အသားအရေ လှပစေဖို့
အသားအရေဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ မိမိရဲ့ ပင်ကိုယ် ရုပ်ရည် မလှပနေရင်တောင် အသားအရေ လှပနေတဲ့အခါ ကြည့်လို့ လှသွားတတ်ပါတယ်။ ဒါ့အပြင် အသားအရေကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ခန့်မှန်းနိုင်သလို အမူအကျင့်တွေကိုလည်း ခန့်မှန်းလို့ ရပါတယ်။ အသားအရေ ဆိုတဲ့ နေရာမှာ လူအများဆုံး ပထမ ကြည့်မိတာက မျက်နှာကိုပါ။ အဲဒီအတွက် မျက်နှာ အသားအရည် လှပစေဖို့ ဆောင်ရန် ရှောင်ရန်တွေကို ဒီဆောင်းပါးလေးမှာ ပြောပြချင်ပါတယ်။
တစ်နေ့တာလုံးအတွက် မိတ်ကပ်တွေ လိမ်းကျံပြီး လှုပ်ရှားသွားလာနေပေမယ့် ညဖက်ရောက်ရင် မျက်နှာသစ်ပြီး မိတ်ကပ်ဖျက်ပြီးမှ အိပ်ပါ။ တချို့က ဘာမှ မလိမ်းလို့ ဘာမှ ဖျက်စရာ မလိုဘူးလို့ တွေးတတ်ပါတယ်။ ဒါပေမယ့် သင်မမြင်နိုင်တဲ့ ပိုးမွှားတွေ အညစ်အကြေးတွေက မျက်နှာ အရေပြားမှာ ကပ်ညှိလို့ နေတတ်ပါတယ်။
မျက်နှာပေါ်က အရေပြားတွေဟာ ညဖက်မှာ အသစ်အသစ်တွေဖြစ်လေ့ ရှိပါတယ်။ သင်မိတ်ကပ်မဖျက်ထားတဲ့ အချိန်မှာ ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံတွေ အမဲစက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး အိပ်သင့်ပါတယ်။
နောက်တစ်ခုကတော့ နေရောင်ပါ။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေ အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် တင်းတိတ်တွေ အမဲစက်တွေကိုလည်း ဖြစ်ပေါ်စေတတ်လို့ နေ့အချိန်မှာ အပြင်ထွက်မယ်ဆိုရင် SPF 15 ပါတဲ့ နေရောင်ကာ လိုးရှင်းလိုမျိုးတွေ လူးပေးသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများတဲ့ ကမ်းခြေလို နေရာမျိုးသွားရင် ပိုတောင် သတိထားသင့်ပါသေးတယ်။
တချို့ကျ ဒီနေ့ တိမ်ထူတာပဲ နေမှ မပူတာဆိုပြီး မလိမ်းတာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုတွေ မလုပ်သင့်ပါဘူး။ တိမ်ထူပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်တွေက ရှိနေတုန်းပါ။ ဒါကြောင့် နေပူထဲသွားရင် မဖြစ်မနေ SPF ပါတဲ့ Suncream တွေကို လူးသင့်ပါတယ်။
လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ သွေးလည်ပတ်မှုတွေ ကောင်းသွားတဲ့ အတွက် မကောင်းတဲ့ အဆိပ်အတောက် တွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် သင့်မျက်နှာလေးကို ကြည်လင် တောက်ပစေမှာပါ။
အသားအရေ လှပစေဖို့ဆိုရင် အိပ်ချိန်မှန်ဖို့လည်း လိုပါတယ်။ တစ်နေ့ကို အိပ်ချိန် ၈ နာရီလောက် ရှိသင့်ပါတယ်။ အိပ်ချိန်နည်းတဲ့အခါမှာ အရေပြားဆဲလ်တွေဟာ ပင်ပန်းနွမ်းနယ်ပြီး အိုမင်းရင့်ရော်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် ၈ နာရီလောက်ထားခြင်းဟာ အသားရေကို လှပစေရုံသာမက သင့်ကို လန်းဆန်းတက်ကြွနေစေမှာပါ။
နောက်ထပ် အရေးကြီးတာ တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ရေပါ။ ရေဟာ သက်ရှိတွေ ကျန်းမာအသက်ရှည်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ရေမရှိတဲ့ အခါမှာ ဆဲလ်တွေဟာ ကျုံပြီး သေဆုံးမှုတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် အသားအရေတွေ မွဲခြောက်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေဖြစ်တာ ၊ အရေးအကြောင်းဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေ လှဖို့ဆိုရင် ရေကို တစ်နေ့ကို ၈ ခွက်လောက် မဖြစ်မနေ သောက်သင့်ပါတယ်။
အဆီအစိမ့်တွေ အစားများခြင်း ၊ အပူအစပ်တွေ အစားများခြင်းဟာလည်း ဝက်ခြံတွေ ဆားဝက်ခြံတွေကို ပိုဖြစ်စေတဲ့အတွက် အဆီအစိမ့်တွေကိုလည်း လျော့စားသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကို စားသုံးပေးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ antioxidant ဓာတ်တွေကို ရနိုင်သလို အဲဒီ ဟင်းသီးဟင်းရွက်တွေ အရွက်တွေက ရတဲ့ ဗီတာမင် အေ ဓာတ်တွေကလည်း သင့်အသားအရေကို ပိုမိုလှပစေမှာပါ။
Author : Dr. မေ