author : Dr.Yee Mon