ထုံကျဉ်မှု
ကိုယ်ခန္ဓာ အစိတ်အပိုင်းအချို့မှာ ထုံကျဉ်မှု ဝေဒနာကို လူတိုင်းခံစားရဖူးပါတယ်။ ပုံမှန်အားဖြင့် ခြေ၊လက်၊ လက်မောင်းနှင့် ခြေထောက်တွေမှာ ပိုမိုခံစားရလေ့ရှိပါတယ်။ အချိန်အတန်ကြာ ခြေချိတ်ထိုင်နေစဉ် သို့မဟုတ် လဲလျောင်းနေစဉ် လက်မောင်းထုံကျဉ် စသည်တို့ ဖြစ်ပါတယ်။ ထုံကျဉ်နာမှုသည် အမြဲတစေ အချိန်အတန်ကြာဖြစ်လေ့ရှိသော် အကြောင်းရင်းရောဂါကို ရှာဖွေသင့်ပါတယ်။
(၁)ဖြစ်နိုင်သောအကြောင်းရင်းများမှာ
ရောဂါအချို့ကြောင့်လည်း ဖြစ်နိုင်သလို မိမိနေထိုင်မှုပုံစံ ဥပမာ ခြေထောက်ချိတ်ထိုင်ခြင်း၊ တနေရာတည်း ပုံစံတမျိုးတည်း ထိုင်၊ ထခြင်းနှင့် လက်မောင်းပေါ်တွင် ခေါင်းအုံးအိပ်ခြင်း အဆိုပါ အခြေအနေတွင် သွေးလည်ပတ်မှု ပြတ်တောက်သောကြောင့် ထုံကျဉ်လာတတ်ပါတယ်။ အခြားသော အခြေအနေများမှာ ပိုးမွှားကိုက်ခံရခြင်း၊ အစာမှားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဓါတ်ရောင်ခြည်ထိခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်B12၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်နှင့် ဆိုဒီယမ်ဓာတ် ချို့ယွင်းမှု ရှိခဲ့လျှင်လည်း ထုံကျဉ်တတ်ပါတယ်။
ကျောရိုးအဆစ် ကျွံထွက်ခြင်းကြောင့် လည်ပင်းအာရုံကြော ထိခိုက်လျှင် ထုံကျဉ်တတ်ပါသည်။ အာရုံကြောပေါ် ဖိထားသောအခြေအနေများ carpal tunnel syndrome၊ အမာရွတ်၊ သွေးကြောကြီးလာခြင်း၊ ပိုးကူးစက်ခြင်း၊ အလုံးအကျိတ်ဖြစ်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ ထုံကျဉ်မှု ဖြစ်စေသော ရောဂါများကတော့ ဆီးချိုရောဂါ၊ သွေးကြောကျဉ်း ရောဂါများ၊ အတက်ရောဂါများ၊ သိုင်းရွိုက်ရောဂါများနှင့် လေဖြတ်ခြင်း စသည်တို့ပင် ဖြစ်ပါတယ်။ အရေပြားရောဂါ အချို့ကြောင့်လည်း ထုံကျဉ်တတ်ပါတယ်။
(၂) လက္ခဏာများကတော့
အနေအထားကြောင့် ထုံကျဉ်မှုသည် မိနစ်အနည်းငယ်အတွင်း သက်သာပါသည်။ ထုံကျဉ်မှုအပြင် မူးမော၊ ကြွက်သားနာ၊ လမ်းလျောက်မကောင်းဖြစ်ခဲ့လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျောရိုး၊လည်ပင်းနှင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရပြီး ထုံကျင်ပြီး လမ်းမလျောက်နိုင် သတိမေ့စသည့်အခြေအနေသည် အမြန်ဆုံး ကုသရမည့် အခြေအနေ ဖြစ်ပါတယ်။ ထုံကျဉ်မှုအပြင် အခြားသော အမြင်အာရုံ၊ စကားပြောလေးလံမှု၊ ကြွက်သားအားနည်းမှု စသည်တို့ပါ ခံစားရနိုင်ပါတယ်။
(၃)ရောဂါရှာဖွေမှု
ထုံကျဉ်မှုတခု ခံစားရလျှင် အခြားသော ဆက်စပ်ခံစားမှု လက္ခဏာများပေါ် မူတည်၍ ရှာဖွေကုသသင့်ပါတယ်။ ဖြစ်နိုင်ချေရှိသော လက္ခဏာများပေါ် မူတည်၍ သွေးစစ်ခြင်း၊ ဓာတ်များစစ်ခြင်း၊ သိုင်ရွိုက်စစ်ခြင်း၊ အာရုံကြောစစ်ခြင်းများ ပြုလုပ်သင့်ပါတယ်။ ဓာတ်မှန်ရိုက်ခြင်း၊ CTရိုက်ခြင်း၊ MRIရိုက်ခြင်း၊ အတ်ထရာဆောင်းရိုက်ခြင်း စသည်ဖြင့် ရောဂါရှာဖွေရပါမည်။
(၄)ကုသနည်းများကတော့ ထုံကျဉ်နာ ဖြစ်စေသော အကြောင်းရင်းများပေါ် မူတည်၍ ကုသသင့်ပါတယ်။
(၅)နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ထုံကျဉ်မှု ခံစားနေရသော ကိုယ်ခန္ဓာအစိတ်အပိုင်းသည် ပူခြင်း၊ အေးခြင်း မခံစားရသောကြောင့် ဒဏ်ရာရလွယ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရလွယ်ပါတယ်။ထို့ကြောင့် ထုံကျဉ်မှု ခံစားရလျှင် လွယ်လွယ် သဘောမထားဘဲ အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။
Author : Dr. ပြည့်ရှင်း