မေးခိုင်ရောဂါ ဆိုသည်မှာ
မြန်မာလိုတော့ မေးခိုင်ရောဂါ သို့မဟုတ် အရပ်အခေါ် သံဆိပ်သင့်တာလို့ ခေါ်လေ့ရှိပါတယ်။ မြေဆီတွေ မြေဆွေးတွေ၊ ဖုန်မှုန့်တွေ၊ သံချေးတွေထဲမှာ ပေါက်ပွားသော အောက်စီဂျင် မလိုဘဲ အသက်ရှင်နေထိုင်နိုင်တဲ့ Clostridium tetani လို့ခေါ်တဲ့ (anaerobic spores forming bacilli) ဘက်တီးရီးယားပိုးဝင်လို့ဖြစ်ရတာပါ။ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တဲ့ရောဂါ မဟုတ်ပါဘူး။
ဒီမေးခိုင်ရောဂါဟာ ကမ္ဘာအနှံမှာဖြစ်ပွားပါတယ်။ အထူးသဖြင့် ထိုဘက်တီးရီးယားတွေ ပေါက်ပွားနှုန်းမြင့်တဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ အဖြစ်များပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်းမှာ မေးခိုင်ရောဂါကြောင့် သေတဲ့သူအရေအတွက်ဟာ ၃၅၆၀၀၀ ရှိပါတယ်။ နောက်ပိုင်းကာကွယ်ဆေးတွေပေါ်လာတာတောင်၂၀၁၃ ခုနှစ်မှာ မေးခိုင်ရောဂါကြောင့် သေတဲ့အရေအတွက်ဟာ ၅၉၀၀၀ ထိရှိဆဲပါ။
ဒါဟာ ဘာကြောင့်လဲဆိုတော့ မေးခိုင်ရောဂါဟာ သံစူးလို့ဖြစ်တယ်လို့ပဲ အသိများကြတဲ့အတွက် လူအတော်များများဟာ သံစူးတာ အသားထဲတော်တော် နစ်ဝင်မှပဲ မေးခိုင်ကာကွယ်ဆေးထိုးဖို့ စိတ်ကူးမိကြပါတယ်။ လွဲမှားတဲ့ အယူအဆပါ။ ချေးတက်နေတဲ့ ညှောင့်စူး၊ သံစူးမိတာအပြင် ကြောင်ကုတ်၊ ခွေးကိုက်၊ မျောက်ကုတ်မိတာတွေကနေ တဆင့် ထိုဘက်တီးရီးယားများဟာ ပေါက်ပြဲနေတဲ့ အရေပြားကိုဖြတ်ပြီး ဝင်ရောက်တတ်ကြပါတယ်။
အနည်းဆုံး ပိုးရှိတဲ့ ချွန်သော အရာဝတ္ထုတွေနဲ့ အသာလေးခြစ်မိရင်တောင် မေးခိုင်ပိုး ဝင်နိုင်ပါတယ်။နောက်ပြီး တစ်ခုခုနဲ့ခိုက်မိခဲ့လို့ ပေါက်ပြဲဒဏ်ရာရှိနေတဲ့ ခြေ၊ လက်နဲ့ မေးခိုင်ပိုးရှိတဲ့ မြေဆွေး၊ ဖုန်တွေကို ကိုင်မိတာ၊ ထိမိရာကနေတဆင့်လည်း မေးခိုင်ရောဂါပိုး ဝင်တတ်ပါတယ်။ ကျွန်တော်တို့ဆီမှာ တစ်ခုထပ်ဆိုးတာက ကလေးတွေဆော့ကစားရာမှ ထိခိုက်ရှနာဖြစ်ပါက ဖုန်မှုန့်၊ နနွင်းမှုန့် စသည်တို့ကို ဒဏ်ရာအတွင်း သိပ်ထည့်တာ၊ သွားကိုက်လျှင် သွားကိုက်သော နေရာကို သံချောင်း အပ် စသည်တို့ဖြင့် ထိုးဆွတာတွေ၊ မွေးကာစကလေးငယ်၏ ချက်အတွင်းသို့ အမှုန့်မျိုးစုံ၊ ဆေးရွက်ကြီးတွေ ၊ဆေးတို့ဖတ်တွေ ထည့်သိပ်တာတွေ တော်တော် လုပ်ကြပါတယ်။ ဒါဟာမေးခိုင်ပိုး မဝင်ဝင်အောင် လုပ်နေသလိုပါပဲ။
မေးခိုင်ပိုး ခန္ဓာကိုယ်ထဲဝင်ရာကနေ ရောဂါလက္ခဏာပြဖို့ ထိခိုက်ဒဏ်ရာ ရရှိတဲ့နေရာပေါ် မူတည်ပြီး ၁၀ရက်ကနေ လအတော် ကြာတတ်ပါတယ်။ ဥပမာ ခြေထောက်မှာ သံစူးတာနဲ့ လက်မှာဖြစ်တာနဲ့ဆို လက်မှာသံစူးရာကနေ မေးခိုင်ပိုးဝင်တာက စောစောလက္ခဏာတွေပြတတ်ပါတယ်။
မေးခိုင်ရောဂါရဲ့ လက္ခဏာတွေကတော့ သူ့နာမည်အတိုင်းပဲ မေးခိုင်တာ (မေးရိုးမှာရှိတဲ့ကြွက်သားတွေတောင့်တင်းပြီး ပါးစပ်ကဟမရတာ) ၊ မျက်နှာမှာရှိတဲ့ ကြွက်သားတွေပါ တောင့်တင်းလာပြီး မျောက်မျက်နှာ (သို့မဟုတ်) စပ်ဖြဲဖြဲ မျက်နှာပုံစံ ဖြစ်လာတာတွေပါ။
မေးရိုးနဲ့ မျက်နှာကြွက်သားတွေ တောင့်ပြီးနောက်ပိုင်း လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ခါး၊ဝမ်းဗိုက်နဲ့ တင်ပါးမှာရှိတဲ့ ကြွက်သားတွေပါ တောင့်တင်းမာကြော လာတတ်ပါတယ်။ ခါးကကြွက်သားတွေ အရမ်းတောင့်တင်းလာတဲ့ အခါလူက ကော့လန်ကြီး ဖြစ်သွားတတ်ပါတယ်။ အရမ်းဆိုးရင် အသက်ရှူတဲ့နေရာမှာ အရေးကြီးတဲ့ ရင်ဝမ်းခြား ကြွက်သားပါ တောင့်တင်းလာတာမျိူး ဖြစ်ပြီး အသက်ရှူမရ ဖြစ်တတ်ပါတယ်။
ဒီလိုမျိူးတွေ ဘာလို့ဖြစ်လဲဆိုတော့ မေးခိုင်ပိုးက tetanospasmin နဲ့ tetanolysin ဆိုပြီးအဆိပ်နှစ်မျိူးကို ထုတ်ပါတယ်။ အဲ့ထဲကမှ tetanospasmin အဆိပ်ဟာ အာရုံကြော တလျှောက်သွားပြီး ကြွက်သားတွေရဲ့ပြေလျော့မှု (muscle relaxation) ဖြစ်စေတဲ့ ထိန်းချူပ်မှုတွေကို တားဆီးတဲ့အတွက် ကြွက်သားတွေ ပြေလျှော့ချိန်မရှိတော့ဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းလာတာပါ။
ဒီလိုဖြစ်တာ ပြင်းထန်ရင် ကြွက်သားတွေစုတ်ပြဲပြီး အရိုးတွေ ကျိူးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။တခြားလက္ခဏာတွေအနေနဲ့ သွားရည်တွေ တမြားမြားကျတာ၊ ချွေးတွေ အများကြီးထွက်တာ၊ ဖျားတာ၊ ဆီး၊ ဝမ်း မထိန်းနိုင်တာ စသဖြင့်လည်း ဖြစ်တတ်ပါတယ်။
ဒီလိုခံစားရတာက လေးပတ် (တစ်လ) လောက်အထိ ကြာနိုင်ပါတယ်။ လုံးဝပြန်ကောင်းဖို့ဆိုရင်တော့ လပေါင်းများစွာ ကြာနိုင်ပါတယ်။ များသောအားဖြင့် မကုသဘဲထားရင် လေးရက်အတွင်း သေနိုင်ပါတယ်
မေးခိုင်ရောဂါကို Generalized Tetanus တစ်ကိုယ်လုံးဖြစ်သောမေးခိုင် ၊ Local Tetanus ခိုက်မိသောနေရာပတ်လည်မှာ တင်ဖြစ်သောမေးခိုင် ဆိုပြီး အကြမ်းအားဖြင့် နှစ်မျိူး ခွဲခြားနိုင်ပါတယ်။
Generalized Tetanus ကတော့ အထက်ကပြောတဲ့အတိုင်းတွေဖြစ်တာပါ။
Local Tetanus ကတော့ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ တောင့်တာမဖြစ်ဘဲ ဒဏ်ရာနားတဝိုက်က ကြွက်သားတွေပဲ ဖြစ်တာပါ။ သို့သော် ဒီအမျိူးအစားက ဖြစ်တာရှားပါတယ်။
မေးခိုင်ရောဂါရဲ့ ၈၀ ရာနှုန်းကျော်က Generalized Tetanus အမျိူးအစားပါ။
Neonatal Tetanus မွေးကင်းစကလေးတွေမှာ ဖြစ်သော မေးခိုင်ရောဂါ အမျိူးအစားလည်းရှိပါတယ်။ လက္ခဏာတွေကတော့ Generalized Tetanus နဲ့တူတူပါပဲ။ မွေးကင်းစမှာ ဘယ်လိုကြောင့်ဖြစ်သလဲဆိုရင် မွေးပြီးလို့ ချက်ကြိုးဖြတ်တဲ့အခါမှာ သုံးတဲ့ကိရိယာမသန့်ရင်၊ ချက်ကြိုးချည်တဲ့ကြိုးတွေမသန့်လို့ရှိရင်၊ ဒါ့အပြင် အထက်မှာပြောခဲ့တဲ့အတိုင်း မွေးကင်းစကလေးငယ်ရဲ့ ချက်ထဲကို ဟိုအမှုန့် ဒီအမှုန့်တွေထည့်ရင်၊ မိခင်ကလည်း ကိုယ်ဝန်ဆောင်စဉ်မှာ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင်မထိုးထားရင် မွေးကင်းစကလေးမှာ မေးခိုင်ပိုးဝင်နိုင်ပါတယ်။ အထူးသဖြင့် အိမ်မှာ လက်သည်နဲ့ ခေါ်မွေးတဲ့အခါမျိူးမှာ မေးခိုင်ပိုး ဝင်နိုင်ခြေ ပိုများပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင်မေးခိုင်ရောဂါဖြစ်ပြီဆိုပါက သေချာကုသတာတောင် ဖြစ်တဲ့သူအယောက် ၁၀၀ မှာ ၁၀ ယောက်နီးပါး အသက်ဆုံးရှုံးတာမျိူးရှိတာရယ်၊ သက်သာတယ်ဆိုရင်တောင်မှ လုံးဝပြန်ကောင်းဖို့အတွက်ကတော့ လပေါင်းများစွာ ကြာနိုင်တာရယ်ကြောင့် ဖြစ်မှကုသတာထက် မဖြစ်အောင်ကြိုတင်ကာကွယ်ရပါမယ်။
ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကတော့ မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် ဒဏ်ရာတစ်ခုရပါက ရေနဲ့ဆပ်ပြာနဲ့သေချာဆေးပါ။ ထို့နောက် ဘီတာဒိုင်း အရပ်ခေါ် ဆေးနီရည်ထည့်ပါ။ တခြားဘာမှလျှောက်မသိပ်ပါနဲ့။ ပြီးရင်ဆေးခန်းမှာ မေးခိုင်ကာကွယ်ဆေး ချက်ချင်းထိုးပါ။
နောက်ကိုယ်ဝန်ဆောင်ချိန်မှာလည်း မေးခိုင်ကာကွယ်ဆေးအနည်းဆုံးနှစ်ကြိမ်ပြည့်အောင်ထိုးပါ။ ဖြစ်နိုင်ရင် အိမ်မှာမမွေးဘဲ ဆေးရုံမှာပဲ မွေးစေချင်ပါတယ်။ မွေးကင်းစကလေးရဲ့ ချက်ထဲကိုလည်း ဘာမှမထည့်ပါနဲ့။
Author : Dr. 528